Author's Profile Photo

Yara

29/05/2024

ဘာကြောင့် မပြုံးကြတာလဲ? ?

2 mins read
Life Style
Personal Development
General Knowledge
ဘာကြောင့် မပြုံးကြတာလဲ? ?'s photo

အပြုံး ဆိုတာ စိတ်ငြိမ်းချမ်းခြင်းရဲ့ တံခါးပေါက်ပါ။ ပြုံးပြလိုက်တဲ့ ကာယကံရှင် ကိုယ်တိုင်ပဲဖြစ်ဖြစ် မြင်ရတဲ့ သူကိုပဲဖြစ်ဖြစ် မျက်စိတမှိတ် ကြည်နူးမှုကို ပေးစွမ်းပါတယ်။

First impression လို့ခေါ်တဲ့ လူတစ်ဦးနဲ့တစ်ဦး စစတွေ့ချင်းမှာ အပြုံးနဲ့ အပြန်အလှန်နှုတ်ဆက်လိုက်တာဟာ ဖော်ရွေမှုကို ပြရာရောက်သလို ဆက်ဆံရေးတစ်ခုကိုလည်း လမ်းဖွင့်ပေးလိုက်ရာ ရောက်ပါတယ်။ မျက်နှာလေး အမြဲပြုံးနေတတ်တဲ့သူကို မြင်တဲ့သူတိုင်း သဘောကျကြပါတယ်။ ခင်ဖို့ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ပွင့်လင်းတယ် စသဖြင့် ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးရှိတဲ့ သူအနေနဲ့ သတ်မှတ်ကြပါတယ်။


ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ တစ်ချက်ကတော့ အခုနောက်ပိုင်း လူတွေ သိပ်မပြုံးကြတော့တာပါပဲ။ ဒါဟာ အခုချိန်မှာ political issue တွေကြောင့် မပြုံးနိုင်ကြတော့တာလို့ ခေါင်းစဉ်တပ်စရာရှိနိုင်သလို လူမှုရေး၊ စီးပွားရေး စတဲ့ ရေးရာ အမျိုးမျိုးကြောင့်လည်း မပြုံးနိုင်ကြတော့တာ ဖြစ်မှာပါ။ ဒီအချက်တွေဟာ ထည့်တွေးသင့်တဲ့ အချက်တွေဖြစ်ပေမယ့် ကိုယ့်ရဲ့ အပြုံးတစ်ပွင့်ကြောင့်တော့ ကိုယ့်ပတ်ဝန်းကျင်က လူတစ်ယောက် စိတ်ချမ်းသာသွားနိုင်တာကိုလည်း ထည့်တွေးဖို့ လိုအပ်ပါတယ်။

လူတွေရဲ့ အပြုံး‌တွေအားနည်းလာကြတဲ့ အဓိကအချက် ၃ ချက်ကိုတွေ့ရပါတယ်။

1. စိတ်မှာ အညစ်အကြေးတွေ များနေလို့
ပထမဆုံးအချက်ဖြစ်တဲ့ စိတ်မှာ အညစ်အကြေးတွေများနေတယ်ဆိုတာဟာ စိတ်ရိုင်းတွေဝင်နေတယ်၊ မသန့်ရှင်းဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ စိတ်ကလေး ကြည်လင်မနေတာပေါ့။ ပြောခဲ့သလိုပဲ ရေးရာအမျိုးမျိုးကြောင့် စိတ်ရှုပ်နေတာမျိုး၊ တချို့ကျတော့ negative အတွေးတွေနဲ့ ယောက်ယက်ခတ်နေတာမျိုးပေါ့။ စိတ်မချမ်းသာစရာတွေ၊ စိတ်ဆင်းရဲစရာတွေ ရှိနေတဲ့လူတွေကတော့ ဘယ်လိုပြုံးနိုင်ပါ့မလဲ။ ဟုတ်ပါတယ်။ ပြုံးပြဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့ အဆင်မပြေမှုတွေဆိုတာ ကိုယ်တိုင်ထိန်းချုပ်လို့ရပေမယ့် တချို့အဆင်မပြေမှုကတော့ ထိန်းချုပ်လို့မရဘူးပေါ့။

ဥပမာဆိုရင် ကားလမ်းပိတ်တာနဲ့ ရုတ်တရက်မိုးရွာချလာတာမျိုးတွေပါ။ ဒီလို အခြေအနေတွေကို ကျွန်မတို့ မလွန်ဆန်နိုင်ပါဘူး။ ဒီတော့ မျက်နှာကို ခပ်ထေ့ထေပြုံးပြီး ရင်ဆိုင်ပစ်လိုက်ရုံရှိတာပေါ့။ ပြုံးနေတဲ့ သူတိုင်းလည်း အပူအပင်မရှိတာမဟုတ်ပါဘူး။ အပြုံးအောက်မှာ အဆင်မပြေမှုတွေကို ဖွက်ထားတဲ့သဘောပါ။ ဒါကြောင့် သင့်အနေနဲ့ တစ်ခုခုကို စိတ်အလိုမကျလို့၊ အဆင်မပြေလို့ မပြုံးချင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အရွဲ့တိုက်တဲ့ သဘောမျိုး ပြုံးကြည့်ပါ။ သင့်စိတ်ကို သက်သာရာရစေပါတယ်။

