SarPhat Author
အဟောင်းလေးပါပဲ
"ခြံစည်းရိုးလေးမခိုင့်တခိုင် "
*******************************
" ဟွန်း...မပြောလိုက်ချင်ဘူး...ကံတရားများ မတွေ့ချင်ပါဘူးဆိုမှ တည့်
တည့်တိုးရတယ်လို့...မဖြစ်ပါဘူး ဘယ်တော့မှ မတွေ့ရအောင်ဒီအိမ်ကိုရောင်းပစ်ပြီး အိမ်ပြောင်းပစ်မှကိုအေးမှာပါ..."
မချိုသည် လက်ထဲမှ စျေးခြင်းကိုဆောင့်ဆောင့်အောင့်အောင့်ချလိုက်ပြီး နီးစပ်ရာခုံတွင်ဝင်ထိုင်လိုက်ကာ နှုတ်မှမကျေမနပ်နှင့်ပြောဆိုလိုက်လေသည်။
ကိုသိန်းမှာ ဇနီးဖြစ်သူ မချိုကိုကြည့်ပြီး လက်ထဲမှလယ်ဂျာစာအုပ်ကို ခုံပေါ်သို့ချလိုက်ကာ
"မင်းမလဲ စျေးထဲသွားပြီး ဘယ်သူနဲ့များရန်ဖြစ်စကားများလာပြန်ပြီလဲကွာ..."
ကိုသိန်း၏စကားကြောင့် မချိုသည် ကိုသိန်းကိုမျက်စောင်းတစ်ချက်ဒိုင်းခနဲထိုးပစ်လိုက်သည့်အပြင် ကိုသိန်းကိုလှည့်၍ရန်လုပ်လိုက်လေသည်။
" ဘာရှင့်...ရှင်ပြောပုံက မသိရင် ကျွန်မကပဲလူတကာနဲ့လိုက်ရန်ဖြစ်နေတဲ့ပုံပဲ...ဒီမှာ ဟိုဘက်ခြံကဟာတွေနဲ့စျေးထဲမှာတည့်တည့်တိုးလာလို့ ဒေါသထွက်နေတာသိရဲ့လား...အေးနော် တစ်ခါတည်းမှာထားမယ်...ရှင်ရောကလေးတွေပါ...အဲ့ဒီအိမ်ကဟာတွေနဲ့ကျွန်မ မသိအောင် ရှုပ်ရှုပ်ယှက်ယှက်လုပ်ရဲလုပ်ကြည့်....သိတာနဲ့ရှင်တို့သားအဖတွေကို အိမ်ပေါ်ကမောင်းချမယ်မှတ်..."
မချို၏ အပြောကြောင့် ကိုသိန်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက်ပုံနှင့်ထပြောလိုက်လေသည်။
" မင်းကွာ ပြောလိုက်ရင် တစ်ဆုံးပဲ...ပြီးတော့ မင်းပဲ မနေနိုင်မထိုင်နိုင်သွားခေါ်မှာ မဟုတ်လား...ငါတို့သားအဖတွေက ပြတ်နိုင်တယ်...မပြတ်နိုင်တာကမင်း မချိုရဲ့ မင်း..."
" အို...တော်စမ်းပါ ကိုသိန်းရယ်...ပြတ်သမှသိပ်ပြတ်...ဒီတစ်ခါတော့ သေခန်းပြတ်ပဲသိရဲ့လာ...သူတို့သေလည်းကျွန်မ မသွားဘူး...ကျွန်မသေလည်း သူတို့ကိုအလာမခံနဲ့ ဒါပဲ.. "
ဒေါနှင့်မောနှင့်ပြောလိုက်သော မချို၏အပြောကြောင့် ကိုသိန်းသည် ခေါင်းကိုစိတ်ပျက်လက်ပျက်ပုံနှင့်ခါယမ်းလိုက်လေသည်။
.****************
ကိုစိုးသည် မော်တော်ဆိုင်ကယ်အစုတ်လေးကို ခြံထောင့်တွင်ထိုးရပ်လိုက်ပြီး "တက် " တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။
ကိုစိုး၏ "တက် "ခေါက်သံကြောင့် ဇနီးဖြစ်သူမမိုးက လက်ထဲမှ စျေးခြင်းကိုချလိုက်ပြီး ကိုစိုးဘေးတွင် ခပ်ဆောင့်ဆောင့်ထိုင်ချလိုက်သလို နှုတ်မှလည်း မကျေမချမ်းပြောဆိုလိုက်လေသည်။
" အခုမှတက်ခေါက်မနေနဲ့ တွေ့တယ်မဟုတ်လား ရှင့်ညီမအချိုး...ယောကျ်ားကရှာနိုင်ဖွေနိုင်တော့ စီးပွားလေးတက်လာတာနဲ့ ...အောက်ခြေလွတ်နေတာလေ...အကြီးကိုအကြီးမှန်းမသိဘူး...ရှိတာမှဒီမောင်နှမလေးနှစ်ယောက်ကို သူကများ မခေါ်နိုင်မပြောနိုင်နဲ့...."
