Author's Profile Photo

SarPhat Author

5/06/2024

အိုင်‌ဒီယာ ကုန်တယ်ဆိုတာမျိုး မဖြစ်အောင် Second Brain ကိုဆောင်

8 mins read
Life Style
Personal Development
General Knowledge
အိုင်‌ဒီယာ ကုန်တယ်ဆိုတာမျိုး 
မဖြစ်အောင် Second Brain ကိုဆောင်'s photo

ဦးနှောက်ကို တွေးဖို့မသုံးဘဲ
မှတ်တဲ့ နေရာမှာ သုံးနေသရွေ့

မေ့တတ်တဲ့ ကိစ္စတွေဆိုတာ
နေ့စဉ်ဓူဝ ကြုံတွေ့နေရမှာပါပဲ

လူသားတွေရဲ့ ဦးနှောက်ဆိုတာ
မလိုသေးတဲ့ ပစ္စည်းတွေ စုသိမ်းရတဲ့
စတိုခန်းမှ မဟုတ်တာ

ဦးနှောက်ဆိုတာ အသစ်ဝင်လာတဲ့
အချက်အလက်တွေနဲ့ ရှိပြီသား
ဗဟုသုတတွေ မိတ်ဆက်ရင်း

အတွေးချင်း ချိတ်ဆက်ရတဲ့
ပညာရဲ့ ဧည့်ခန်း

သက်ရှိအားလုံး နေထိုင်ကြတဲ့
ကမ္ဘာကြီးမှာ လူသားတွေပဲ
အုပ်စိုးထား နိုင်တာကိုက

စဉ်းစားတွေးခေါ်တတ်တဲ့
ဦးနှောက်ကြောင့်သာ မဟုတ်လား

သတင်းအချက်အလက် ဖောင်းပွလွန်းတဲ့
ဒီနေ့ခေတ်မှာ ပညာတွေသင်ရင်း

ဗဟုသုတတွေ ရှာဖြည့်ရင်းတောင်
အားရလောက်အောင် ထူးချွန်မလာတာက

ဦးနှောက်က သူ့အလုပ်သူ မလုပ်ရလို့
ဆန္ဒပြနေတာ ဖြစ်နေနိုင်ပါတယ်

အဲ့လိုနဲ့ တီထွင်ဖန်တီးနိုင်တဲ့ ဦးနှောက်က
အိုင်ဒီယာတွေ ကျကျပျောက်လာတော့

သူ့အစား မှတ်ပေးဖို့ ဒုတိယဦးနှောက်
ဆိုတာကို လိုအပ်လာတော့တယ်

ဒီနေရာမှာ ကိုယ့်ခေါင်းထဲ
နောက်ထပ် ဦးနှောက်ကြီးတစ်လုံး
ရောက်လာတာမျိုးတော့ မဟုတ်ဘူးပေါ့

Second Brain ဆိုတာ ကိုယ်ရလာတဲ့
အချက်အလက်တွေကို အရင်လို
ခေါင်းထဲ ပြွတ်သိပ်ထည့်မထားတော့ဘဲ

Digital note taking လုပ်လို့ရတဲ့
နေရာတစ်ခုခုမှာ မှတ်ထားတာကို ခေါ်တာပါ

စာအုပ်ထဲ မှတ်စုရေးမှတ်ထားသလိုမျိုးနဲ့
သဘောတရားချင်း တူပေမယ့်

ဘယ် Device နဲ့မဆိုချိတ်ဆက်ပြီး
ကိုယ်မှတ်ထားသမျှကို စက္ကန့်ပိုင်းအတွင်း
ပြန်ရယူနိုင်တာမျိုး