2. ကြည့်မကောင်းဘူးထင်လို့
ဒုတိယတစ်ချက်ဖြစ်တဲ့ ပြုံးလိုက်ရင်ကြည့်မကောင်းဘူးထင်လို့ဆိုတဲ့ လူအမျိုးအစားလည်း ရှိပါသေးတယ်။ နာမည်ကြီး မော်ဒယ်တွေ မင်းသမီးတွေလိုမျိုး ခပ်ချောချော အမျိုးသမီးတွေရဲ့ အပြုံးကမှ လှတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ သင်အပါအဝင် လူတိုင်း ပြုံးလိုက်ရင် ဆွဲဆောင်မှုရှိကြပါတယ်။ ချစ်စရာကောင်းကြပါတယ်။ ကိုယ်ပိုင်အလှတစ်မျိုးစီရှိကြပါတယ်။

အတတ်နိုင်ဆုံး မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ပြုံးပေးပါ။ Attraction ဆိုတဲ့ လောကနိယာမတစ်ခုရှိပါတယ်။ ကိုယ့်ကိုကိုယ်မှန်ထဲမှာ ကြည့်ပြီး ပြုံးလိုက်တိုင်း ပေါ်လာတဲ့  ပါးချိုင့်လေးက၊ ‌မျက်လုံးလေးမှေးသွားတာက၊ နှုတ်ခမ်းလေး ကွေးသွားတာက ချစ်စရာကောင်းလိုက်တာလို့ အပြည့်အဝယုံကြည်လိုက်ပါ။ သင့်ဘေးက လူတွေလည်း အဲ့လိုမျိုး တဖြည်းဖြည်း သင့်အပေါ် ယုံကြည်လာကြပါလိမ့်မယ်။

3. တစ်ဖက်လူရဲ့ response က မသေချာလို့
တတိယအချက်ကတော့ လူတိုင်းပိတ်မိနေတဲ့ အရာတစ်ခုပေါ့။ ကိုယ့်ဘက်က စပြုံးလိုက်ရင် သူကပြန်ပြုံးပြပါ့မလား။ ငါ့ကို အထင်သေးသွားမလား စသဖြင့် အတွေးတွေဝင်တတ်ကြပါတယ်။ အပြုံးဟာ ရင်းနှီးမှုတံခါးရဲ့ သော့တံလေးပါ။ သင်ဖွင့်ဝင်ဖို့ပဲ လိုတာပါ။ အလုပ်အင်တာဗျူးတစ်ခုမှာ ပြုံးပြီး ဖြေတတ်တဲ့သူဟာ ပုံမှန်ဖြေသူထက် အလုပ်ရနိုင်ချေပိုများပါတယ်။ Customer service ပေးတဲ့ shopping centre တွေကို သင်ရောက်သွားတဲ့အခါ အပြုံးချိုချိုနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတတ်သူကို သဘောကျသလား။ ဒါမှမဟုတ် ရှင်းတော့ ရှင်းပြပါရဲ့ မျက်နှာတည်ကြီးနဲ့ လူမျိုးကိုရော သဘောတွေ့မိရဲ့လား။

အဖြေကရှင်းပါတယ်။ လောကမှာ သင်ကိုယ်တိုင်က သင်လိုချင်တဲ့ ပုံစံမျိုးကို ပြောင်းလဲလိုက်တာက ကောင်းမွန်တဲ့ အရာတွေ သင့်ဆီရောက်လာဖို့ လမ်းဖွင့်ပေးလိုက်သလိုတာပါပဲ။ ဒါကြောင့် တစ်ဖက်လူ ပြုံးပြတာကို လိုချင်ရင် ကိုယ့်ဘက်ကစပြီး ပြုံးပြဖို့ ဝန်မလေးသင့်‌ပါဘူး။
ဒါကြောင့် ဒီနေ့ကစပြီး တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပြုံးကြည့်ပါ။ အသက်ကိုပြင်းပြင်းရှုပါ။ အိပ်ရေးဝဝအိပ်ပါ။ မနက်တိုင်း သင့်အခန်းထောင့်က မှန်လေးဆီပြေးပြီး ပြုံးပြလိုက်ပါဦး။ သင့်ရဲ့ အပြုံးတစ်ပွင့်နဲ့ တစ်နေ့တာကို အလှဆင်ကြည့်လိုက်ပါ။

#အပြုံးဘေးသင့်ခြင်း ကင်းဝေးကြပါစေ။
# Yara
29.5.2024

Keep Reading

မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစား