SarPhat Author
မိုးတိမ်တွေ ငိုချင်းချတိုင်း လူသားအပေါင်းလည်း အငြိမ်မနေရပါ။
မိုးတွေအုံ့နေပြီဆိုတာနဲ့ အဝတ်တွေ အပြေးအလွှားရုတ်ကြရတယ်၊ မိုးစိုရင် ပျက်စီးနိုင်မယ့်အရာတွေ သိမ်းကြ၊ မှန်တွေကို အဝတ်နဲ့ပြေးအုပ်ရ လူတွေလည်း ပြာပြာသလဲပေါ့။
အဲ့ဒါအပြင် အချို့လူတစ်စုက ကော်ဖီပြေးဖျော်၊ စာအုပ်ဖတ်ဖို့ ပြေးယူကြတဲ့သူတစ်စုကသက်သက်၊ အလွမ်းတေးနားဆင်တဲ့သူတစ်ချို့က သက်သက်ရှိလေရဲ့ ။
ငယ်ဘဝကိုပဲ ထိုင်လွမ်းရမလား၊ မရှိခဲ့လေတဲ့ ချစ်သူဟောင်းကိုပဲ ထိုင်လွမ်းနေရမလား၊ အိမ်နဲ့အဝေးရောက်သူတွေကျ အိမ်ကိုပဲ ထိုင်လွမ်းရမလားပေါ့။
မိုးရဲ့တစ်ဖြောက်ဖြောက်တေးသံကို နားဆင်းရင်း တကယ် လွမ်းမိသွားတာကတော့
"စုစု" ရော့ စာမြန်မြန်ယူ ဘာလဲဟ။ ဟဲ့ ကျော်မိုး ဒါဘာလဲလို့
(အော် မပြောမဆိုနဲ့ လက်ထဲ စာထည့်ပြီး ပြေးသွားပြီ တကယ်ပါပဲ)
စုစု စာကို ဖွင့်ဖတ်ကြည့်လိုက်တဲ့အခါ
"စုစု ငါပြောစရာရှိလို့ ညနေကျောင်းဆင်းရင် ရပ်ကွက်ထိပ်နားက ညောင်ပင်နားစောင့်နေပေးနော်။"
ဟင် စာလေးက နှစ်ကြောင်းတည်း။ ဒီကောင် ကျော်မိုး ဘာမွှေမလို့လဲ မသိဘူး။
ဘေးက သူငယ်ချင်းတွေကတော့ ဝိုင်းစကြကုန်ပြီလေ။
စုစု နင့်ကို ကျော်မိုးက ရည်းစားစကားပြောဖို့ ခေါ်တာလားမသိဘူးနော်။ ဟာ မဟုတ်ပါဘူးဟ။ နင်တို့ကတမျိုး။ ဒီကောင် ငမြွေထိုးလုပ်မလို့နေမှာ။ ဒါဆို စုစု နင်သွားမှာလား။ မသွားပါဘူး နင်ကလည်း သွားစရာလား။
ညနေကျောင်းဆင်းချိန်ရောက်တော့ ကျော်မိုးက ရပ်ကွက်ထိပ်က ညောင်ပင်မှာ အပြေးလေးသွားစောင့်နေတယ်။ ကျော်မိုးစောင့်ပြီး ငါးမိနစ်တောင်မကြာသေး..
ဟာ သား ဒီနေ့စောသားပဲ။ လာ ဖေဖေတို့နဲ့ တစ်ခါတည်းလိုက်ခဲ့တော့ အိမ်ကိုအမြန်ပြန်ပြီး သတင်းကောင်းပြောစရာရှိတယ်။
ဟာ ဒုက္ခပါပဲ လို့ ရေရွတ်ရင်း ကျော်မိုးတစ်ယောက် စိတ်ညစ်စွာနဲ့ ခေါင်းကုတ်ရင်း သူ့ဖေဖေကားပေါ် ပါသွားရရှာပြီ။
စုစုတစ်ယောက်လည်း ညောင်ပင်နားကို အပြေးလေးရောက်လာချိန် ကျော်မိုးကို မတွေ့ပါ။ မိုးတွေကလည်း မည်းပြီး ရွာချလာတယ်။ ညောင်ပင်အောက်ဆိုတော့ မိုးရေအရမ်းမစိုပေမယ့် သစ်ရွက်၊ သစ်ကိုင်းကနေ ကျလာတဲ့ မိုးရေစက်တွေကတော့ စုစုကို စိုရွဲစေတယ်။
ကျော်မိုး၊ ကျော်မိုး ငါ့ကို သက်သက်မွှေတာပေါ့လေ။
စိတ်တိုနေပေမယ့်လည်း ကျော်မိုးကို စုစုတစ်ယောက် အချိန်အကြာကြီး စောင့်မိနေလေရဲ့။