စာအုပ်မှာလို ‌အခေါက်ခေါက်အခါခါ
လှန်လှောရှာစရာ မလိုဘဲ

ကိုယ် ပြန်ရှာချင်တဲ့အရာကို
စကားလုံးလေး တစ်လုံးရိုက်ထည့်လိုက်တာနဲ့

တန်းစီပြီး လာပြပေးတော့တာမျိုး ကတော့
Second Brain ရဲ့ အားသာချက်ပါပဲ

Digital နည်းပညာကိုသာ
ကောင်းကောင်း အသုံးချတတ်ရင်

ဦးနှောက်မှာ မှတ်တာ သိမ်းတာတွေ
လုပ်စရာကို မလိုတော့တာမို့

တီထွင်ကြံဆတွေနဲ့ ဖန်တီးမှုသာ
ပိုပိုသာသာလေး ပြုလုပ်နိုင်လာပါလိမ့်မယ်

First Brain မှာ ကိစ္စတစ်ခုမေ့သွားရင်
ပြန်မှတ်မိလာဖို့ ခက်ခဲပေမဲ့

Second Brain မှာတော့
စိတ်ကူးစိတ်သန်းအသစ်တွေဆိုတာ

အချိန်နဲ့အမျှကို တိုး‌ပွားနေပြီး
ဘယ်ချိန်မဆို ပြန်ယူကြည့်လို့ ရနိုင်လို့

တစ်သက်လုံး လေ့လာမှတ်သားထားတဲ့
အရာမှန်သမျှကို စီမံခန့်ခွဲ နိုင်သွားတယ်

နောက်ပြီး Second Brain မှာ
မှတ်ထားသမျှကိုပြန်ကြည့်ရင်း
ကိုယ့်အကြောင်းသိနေတဲ့

သူတစ်ယောက်နဲ့ စကားပြောလိုက်
ရသလိုကို ခံစားရစေသေးတယ်

Second Brain ဆိုတာ
ကိုယ်ပိုင်ဥယျာဉ် လိုမျိုးပါပဲ

ကိုယ်သိစေချင်တဲ့ သူတိုင်းကို
ဥယျာဉ်ထဲ ခေါ်ပြလို့ရပေမယ့်

ပိုင်ရှင်ဟာ ကိုယ်ပဲ ဖြစ်တယ်
ဆိုတာ မေ့ထားလို့ မရပါဘူး

နောက်ပြီး ရေမြေကောင်းမှာ
မျိုးစေ့ကောင်းစိုက်ထားကာမှ
အပင်ကောင်း ရှင်သန်လာမှာပါ

အဲ့ဒါကြောင့် Second Brain ထဲမှာ
ဘာတွေ မှတ်မလဲ ဘယ်လိုမျိုး မှတ်ရမလဲ
ဆိုတာ သိထားမှကို ဖြစ်တဲ့ကိစ္စပါ

အရေးကြီးတာတွေကိုပဲ
ရွေးမှတ်တတ်စေဖို့နဲ့

မလိုအပ်ဘဲ မှတ်စု‌တွေ
အလွန်အကျွံ မထုတ်မိစေဖို့

Second Brain ထဲကို
ထည့်ခါနီးတိုင်း ကိုယ့်အတွက်

1. ဉာဏ်ကွန့်မြူးစေလား
2. အသုံးဝင်တဲ့ အချက်အလက်လား
3. ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်လား
4. အံ့ဩသွားစေလား ဆိုတဲ့

အချက်တွေကို သေချာစဉ်းစားပြီး
ဒီထဲက တစ်ချက်ချက် နဲ့ကိုက်မှသာ
ထည့်သွင်း သိမ်းထားသင့်ပါတယ်

တကယ်လို့ ကိုယ့်မှာ တိတိပပ
မှတ်စုထုတ်စရာ အခြေအနေမျိုး
မရှိသေးဘူးဆိုရင်တော့

‌ကိုယ့်ရဲ့ စိတ်ဝင်စားမှုနောက်ကိုသာ
ယုံယုံကြည်ကြည်လိုက် သွားလိုက်ပါ

ကိုယ်အဖြေရှာချင်နေတဲ့ကိစ္စတွေနဲ့
အသိချင်ဆုံးအရာတွေဟာ

Second Brain ထဲမှာ ရှိကိုရှိရမယ့်
အရာမျိုးတွေ မဟုတ်လား

ပြီးတော့ Knowledge ဆိုတာ
အပြင်မှာပဲ အမြဲရှာရမှာမှ မဟုတ်တာ

ကိုယ်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့
မှတ်ဉာဏ်တွေမှာ စိတ်ဝင်စားဖို့
ကောင်းတဲ့အရာတွေ ပြန်ရရှိတတ်တယ်

