စောမြတ်နွယ်
အသည်းခွဲခံရပြီဆိုကတည်းက အဲ့ဒီလူက ကိုယ့်ကိုတကယ်မချစ်လို့ပါ။ ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူ၊ မြတ်မြတ်နိုးနိုးချစ်တဲ့သူက ကိုယ့်အသည်းကို ဘယ်တော့မှ မခွဲပါဘူး။
ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ်နဲ့ဝေးကွာသွားစေမယ့်အရာတွေ ဘာတစ်ခုမှမလုပ်ပါဘူး။ကိုယ့်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ချမ်းသာအောင်ထားတယ်။ပျော်ရွှင်အောင်လုပ်ပေးတယ်။ကိုယ်လိုအပ်တဲ့အရာတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတယ်။
ကိုယ်နဲ့နီးစပ်အောင်ကြိုးစားတယ်။ ကိုယ့်အပေါ်ကြင်နာတယ်။ဂရုစိုက်တယ်။ကိုယ်က မှားနေတယ်ဆိုရင်တောင် ကိုယ့်ကိုအလျှော့ပေးပြီး ခွင့်လွှတ်တတ်ပါတယ်။
ကိုယ့်အပေါ် အချစ်စစ်အချစ်မှန်နဲ့သာ ချစ်တယ်ဆိုရင်လေ ကိုယ့်ချစ်သူမျက်ရည်ကျမယ့်အလုပ်မျိုး ဘယ်တော့မှမလုပ်ပါဘူး။
တကယ်လို့ သင်က အသည်းကွဲနေတယ် အသည်းခွဲခံရတယ်ဆိုရင် သိပ်ဝမ်းနည်းမနေပါနဲ့။ကိုယ်အပေါ်တကယ်မချစ်တဲ့သူနဲ့ ဝေးကွာသွားတာမို့ ဝမ်းသာလိုက်ပါ။
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်အပေါ်မစစ်မှန်တဲ့သူတစ်ယောက်အတွက် မဖြုန်းတီးပစ်ပါနဲ့။မျက်ရည်တွေကို စတေးမပစ်ပါနဲ့။မတန်ပါဘူး။
အဲ့ဒီလူကို သတိရတိုင်း ဝမ်းနည်းစိတ်ပေါ်လာတိုင်း ပြိုလဲမယ်ကြံတိုင်း ကိုယ့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့အဖေနဲ့အမေကို သတိရလိုက်ပါ။
ကိုယ့်ရဲ့အသက်က ဒီလူတစ်ယောက်တည်းအတွက် တန်ဖိုးရှိနေတာမဟုတ်ပါဘူး။ကိုယ်က ဒီထက်မကတန်ဖိုးရှိပါတယ်။ အဖိုးတန်ပါတယ်။
ကိုယ်က သူ့အပေါ်အစစအရာရာကောင်းနေပါရက်နဲ့ ကိုယ်နဲ့ လမ်းခွဲသွားတယ်ဆိုရင် ဒီလမ်းခွဲမှုအတွက် ဝမ်းနည်းစရာမလိုပါဘူး။
အသည်းကွဲတာ ဘယ်လောက်အထိနာကျင်ခံစားရတယ်ဆိုတာ နားလည်ပါတယ်။မျက်ရည်ကျပါ။အားရအောင်ငိုပါ။ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုထိပဲ ငိုပါ။
ကိုယ့်ကိုယ်ကိုယ် ထိခိုက်တဲ့အထိ မနေပါနဲ့။
ဒီနေရာမှာ သမ္မတအိုဘားမားကတော် မီဲရှဲအိုဘားမားရဲ့ အဖြေတစ်ခုကို ပြောပြချင်တယ်။
"ယောက်ျားကထားခဲ့လို့ဖြစ်စေ
ချစ်သူကထားခဲ့လို့ဖြစ်စေ အငယ် အနှောင်းယူသွားလို့ဖြစ်စေ စွန့်ပစ်ခဲ့ရင် မိန်းမတချို့ ဘဝပျက်မတတ် ဖြစ်တတ်ကြပါတယ်။အမှန်က ပျော်ရမှာပါ။လက်ခုပ်တီးပြီးကိုကျေနပ်ဝမ်းမြောက် စွာပျော်ရမှာပါ"တဲ့။
"ကိုယ်ငယ်ရွယ်ကျန်းမာတုန်း
သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ
သိလိုက်ရတဲ့အတွက်က်ိုယ့်တန်ဖိုး
နားမလည်တဲ့လူရဲ့ဘေးနား အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို လွတ်လပ်စွာ တည်ဆောက်ရခြင်းက
ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်"တဲ့။
နောက်တစ်ခုက အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ သူ့ဇနီးစားသောက်ဆိုင်တစ်ခုမှာသွားစားကြတော့ သူ့ဇနီးကို စားသောက်ဆိုင်ပိုင်ရှင်က စကားပြောချင်လို့ အိုဘားမားဆီမှာ ခွင့်တောင်းတယ်။
ဆိုင်ပိုင်ရှင်ဖြစ်သူနဲ့ စကားသွားပြောပြီးပြန်လာတဲ့ဇနီးကို အိုဘားမားက မေးတော့ ကျွန်မကိုသူကျောင်းတုန်းက ကြိုက်ခဲ့ဖူးတယ်လို့ မီရှဲကပြောပြပါတယ်။
"တကယ်လို့သာ မင်းတို့ ရခဲ့ကြရင် အခုနေမင်းဟာဒီစားသောက်ဆိုင်ကြီး ပိုင်နေရောပေါ့နော်" ဆိုတော့..
မဟုတ်ဘူး။ ကျွန်မနဲ့သာသူရခဲ့ရင်
"သူဟာ အမေရိကန်သမ္မတ ဖြစ်နေပြီလေ..."လို့ ပြုံးပြုံးကြီးပြောချပေးလိုက်ပါသတဲ့။
အဲ့ဒီတော့ ပြောချင်တာက ကိုယ်နဲ့မထိုက်တန်လို့ ကိုယ့်ဘုန်းကံကိုမယှဥ်နိုင်လို့ ကိုယ့်အနားက စွန့်ခွာသွားတဲ့သူကို တမ်းတမနေပါနဲ့။
ကိုယ့်ကိုယ်ကိုယ် လှလှပပနေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပါ။ပိုချစ်ပါ။တစ်နေ့ ကိုယ်နဲ့ထိုက်တန်တဲ့သူဟာ ကိုယ့်အနားကို ရောက်ကိုရောက်လာမယ်ဆိုတာ အသေအချာပါပဲရှင်။
#စောမြတ်နွယ်
Keep Reading