" ဟာကွာ...တော်စမ်းပါ မိန်းမရာ...ဘာမောင်နှမလဲ... နောက်တစ်ခါ အဲ့ဟာမလေးအကြောင်း လုံးဝမပြောနဲ့ မကြားချင်ဘူး..."
" မပြောဘူးတော်ရေ...မပြောဘူး...ကျုပ်ကလည်းပြောချင်လွန်းလို့ပြောနေတာမဟုတ်ဘူး...တစ်သက်လုံးပြတ်နိုင်ကြတာမဟုတ်ဘဲ သူစိမ်းဝမ်းသာအောင် အပိုတွေလုပ်ပြနေလို့ပြောနေရတာ..."
မမိုးပြောမည်ဆိုလျှင်လည်း ပြောချင်စရာပေ။ကိုစိုးနှင့်မချိုသည် အသက်နှစ်နှစ်သာကွာသော အထက်အောက်မောင်နှမအရင်းများ ဖြစ်ကြလေသည်။မိဘများဆုံးသွားပြီးသည့်နောက် မောင်နှမနှစ်ယောက် မတည့်အတူနေလာခဲရာမှအိမ်ထောင် အသီးသီးကျသွားကြလေသည်။အိမ်ထောင်ကျပြီးသွားကြသည့်အခါ ကိုစိုးသည် ကုန်ခြောက်ဆိုင်လေးဖွင့်ပြီး စီးပွားရေးချောင်လည်သည်ဆိုရုံသာရှိသော်လည်း မချို၏ခင်ပွန်းကိုသိန်းမှာ ငွေကြေးအဆင်ပြေသော မိသားစုမှဆင်းသက်လာသူဖြစ်သောကြောင့် မချိုတို့ဇနီးမောင်နှံသည် ကိုစိုးတို့ဇနီးမောင်နှံထက် စီးပွားရေးပို၍ အဆင်ပြေချောင်လည်လေ၏။သို့အတွက်ကြောင့် မချိုသည် အနည်းငယ်မျှ ငွေဂုဏ်မောက်လေသည်။သို့သော် သည်အထိမှာ ကိုစိုးနှင့်မချိုအတွက် ကြီးကျယ်သော ပြဿနာမဟုတ်ဘဲ တကယ့်ပြဿနာကြီးမှာ ယခင်နှစ်ဆောင်းဦးပေါက်ကာလတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်လေသည်။ဖြစ်ပုံမှာလည်း မချိုကမိဘထားခဲ့သော အိမ်ကလေးကိုပြင်ဆောက်ရန်ပြောသည်မှအစပြု၍ မောင်နှမနှစ်ယောက် အချေအတင်စကားများရာမှ အကြီးအကျယ်စကားများရန်ဖြစ်သည့်အဆင့်သို့ရောက်ခဲ့ကြလေသည်။ထို့ကြောင့် နောက်ဆုံးတွင် ရပ်ကွက်လူကြီးများခေါ်ကာ မိဘအမွေဆိုင်ခြံလေးကို နှစ်ခြမ်းခွဲလိုက်ပြီး အလယ်မှခြံစည်းရုံးခတ်လိုက်သည်အထိပင်ဖြစ်ခဲ့ကြလေသည်။ထိုနေ့မှစ၍ ကိုစိုးနှင့်မချိုတို့ မောင်နှမနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းမဆိုင်နိုင်လောက်အောင်ပင် မုန်းတီးနေကြကာ အိမ်နှစ်အိမ်ကြားမှခြံစည်းရိုးကို သွပ်များဖြင့်ကာရုံမျှမက လမ်း၌ မတော်တဆဆုံမိကြလျှင်ပင် ချာခနဲကျောခိုင်းပစ်လိုက်ကြသည်အထိဖြစ်ခဲ့ကြလေသည်။
*****************
ကိုစိုးတစ်ယောက်လက်ထဲမှ ခြင်းတောင်းကြီးကိုမနိုင်မနင်းဆွဲ၍ အိမ်ဆိုင်အတွက်ကုန်ပစ္စည်းများကိုဝယ်ခြမ်းနေရလေသည်။လူကသာ စျေးဝယ်နေရသော်လည်း စိတ်ထဲ၌ စျေးအပြင်တွင်ရပ်ထားခဲ့သော ဆိုင်ကယ်လေးကိုစိတ်မချနိုင်ဖြစ်ကာ စျေးကိုခပ်မြန်မြန်ခပ်သုတ်သုတ်ဝယ်နေရလေသည်။ထိုစဥ်မှာပင် စျေးထဲသို့ဝင်လာသောလူတစ်စုထံမှ ဆူဆူညံညံအသံများကြားလိုက်ရသောကြောင့် ကိုစိုးလှမ်း၍မေးမြန်းလိုက်လေသည်။
" ဆူညံဆူညံနဲ့ဘာတွေဖြစ်လာကြတာလဲ...စျေးထဲသူခိုးတွေဘာတွေ တွေ့လို့လားဗျ... "
" မဟုတ်ပါဘူးရှင်...စျေးထိပ်ကားလမ်းမှာ ဆိုင်ကယ်နဲ့ကားတိုတ်လို့ ဆိုင်ကယ်ပေါ်ကလင်မယားတော့ အခြေအနေမကောင်းဘူးတဲ့...သိတဲ့သူတွေပြောတာတော့ ဆိုင်ကယ်နဲ့လင်မယားက နှင်းဆီမြိုင်လမ်းကဆိုလားပဲ...."
" ဘယ်လို....နှင်းဆီမြိုင်လမ်းက လင်းမယားဟုတ်လား....ဘုရား...ဘုရား... ...မဟုတ်ပါစေနဲ့ဘုရား..."
နှင်းဆီမြိုင်လမ်းဆိုသော စကားကိုကြားသည်နှင့်ကိုစိုးသည် လက်ထဲမှစျေးခြင်းကို ပစ်ချခဲ့ပြီး
စျေးထိပ်ကားလမ်းဘက်ဆီသို့ အရူးတစ်ယောက်ပမာရေရွတ်ပြောဆိုပြီး ဒရောသောပါးပြေးထွက်ခဲ့လေသည်။
ကိုစိုးသည် ကမူးရှူးထိုးနှင့်ပြေးလာပြီးနောက် စျေးထိပ်ကားလမ်းမသို့ရောက်သည့်အခါ တုန်ယင်နေသော ခြေလှမ်းများဖြင့် လူအုပ်ကြားထဲသို့ တိုးဝှေ့ကြည့်ရှုလိုက်လေသည်။
-------------
" မုန်းဟင်းခါးနှစ်ပွဲ...အိုးဘဲဥ...ငါးဖယ်၊ဗူးသီးကြော်အစုံထည့်မယ်..."
" ရပြီ မချိုရေ... ရပြီ..."
မချိုနှင့်ကိုသိန်းတို့ ဇနီးမောင်နှံနှစ်ယောက် မုန်းဟင်းခါးစားနေစဥ်မှာပင် ဆိုင်ထဲသို့ လူများထပ်မံဝင်ရောက်လာပြီး
စကားသံများဆူညံစွာထွက်ပေါ်လာလေသည်။
" မြင်ရတွေ့ရတာ ရင်တွေတုန်လိုက်တာဟယ်..."
" အေးဟယ်...သနားပါတယ်...ကြည့်ရတာ နှစ်ယောက်လုံး အခြေအနေကောင်းပုံမရဘူး...."
" လူမပြောနဲ့ ဆိုင်ကယ်တောင် စုတ်ပြတ်သတ်သွားတဲ့ဟာ...ဒါနဲ့ဘယ်ကများလဲမသိဘူးနော်... မိသားစုတွေ သိသေးမယ်မထင်ဘူး..."
" ပြောနေသံကြားတာတော့ နှင်းဆီမြိုင်လမ်းကဆိုလားပဲ....သနားပါတယ်ဟယ်..."
မချိုသည် မုန့်စားနေရင်းမှ နှင်းဆီမြိုင်လမ်းဆိုသောနာမည်ကြောင့် စကားပြောနေသော အမျိုးသမီးများကိုလှမ်း၍ မေးကြည့်လိုက်လေသည်။
" နှင်းဆီမြိုင်လမ်းလို့ ကြားလိုက်လို ဘာဖြစ်လို့လဲဟင်..."
" သြော်...လမ်းထိပ်မှာ ကားနဲ့ဆိုင်ကယ်နဲ့တိုတ်တာလေ...ဆိုင်ကယ်နဲ့လင်မယားကနှင်းဆီမြိုင်လမ်းထဲကလို့ ပြောသံကြားလို့...လင်မယားနှစ်ယောက်လုံး အခြေအနေသိပ်မကောင်းဘူးလေ..."
"ရှင်...ကားနဲ့ဆိုင်ကယ်နဲတိုတ်လို့ဟုတ်လား....ဆိုင်ကယ်က...နှင်းဆီမြိုင်လမ်းထဲကတဲ့လား....သေ...သေချာလားရှင် နှင်းဆီမြိုင်လမ်းထဲကဆိုတာ...အမလေး ဘုရား...ဘုရား...မဟုတ်ပါစေနဲ့ဘုရား..."
မချိုသည် နှင်းဆီမြိုင်လမ်းဆိုသောအသံကိုကြားသည်နှင့် လက်ထဲမှ မုန့်ဟင်းခါးပန်းကန်ကိုပစ်ချခဲ့ပြီး စျေးထိပ်ဘက်သို့ အူယားဖားယားပြေးထွက်သွားလေသည်။
-------------
ကိုစိုးသည် စျေးထဲမှကမူးရှူးပြေးထွက်လာပြီးနောက် ဝိုင်းအုံနေသောလူအုပ်ထဲသို့ အတင်းကားရားတိုးဝင်ပြီးကြည့်ရှုလိုက်ရာ တစ်ဘက်ခြမ်းမှ လူအုပ်ထဲဇွတ်တိုးဝင်လာသော မချိုနှင့် မျက်နှာချင်းဆိုင်တည့်တည့်တိုးကြလေ၏။ထိုအခါကိုစိုးနှင့်မချိုတို့နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက်ခပ်စူးစူးစိုက်ကြည့်နေကြပြီးနောက် ချာခနဲနေအောင် ကျောခိုင်းပစ်လိုက်ကြပြီး အသီးသီးကိုယ့်နေရာကိုယ်ပြန်ခဲ့ကြလေသည်။
****************
" လေတွေကလည်းတိုတ်လိုက်တာ ကိုသိန်းရယ်...ကျွန်မကြောက်တောင်ကြောက်လာပြီ..."
မချိုသည်ပြောပြောဆိုဆိုနှင့် ယောကျ်ားဖြစ်သူနှင့်ကလေးနှစ်ယောက်ဘေးတွင်ကပ်ထိုင်လိုက်လေ၏။မချို ကြောက်မည်ဆိုလည်း ကြောက်စရာကောင်းလောက်အောင် အိမ်အပြင်၌ မိုးဦးလေဦးကခပ်ကြမ်းကြမ်းတိုတ်ခတ်နေလေသည်။မချိုသည် မိုးလေးတိုတ်လျှင် ကြောက်တတ်သူဖြစ်သောကြောင့် ယခင်ကဆိုလျှင် မိုးတွေလေတွေခပ်ကြမ်းကြမ်း
တိုတ်သည်နှင့် ခင်ပွန်းသည်ရှိပင်ရှိငြားအစ်ကိုဖြစ်သူနားသို့အပြေးကပ်တတ်သူဖြစ်လေသည်။ယခုအခါ၌မူ အိမ်ခွဲ၍နေလိုက်ပြီဖြစ်သောကြောင့် မိသားစုမှာလည်း ဟိုယခင်ကလိုမများလှသောကြောင့် မချိုမှာအကြောက်ပိုနေမိလေသည်။
"ဒိန်း....ဂျိမ်း... ဂျိမ်း..."
" ဝရော...ရော..ရော"
" လေ...လေတွေက ပိုကြမ်းလာသလိုပဲနော် ကိုသိန်း...ကြောက်လိုက်တာရှင်..."
မချိုကြေက်သည်ဆို၍လားမသိ။လေသည်ပို၍ ခပ်ကြမ်းကြမ်းတိုတ်ခတ်လာလေသည်။အရေးထဲမှ မချိုတို့၏သားအကြီးလေးက သူစိတ်ထင်ရာကို ထ၍ပြောလေသည်။
" လေတွေကတအားတိုတ်နေတာပဲ...ဒီလိုသာဆက်တိုတ်နေရင်...ဘဘစိုးတို့အိမ်လေးပြိုသွားမလားမသိဘူးနော် ဖေဖေ..."
--------------
ကိုစိုးသည် အပြင်တွင် ခပ်ကြမ်းကြမ်းတိုတ်ခတ်နေသော မိုးလေများကိုကြည့်ကာ ထိုင်ရမလို၊ထရမလိုနှင့်ဂနာမငြိမ်ဖြစ်နေလေသည်။
မမိုးမှာ ဂနာမငြိမ်ဖြစ်နေသော ကိုစိုးကိုကြည့်ပြီး
" ဒီမှာ လာထိုင်နေပါကိုစိုးရယ် ရှင့်မလဲ.... ဘယ်လိုဖြစ်နေတာလဲ...ဒီလောက်နဲ့တော့ အိမ်မပြိုလောက်ဘူးထင်ပါတယ်..."
ကိုစိုးသည် ဇနီးဖြစ်သူမမိုး၏စကားကိုကြားဟန်မတူဘဲ မိုးတိုးမတ်တတ်ရပ်လျက် စိတ်မအေးနိုင်ဖြစ်နေလေသည်။ထိုကဲ့သို့ ဖြစ်နေစဥ်၌ အပြင်ဘက်မှ
လေသံမိုးသံများမှာ တဝုန်းဝုန်းတဒိုင်းဒိုင်းနှင့်ပို၍ပြင်းထန်လာလေသည်။မိုးသံလေသံများပိုပြင်ထန်လာလေ ကိုစိုးမှာဂနာမငြိမ်လေဖြစ်ကာ အိမ်၏ခြေရင်း ပြတင်းပေါက်နားတွင် လူးလာခေါက်ပြန်လျှေက်နေလေ၏။ထိုစဥ်မှာပင် အပြင်ဘက်မှ ဝုန်းခနဲ
မြည်သံနှင့်အတူ သစ်ကိုင်းများကျိုးကျသံကဲ့သို့ထွက်ပေါ်လာလေသည်။ထိုအသံကိုကြားသည်နှင့်တစ်ပြိုင်နက် ကိုစိုးသည် ခြေရင်းရှိပြတင်းတံခါးပေါက်ကို အလျှင်အမြန်ဆွဲဖွင့်လိုက်ပြီး ညီမဖြစ်သူ မချိုတို့အိမ်ကိုလှမ်း၍ ကြည့်လိုက်လေသည်။
မချိုသည် ခင်ပွန်းဖြစ်သူကိုသိန်းနှင့်ကလေးများ၏ဘေးတွင် ကုပ်ကုပ်လေးထိုင်နေရာမှ " ဝုန်းခနဲအသံနှင့်အတူသစ်ပင်လဲပြိုသောအသံကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အိမ်ခေါင်းရင်း ပြတင်းပေါက်ဆီသို့ အပြေးအလွှားသွားပြီး ပြတင်းပေါက်ကိုဖွင့်လိုက်လေသည်။
ကိုစိုးနှင့်မချိုတို့ မောင်နှမနှစ်ယောက်သား ပြတင်းဝတွင် အသီးသီးရပ်ကြည့်နေမိကြီပြီးနောက် နှစ်ယောက်လုံးထံမှ အသံပြိုင်တူထွက်လာလေသည်။
" မချို ညီမလေး နင်တအားကြောက်နေလား...အစ်ကိုတို့အိမ်မှာလာနေမလား..."
" အစ်ကို....လေတွေတအားတိုတ်နေတယ်...အစ်ကိုတို့အိမ်ကဟောင်းနေတော့ စိတ်မချရဘူး...
ကလေးတွေပါခေါ်ပြီး ...ညီမတို့အိမ်မှာလာနေလေ..."
" အေး...အေး...လာခဲ့မယ်ညီမလေး.."
ကိုစိုးနှင့်မချိုတို့မောင်နှမနှစ်ယောက်သား မိုးထဲလေထဲ၌ အပြန်အလှန်အော်ဟစ်ပြောဆိုနေစဥ်မှာပင် အိမ်နှစ်အိမ်ကြားမှခြံစည်းရိုးလေးမှာဝုန်းခနဲပြိုလဲကျသွားလေသည်။
*****************
ဧကြည်ဖြူ
Keep Reading