အဲ့ဒါကြောင့် ကိုယ့်ဆီမှာ တစ်နေ့တာ
ဖြစ်ပျက်သွားတဲ့ အရာတွေကို

ရေးမှတ်ထားတတ်တဲ့ အကျင့်လေး
လုပ်ပေးထား သင့်တာမျိုးပေါ့

အဲ့ဒါမှ ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းတွေကစလို့

ကိုယ်စကားပြောမိလိုက်တဲ့
သူတွေဆီကထွက်ကျလာတဲ့
အကြောင်းအရာအသစ်အဆန်းတွေ

ကိုယ်ကြည့်မိ နားထောင်မိ ဖတ်မိလိုက်တဲ့
ရုပ်ရှင်တွေ သီချင်းတွေနဲ့ စာအုပ်‌တွေအထိ

ဘယ်နေရာမျိုးကရလာတဲ့ အရာမဆို
ကိုယ်ရဲ့ စိတ်ကလေး လင်းလက်သွားစေရင်

အဲ့အရာတွေက ကိုယ့်မမေ့သွားသင့်တဲ့
အနာဂတ်မှာ အသုံးဝင်လာနိုင်တဲ့
တန်ဖိုးရှိတဲ့ အရာတွေ‌ ဖြစ်လာနိုင်ပါတယ်

ဒီနေရာမှာ မမှတ်မိမှာကို ကြောက်စရာ
မလိုတော့ပေမဲ့ စနစ်တကျတော့
စုစည်းထားရမှာမို့ စမှတ်ကတည်းက

ကိုယ်လုပ်နေတဲ့ Project အလိုက်
ခေါင်းစဉ်ပေး ထည့်သွင်းတာမျိုး

ရေတိုမဟုတ်တဲ့ lifetime သုံးသွားရမယ့်
Financial Management လို
ကိုယ်အလေးချိန် ထိန်းသိမ်းရမှာလို
လားရာတူတဲ့ ကိစ္စမျိုး‌တွေကိုတော့

ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဆိုပြီး
ကဏ္ဍတွေအောက်မှာ အသီးသီးခွဲထားတာမျိုး

ရှေ့လျှောက် ကိုယ်ထပ်ပြီး သင်ယူချင်
လုပ်သွားချင်တဲ့ အရာမျိုးတွေဆို
Future Plan ထဲမှာ ကောက်ထည့်ထားတာမျိုး

လက်တလော သုံးဖို့မလိုသေးတဲ့
ကိစ္စမျိုးတွေနဲ့ တစ်နေရာရာမှာ
အသုံးချပြီးသွားတဲ့ မှတ်စုတွေမှာလည်း

ပြန်ပြီး အသုံးဝင်လာဦး‌မယ့်
အချိန်ဆိုတာရှိသေးတာမို့

အပြီးမဖျက်ပစ်ဘဲ Archive ထဲမှာ
ပြောင်းရွှေ့ပြီး သိမ်းထားတာမျိုး တွေကို
မပျက်မကွက် ပြုလုပ်သွားရပါမယ်

ဒါမှသာ ကိုယ်ပြန်ကြည့်လိုက်တိုင်း
ဟိုရောက် ဒီရောက် ဟိုပေါင်း ဒီပေါင်းနဲ့
ကြည့်ရတာ ရှုပ်ယှက်ခတ် မနေတော့မှာ

အဲ့အပြင် ရုတ်တရက် ရလာတဲ့
အိုင်ဒီယာတွေနဲ့ အတွေးဆိုရင်

ကြားထဲ ပျောက်မသွားအောင်
အမြန် ချရေးမှတ်ရတာမျိုးမို့

ဘာအတွက် အသုံးဝင်မှာလဲတွေ
စဉ်းစား စီမံ‌နေဖို့ အချိန်မရှိပါဘူး

အဲ့လို အကြမ်းထည်မျိုးတွေကို
တန်ဖိုးရှိတဲ့ အရာတွေအဖြစ်
ပြန်ပြီး စစ်ထုတ်ပစ်လိုက်ရပါမယ်

ဒါမှသာ အိုင်ဒီယာစိတ်ကူးချင်း
ချိတ်ဆက်လို့ ရနိုင်တာတွေကို
ကွက်ကွက်ကွင်းကွင်း သိလာနိုင်မှာပါ

တကယ်လို့ ပြန်ကြည့်တာတောင်
ကိုယ်ဘာမှတ်ထားမှန်း မမှတ်မိဘူး

အချိန်အကြာကြီးနေတောင် ပြန်မကြည့်မိတဲ့
အရာဆိုရင်တော့ ကိုယ့်အတွက်
အသုံးမဝင်တဲ့ အချက်အလက် ဖြစ်သွားပြီမို့

Second Brain ထဲ ရှုပ်မနေအောင်
ရှင်းထုတ်ပစ်လိုက်သင့်ပါတယ်

လူ ဆိုတာ ကိုယ့်အတွက်
တကယ်အရေးကြီးတဲ့အရာဆို
ရှာတတ်တဲ့ သဘောရှိတယ် မဟုတ်လား

ဒီနေရာမှာ အရေးကြီးဆုံးနဲ့
ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့
အလိုအပ်ဆုံးကတော့

သိထားတာတွေ မေ့မသွားအောင်
ရေးမှတ်ထားရတဲ့ ရည်ရွယ်ချက်ကိုက

လိုအပ်တဲ့အချိန်မှာ လိုအပ်သလို
ပြန်အသုံးချနိုင်ဖို့ ဆိုတဲ့ အချက်ပါ

အဲ့ဒါကြောင့် ကိုယ်မှတ်ထားတာတွေကို
ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိဖြစ်စေဖို့

မှတ်စုယူထားတဲ့အထဲကမှ
အရေးကြီးဆုံးအချက်အလက်တွေကို
Highlight ထပ်လုပ်ပြီး

အကြောင်းအရာတစ်ခုလုံးကို
ကိုယ့်စကားလုံးတွေနဲ့ကိုယ်
ခြုံငုံပြီး အနှစ်ပြန်ချုပ်ရေးသင့်ပါတယ်

ဒါမှသာ ကိုယ့်ရဲ့ First Brain က
အဆီအနှစ် ထုတ်ပြီးသားတွေချည်း

စားသုံးပြီး ကျယ်ကျယ်ပြန့်ပြန့်
ရှုမြင် တွေးခေါ်ရတဲ့ အလုပ်ကို
အေးအေးလူလူ ဆက်လုပ်နိုင်မှာပါ