မိုးတွေတိတ်သွားသည့်တိုင် စုစုတစ်ယောက် ညောင်ပက်အောက်မှာ ကျောက်ရုပ်ကလေးလို။
ဟဲ့ သမီး စုစု
အမေ့ခေါ်သံကြားလိုက်မှပဲ သတိပြန်ဝင်လာတော့တယ်။
ဘာရပ်လုပ်နေတာလဲ။ လိုက်ရှာနေတာ နှံ့နေတာပဲ။ ထီးမပါလည်း အခြားသူကို အကူညီတောင်းပြီးလိုက်ခဲ့ရော။ ဒေါ်ပုက ညည်းဒီမှာ မိုးခိုနေတာတွေ့တယ်ဆိုလို့ အမေလာခေါ်တာ။ လာလာ စိုရွဲနေတာပဲကွယ်။
စုစုတစ်ယောက်လည်း ဘာမှ ပြန်မပြောဖြစ်ဘဲ အမေနဲ့အတူ အိမ်ပြန်သွားရတော့တယ်။
နောက်ရက် မနက်ကျောင်းတက်တော့လည်း ကျော်မိုးတစ်ယောက် မျက်နှာမကောင်းပါ။ မုန့်စားကျောင်းဆင်းမှ စကားစကြည့်မယ် စဉ်းစားရင်း နေလိုက်တယ်။
မုန့်စားကျောင်းဆင်းချိန်ရောက်တော့ အခန်းထဲကို ရုတ်တရက် ကျော်မိုးမိဘတွေလည်း ရောက်ချလာတယ်။ အတန်းထဲက ကျောင်းသား၊ ကျောင်းသူတွေအတွက်ဆိုပြီး နေ့လည်စာ ဒန်ပေါက်နဲ့ ဖာလူဒါတွေ အယောက်တိုင်းကို ဝေပေးပြီး
ကျွန်တော်တို့ အခြားနေရာကို အပြီးပြောင်းတော့မှာမို့၊ ဒီနေ့က ကျော်မိုးရဲ့ နောက်ဆုံးကျောင်းတက်ရက်ပါခင်ဗျာ။ ဆရာ၊ ဆရာမတွေနဲ့ သားသူငယ်ချင်းတွေ အားလုံးကို နှုတ်ဆက်ပါတယ်။
အော် ကျော်မိုး ဟိုနေ့က နင်ပြောစရာရှိတယ်ဆိုတာ ဒီကိစ္စလားလို့ အကျယ်ကြီးအော်မေးပစ်ချင်ပေမယ့် လက်တွေ့မှာတော့ စုစုတစ်ယောက်နှုတ်ဆိတ်နေခဲ့တယ်။
ပြီးတော့ သူ့မိသားစုနဲ့အတူထွက်ခွာသွားတဲ့ ကျော်မိုးရဲ့ နောက်ကျောကိုကြည့်ရင်း စုစုတစ်ယောက် ငေးကျန်ရစ်ခဲ့လေရဲ့။
ကျောင်းအဆင်း အိမ်ပြန်ချိန်ရောက်တော့ မိုးတွေကရွာ၊ မလုံ့တလုံနဲ့ ထီးကလေးဆောင်းရင်း လမ်းလျှောက်ချိန် ကားတစ်စီးက အရှိန်နဲ့ ဗွက်အိုင်ကိုဖြတ်တော့ စုစုကို ဗွက်တွေနဲ့ အရောင်ဆိုးပေးလိုက်တယ်။
မော့ကြည့်လိုက်တော့ ကျော်မိုးတို့ အိမ်ပြောင်းတဲ့
ကားဖြစ်နေပြီး ကားကလေး တဖြည်းဖြည်း မြင်ကွင်းကနေ ပျောက်သွားတဲ့အထိ စုစုကြောင်ပြီး ရပ်ကြည့်နေခဲ့မိတယ်။
ထိန်းမရနိုင်ခဲ့တဲ့ ဝမ်းနည်းမျက်ရည်တွေက စို့တက်လာပြီး သည်းနေတဲ့ မိုးနဲ့အတူ ကျလာလေပြီ။ ဝမ်းနည်းမျက်ရည်ကို ဖုံးဖို့အတွက် ထီးမဆောင်းတော့ဘဲ စုစုတစ်ယောက် အိမ်ကို လေးလံတဲ့ခြေလှမ်းတွေနဲ့အတူ ပြန်သွားတော့တယ်။
ဟော မိုးတောင်တိတ်သွားပြီ။ မဆုံခဲ့ရသူကို လွမ်းကောင်ူလိုက်တာ မသောက်ရသေးတဲ့ ကော်ဖီတွေလည်း အေး၊ မိုးလည်းတိတ်....
4.6.2024
Amelia
Keep Reading