ဒီအဆင့်မရောက်ခင် ကြုံတွေ့ရနိုင်တဲ့

ရည်ရွက်ချက် မရှိဘဲ Highlight
အလွန်အကျွံ လုပ်မိတာမျိုး အတွက်

ကိုယ်တစ်နေရာမှာ ပြန်သုံးဖို့
လိုလာပြီဆိုမှသာ အနှစ်ပြန်ချုပ်တာမျိုး

ဥပမာ - ဒီစာအုပ်ကို ရေးမယ်ဆိုမှ
ဖတ်ထားတုန်းက မှတ်ခဲ့တဲ့ Note ကို

ပြန်ကြည့်ပြီး အရေးကြီးတာပဲ
ရွေးထုတ်သလိုမျိုးပေါ့

လိုအပ်တာမရွေးဘဲ တွေ့သမျှ
အကုန်မှတ်ထားလိုက်ပြီဆို

ဘာမှ မမှတ်တာနဲ့ အတူတူပဲ
သွားဖြစ်နေတော့မှာ မဟုတ်လား

နောက်ထပ် ဘာကို Highlight
လုပ်ရမယ်မှန်းမသိသေးတာ အတွက်

လက်ရှိမှာ စိတ်ထဲ မကျေမလည်
လာဖြစ်နေတဲ့အကြောင်းအရာတစ်ခုခု

ဖြေရှင်းဖို့လိုအပ်နေတဲ့ ပြဿနာတစ်ခုခု
စိတ်ဝင်စားတဲ့ အရာတစ်ခုခု ပေါ်မူတည်ပြီး

Intuition ဝမ်းတွင်း အလိုလိုသိစိတ်
အကူအညီနဲ့ ကြိုးစားကြည့်လို့ ရပါတယ်

ကိုယ့်စိတ်ထဲ နှလုံးသွင်းထားရမှာက
ရှိသမျှ မှတ်စုတွေထဲက တစ်ခုမကျန်

အကုန်ဖျစ်ညှစ်ယူနေတဲ့ Taker of Notes
ဖြစ်နေတယ်လို့ မတွေးဘဲ

အနာဂတ်က ကိုယ့်အတွက် အသုံးအဝင်ဆုံး
လက်ဆောင်တွေ သွားပေးနေတဲ့

Giver of notes ဖြစ်တယ်လို့သာ
မှတ်ယူ ‌တွေးထားသင့်ပါတယ်

ဒါမှသာ မှတ်စုထုတ်နေရခြင်းအပေါ်
စိတ်ဖိစီးမှု ရှိ‌မနေမှာ မဟုတ်လား

ကိုယ့်မှာ မှတ်စု အနှစ်ချုပ်တဲ့
စွမ်းရည် တိုးတက်လာနဲ့အမျှ

နေ့စဉ် စကားပြောတဲ့နေရာမှာ
လိုရင်းရောက်အောင် ထိထိမိမိ
ပြောနိုင်လာတာ ကတော့

ကျွဲကူးရေပါသလို ထပ်တိုး
ရလာမယ့် အရည်အချင်းပါပဲ

ပြီးတော့ မှတ်စုထုတ်နေရတဲ့ အပေါ်
ယုံကြည်မှု ဆက်ရှိ‌နေဖို့ကလည်း

ကိုယ့်တည်ဆောက်ထားတဲ့
Second Brain ကြီးအလုပ်ဖြစ်‌တာ
မျက်မြင်တွေ့နေရဦးမှဖြစ်မှာ

အဲ့လိုမှမဟုတ်ရင် မှတ်သာမှတ်ရတယ်
ဘယ်သူအတွက်မှလည်း အကျိုးမရှိနေဘူးဆိုရင်

ကုန်ခဲ့အချိန်တွေနဲ့ သုံးခဲ့ရတဲ့ ခွန်အားတွေက
အလကား ဖြစ်ကုန်တော့မှာ မဟုတ်လား

အဲ့ဒါကြောင့်မို့ ကိုယ့်မှာ
ရှိထားတဲ့ စွမ်းရည်အလိုက်

တစ်လျှောက်လုံး မှတ်သားလာတဲ့
အကြောင်းအရာတွေကို အသုံးချပြီး

ပြန်သင်ကြားပေးတာ
စာရေးပြီး ထုတ်ဝေတာ
Content တွေရေးတာ
Documents တွေ လုပ်ထားပြီး
ပြောပြ မျှဝေတာမျိုးတွေနဲ့

ကိုယ်အားသန်တဲ့ အရာတွေအဖြစ်
အသွင်ပြောင်းပြီး ဖန်တီးမှုတွေ
အမြဲ ပြုလုပ်သွားပေးသင့်ပါတယ်

ကိုယ်ရဲ့ ဦးနှောက်ကို
တခြားသူတွေနဲ့ မျှဝေရင်းနဲ့မှ

ကိုယ်တစ်ခါမှ တွေးကိုမကြည့်ဖူးတဲ့
ရှုထောင့်‌တွေ အ‌ရာတွေ
ဝေဖန်တုန့်ပြန့်ချက်တွေဆိုတာ

Second Brain ထဲ ထပ်ထည့်လို့ရတဲ့
ကုန်ကြမ်းတွေ ဖြစ်လာမှာ

ဒီလို ဖန်တီးတဲ့အဆင့်ထိ ရောက်ဖို့
ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေစရာ
မလိုအပ်ပါဘူး

Perfection ဆိုတာ စစလုပ်ချင်းမှာ
မျှော်လင့်ထားလို့မရတဲ့အရာ မဟုတ်လား

နောက်ပိုင်း ဆက်လုပ်သွားရင်းနဲ့သာ
တဖြည်းဖြည်းကောင်းလာတယ်
ဆိုတာမျိုးက ဖြစ်လာတတ်တာ

အဲ့ဒါကြောင့် ဖန်တီးမှုတွေမှာ
တွန့်ဆုတ်‌နှေးကွေး မနေစေဖို့

လုပ်ရမယ့် အရာတွေကို
သေးငယ်တဲ့ အပိုင်းလေးတွေ အဖြစ်
ခွဲချလိုက်ပြီး တစ်ဆင့်ချင်း
လုပ်ဆောင်သွားသင့်တာ မျိုးပေါ့

ကိုယ့်အကြိုက်ဆုံး ကောင်းလှပါပြီ
ဆိုတဲ့သီချင်းတွေမှာတောင်

ပထမဆုံးအကြိမ် အစမ်းသွင်းရတဲ့
Demo version ဆိုတာ ရှိသေးတာ

Creativity ဆိုတာ သူ့ဟာသူ
ဘွားခနဲ ရောက်လာတတ်တဲ့
အမျိုးမှ မဟုတ်တာဘဲ

ရှိပြီးသား စိတ်ကူးတွေနဲ့
မတူညီတဲ့ အတွေးအသစ်တွေကို
လိုသလို ပေါင်းစပ်ပြီးမှသာ

ဖန်တီးမှုအသစ်တွေကို
လုပ်နိုင်သွားတာ မဟုတ်လား

ဒီနေရာမှာ ဖန်တီးမှုတွေအတွက်
ကြိုးစားပမ်းစား ရှာယူစရာမလိုဘဲ

အမှတ်မထင် အိုင်ဒီယာရလိုက်တယ်
ဆိုတာမျိုးကို Serendipity လို့ခေါ်ပါတယ်

လေ့လာမှုတွေကို နှံ့နှံ့စပ်စပ်ပြုလုပ်ပြီး
Second Brain မှာ ကျစ်ကျစ်လစ်လစ်
မှတ်သိမ်းထားနိုင်ခဲ့လို့သာ

ဒီလို အိုင်ဒီယာမျိုးတွေကို First Brain က
ထုတ်ပေးနိုင်သွားတော့တာ

မတူညီတဲ့ ပညာရပ်တွေဆိုတာ
သူ့ဟာသူ တစ်သီးတခြားစီ
ကွဲပြားနေကြတာလို့ ထင်စရာရှိပေမယ့်

နယ်မြေချင်း ထိစပ်နေတဲ့နိုင်ငံတွေလိုမျိုး
အလွယ်အကူ ကူးသန်းချိတ်ဆက်မှုတွေ
ပြုလုပ်နိုင်တာမျိုးကိုတော့

Multi-passionate သမားတွေဆို
ကောင်းကောင်း သိနားလည်မှာပါ

ဥပမာ- ပန်းချီရဲ့ သဘောတရားတွေကို
သိထားတဲ့သူက စာရေးတဲ့ နေရာမှာ
လာ အသုံးဝင်နေတာမျိုး

Copy Writing အကြောင်း
သိနားလည်ထားတဲ့သူက

Content writing မှာ ပိုပြီး
လက်စွမ်းပြနိုင်တာမျိုး လိုတွေပေါ့

ခေတ်အဆက်ဆက် ပြောင်းလဲ
တိုးတက်သွားရင်တောင်

ပထမ ပြန့်ကျဲနေတဲ့ ပညာရပ်တွေကို
တစ်စစီ ကောက်ယူ သိမ်းဆည်းမယ်

နောက်တော့ အဲ့ဒါတွေကို ပေါင်းစပ်ပြီး
အသစ်တစ်ခု အနေနဲ့ ပြန်ထုတ်လုပ်တဲ့

ဖန်တီးမှုဖြစ်စဉ် အခြေခံကတော့ ‌
ပြောင်းလဲသွားခြင်း မရှိပါဘူး

ဥပမာ- ‌နေရာတိုင်းမှာ လိုက်ရှာထားရတဲ့
ကုန်ကြမ်းတွေက ဝတ္ထုတစ်အုပ်တည်းမှာ
လာပေါင်းစည်းတာမျိုး လိုပေါ့

ဒီလိုမျိုး ဖန်တီးမှုတွေ ပြုလုပ်ရာမှာ
ပိုလွယ်ကူစေမယ့် အချက်တွေကတော့

1. ဘာမှ မရှိသေးတဲ့နေရာကနေ
ဘာမှ ထွက်မလာတတ်တာမို့

စာရွက်အလွတ်ကြီးကို ထိုင်ကြည့်ရင်း
အချိန်မဖြုန်းဘဲ

ကိုယ့် Second Brain ဆီက
အချက်အလက်တွေနဲ့ပဲ
ကျောရိုးအရင် တည်ဆောက်ထားပါ

ပြီးမှ ချိတ်ဆက်ရင်း ဘာဖန်တီးရမလဲ
ဆိုတာ လမ်းပွင့်သွားပါလိမ့်မယ်

2. စာရေးဆရာကြီး Hemingway လို
နောက်တစ်ခန်း ဆက်ရေးဖို့ ဖန်တီးဖို့

အကြောင်းအရာ အိုင်ဒီယာ
ရမလာမချင်း လက်ရှိ လုပ်လက်စကို
ရပ်မပစ်လိုက်တာမျိုးပါ

3. ဖန်တီးရင်း ကိုယ့်အတွက် ခက်ခဲလာရင်
ရပ်တန့်လိုက်တာမျိုး မရှိစေဖို့

စလုပ်ချင်းမှာ တတ်နိုင်တာကို
လုပ်သွားပြီး နောက်မှ ပိုကောင်းအောင်

ပြန်ပြုပြင်လို့ရတယ် ဆိုတဲ့ Mindset ကို
စွဲနေအောင် မှတ်ထားရပါမယ်

ဥပမာ- Software အသစ်တွေ
စစပေါ်လာချင်းမှာ မတတ်နိုင်သေးတဲ့

အမြင့်စားတွေ သုံးမထားဘဲ နောက်မှ
Update ပေးတာမျိုးလိုပေါ့

နောက်ပြီး ဖန်တီးမှုပြီးဆုံးသွားတဲ့
အခါ မှာလည်း

တကယ် လိုအပ်တာတွေပါသွားလား
ဆိုတာကို ‌သေချာစစ်ဆေးသုံးသပ်ပြီး

ပြင်ဆင်ရမယ့် အချက်တွေ
ရှိတွေ့လာရင်လည်း အချိန်ပေး
ပြုပြင်လိုက်တာမျိုးတွေ လုပ်သင့်ပါတယ်

ဒါမှသာ စဉ်ဆက်မပြတ် တိုးတက်လာနိုင်မှာပါ

အဲ့လိုနဲ့ Second Brain ကို စနစ်တကျ
တည်ဆောက် အသုံးပြုတတ်သွားတဲ့အခါမှာ

ရုတ်တရက်‌ ကြားလိုက်ရတဲ့
ဇာတ်လမ်းထဲက Dialogue ကစလို့

မြင်လိုက် တွေ့လိုက်ရတဲ့
အသစ်အဆန်းတွေ အကုန်လုံးကို

ဖန်တီးမှုတွေအဖြစ် တီထွင်ပြောင်းလဲ
အဆင့်မြှင်တင် နိုင်သွားပါတော့တယ်

Building a second Brain - Tiago Forte

Tiago Forte ဒီစာအုပ်လေးကို
ရေးဖြစ်သွားပုံက စိတ်ဝင်စားဖို့ကောင်းတယ်

ဆရာဝန်တွေ ဘယ်လိုကုကု
သောက်ရတဲ့ ဆေးတွေရဲ့
Side effects တွေကြောင့်

မှတ်ဉာဏ် လျော့နည်းလာရုံကလွဲလို့
ကျန်တာပျောက်မသွား ထူးခြားမသွားတဲ့
သူရဲ့ လေမျိုရောင်ရောဂါအတွက်

သူကိုယ်တိုင် အဖြေရှာမယ်ဆိုပြီး
နေ့တိုင်း ကြုံတွေ့ရတဲ့ ဖြစ်စဉ်

တစ်ခုချင်းစီတိုင်း သေချာချမှတ်ရေးထား
ပြန်သုံးသပ်ထားရင်းနဲ့မှ သူ့ရောဂါကို

ပျောက်အောင်ကုနိုင်မယ့် နည်းလမ်းကို
မှတ်စုတွေထဲမှာပဲ ရှာတွေ့သွားတော့တာ

အဲ့နောက် သူဆက်လုပ်သွားတဲ့
ကျောင်းဆရာနဲ့ ကုမ္ပဏီဝန်ထမ်း
အလုပ်အကိုင်တွေမှာလည်း
သူ့ရဲ့ Second Brain System ကြောင့်

အသေးစိတ်လို အရာမျိုးတွေကို
ချက်ချလက်ကျ သုံးသပ်နေ သိနေနဲ့

သတင်းအချက်အလက် တစ်ခုခုဆို
သူ့ကိုပဲ အားကိုးနေကြရတဲ့အထိ

အားလုံးထက် ခေါင်းတစ်လုံး
ပိုပါ ပိုသာနေခဲ့တာပေါ့

အဲ့လိုနဲ့ သူလည်း သူရှာတွေ့ထားတဲ့
Second Brain ကို သူ့လုပ်ဖော်ကိုင်ဖက်
တွေကို Sharing လုပ်ပေးလိုက်တဲ့အခါ
အရာရာ ပိုအဆင်ပြေလွယ်ကူသွားတဲ့အတွက်

အခုဖတ်နေရတဲ့ Tiago Forte ရဲ့
Building a Second Brain

စာအုပ်လေးဟာ တစ်ကမ္ဘာလုံးကို
ပျံ့နှံ့ ရောက်ရှိလာပါတော့တယ်

အားလုံးပဲ မင်္ဂလာပါ ✨
The White writes Creations ရဲ့
Founder "the White" ဖြစ်ပါတယ်

မှတ်ပုံတင်ထဲက နာမည်ကတော့
"Phoo Pyae Sone" လို့ခေါ်ပြီး
စာတွေရေးသားလျက် ရှိပါတယ်

ဒီနေရာမှာ Tiago Forte လိုပဲ
"the White" လည်း ငယ်ငယ်လေးထဲက

အကိုက်ခဲပျောက်ဆေးတွေကို
သကြားလုံး စားသလိုကိုစားခဲ့မိလို့

မေ့ချင်တဲ့ အကြောင်းအရာတွေကို
အရေးမကြီးသလို ကြိတ်မှိတ်မေ့ပစ်ဖို့
ကြိုးစားခဲ့မိလို့ ကိုယ့်ရဲ့ဦးနှောက်က

ကြုံတွေ့ရတဲ့ ကိစ္စတော်တော်များများကို
အချိန်ကြာကြာ မှတ်ထားမပေးတော့ဘူး

အဲ့လိုနဲ့ "the White" နဲ့ မှတ်စုစာအုပ်ဆိုတာ
ခွဲမရတဲ့အထိ အရေးကြီးတဲ့ကိစ္စတွေ

ဆွေးနွေးရင် ဖုန်းထဲက Google note ကို
အမြဲဖွင့်ထား record ထားရတဲ့အထိ
အာရုံများရင် ဘာမှမှတ်မရတော့တဲ့အထိ

ဦးနှောက်နဲ့ "the White" နဲ့ က
အချိတ်အဆက်မမိတွေ ဖြစ်နေခဲ့တာ

အဲ့ကနေမှ ရလာတဲ့
ကြားလိုက်တဲ့ စကားမှန်သမျှကို

လက်ရေးနဲ့ အမီ Lecture
လိုက်တတ်လာတာနဲ့ Typing မြန်တာ
ဒီ၂ခု ကတော့ အဖက်တင်သွားတာပေါ့

အဲ့ဒါကြောင့်မို့ ဒီစာအုပ်ကနေ
Content Creations လုပ်ရတဲ့
"the White" အတွက်တော့

မှတ်သားစရာ အတုယူစရာ
လိုက်နာကျင့်သုံးစရာ နည်းလမ်းတွေ
အများကြီး ရလိုက်တယ် နောက်ပြီး

Second Brain ဆိုတာကိုသိသွားရင်
သူနဲ့တွဲလျက် သိရတော့မှာက
စာရေးသူကိုယ်တိုင် ညွှန်းရတဲ့
Notion ဆိုတာကိုပေါ့

Notion ဆိုတာကို ရှုပ်မနေအောင်
ဂဃနဏ သုံးတတ်ချင်ပြီ ဆိုရင်တော့
Notion Ambassador thelapyae ရဲ့

https://notion.thelapyae.com/
လေးကို သိထားရုံနဲ့တင် ရပါပြီ

အားလုံးပဲ ကိုယ်တိုင်တည်ဆောက်ထားတဲ့
ဦးနှောက် နောက်တစ်လုံးကို သုံးပြီး
ဘဝရဲ့ ကိစ္စတော်တော်များများကို

အထာကျကျ ကိုင်တွယ်နိုင်သွားလိမ့်မယ်လို့
"the White" အနေနဲ့ မျှော်လင့်မိပါတယ်

အခုဒီစာကို ဖတ်သူတွေအနေနဲ့
ဒီစာအုပ်လေးထဲက ကိုယ့်အတွက်

အသုံးဝင်ဆုံးနဲ့ ကိုယ်အကြိုက်မိဆုံး
တစ်ချက်တစ်ချက်ကို ပြောပါဆိုရင်

ဘာများဖြစ်မလဲဆိုတာ "the White"
အနေနဲ့ သိချင်မိလို့ ‌အောက်က
Cmt မှာ ရေးခဲ့ပေးပါဦးနော် ✨

the White writes Creations Page
အပြင် ဒီစာတွေကို တခြားဘယ်နေရာမှာ
သွားရှာဖတ်လို့ ရနိုင်ဦးမလဲ?

✅ 1. Insidernote
✅ 2. Facebook
✅ 3. Wattpad
✅ 4. LinkedIn

စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ
App တွေကို Play store မှာ
Download လုပ်ပြီး

Account လေးတစ်ခု ဖွင့်ထားရုံနဲ့
ဘယ်သူမဆို အလွယ်တကူ
အခမဲ့ ဖတ်ရှုနိုင်ပါတယ် ✨

The White writes Creations
3.6.2024 (8738 words)

Book number- 1 (Monday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)