SarPhat Author
"မောင်"
"ဗျာ"
"မမ တို့ရဲ့ဆက်ဆံရေးကို နားလည်မှုတွေ၊ခွင့်လွှတ်မှုတွေနဲ့ ရှေ့ဆက်လက်တွဲသွားကြမယ်နော်"
"ဟောဗျာ... မမ ဘာတွေဖြစ်နေလဲဟင် မောင့်ကိုပြောပါဦး"
ဒီနေ့လေ ဆရာမဂျူးရေးထားတဲ့ "မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်"ဆိုတဲ့စာအုပ်လေးကို မမ ဖတ်ပြီးသွားခဲ့တယ်မောင်။အဲ့စာအုပ်ကိုဖတ်ပြီး မောင့်ကို ယုမော်လိုစိတ်မျိုးရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေမှာ မမ သိပ်ကြောက်တာပဲ။
"ယုမော်က ဘာဖြစ်လို့လဲမမရ...မောင့်ကို သေချာပြောပြလေ"
ဆရာမဂျူးရေးသားထားတဲ့ခံစားချက်ကို မမ မသိပေမယ့် မမ ခံစားရတဲ့အတိုင်း မောင့်ကိုပြောပြမယ်နော်။ယုမော်က သူ့ချစ်သူ "နှင်း"အပေါ်မှာ မာနတွေထားတယ်လို့ မမမြင်တယ်။ယုမော်ကလေ သိပ်ပြီးလည်း အတ္တဆန်တာပဲမောင်။အဲထဲမှာ နှင်းက ဆရာဝန်တစ်ယောက်ဖြစ်သလို၊ စာရေးဆရာမတစ်ယောက်လည်း ဖြစ်တယ် မောင်။
"ယုမော်က ဖောက်ပြန်လို့လားဟင် မမ"
မဟုတ်ဘူးမောင်...မဟုတ်ဘူး။ယုမော်ကလေ ဖောက်ပြန်ခြင်းကင်းတဲ့ယောကျာ်းတစ်ယောက်အနေနဲ့တော့ မမသူ့ကို အထင်ကြီးလေးစားမိတယ်။သူ့ရဲ့ ကြိုးစားချင်စိတ်ကိုလည်း မမနှစ်သက်ပါတယ်။ဒါပေမယ့်လေ ယုမော်က နှင်းကို သူစိတ်မကြည်ဒေါသထွက်တဲ့အချိန်တိုင်း စိတ်လိုလက်ရ အလျော့ပေးတာမျိုးမရှိဘဲ သူ့စိတ်သက်သာရာရဖို့အတွက်သာ ဖြစ်ပျက်ခဲ့သမျှကို မေ့ပျောက်ပစ်တတ်တယ်မောင်။
သူ့ရဲ့မေ့ပျောက်မှုကလည်း ခဏတာပါပဲမောင်ရယ်။
"အင်း...မောင့်ကို ဆက်ပြောပြပါဦး"
အဲဒီစာအုပ်ဖတ်ပြီး မိန်းကလေးတချို့က ကိုအောင့်လိုလူမျိုးကိုလိုချင်တယ်လို့ပြောကြတယ်မောင်။ ဪ... ကိုအောင့်ကို မောင် မသိသေးဘူးနော်။ ကိုအောင်ဆိုတာက နှင်းရဲ့ အရင်ကချစ်သူ။နှင်းနဲ့လက်ထပ်မယ့်သူပေါ့မောင်ရယ်။ နှင်းက ကိုအောင့်ကို သစ္စာဖောက်ပြီး ယုမော်ကိုချစ်ခဲ့တာမောင်ရဲ့။ နှင်းလည်း မကောင်းဘူးနော် မောင်။ နှင်းရဲ့လုပ်ရပ်ကိုလည်း မမ မကြိုက်ပါဘူး။မကြိုက်ပေမယ့်လည်း နှင်းကို မမ စာနာသနားမိတယ်။ဒါက သူ့ရဲ့သစ္စာဖောက်တဲ့လုပ်ရပ်ကိုစာနာတာမဟုတ်ဘူးနော် မောင်။ ချစ်မိသွားခဲ့တဲ့ သူ့ရဲ့နှလုံးသားကို စာနာတာ။
ကိုအောင့်အကြောင်း ဆက်ပြောပြမယ်နော် မောင်။
နှင်းက သူ ကိုအောင့်ကို သစ္စာဖောက်လိုက်မိပြီလို့ပြောတော့ "နှင်း ဖြစ်ချင်တာမှန်သမျှ ဖြစ်စေရမှာပေါ့လို့ ကိုအောင်က ပြောတယ်မောင်"။
"အာ့ဆို ကိုအောင်က နှင်းကို သိပ်ချစ်တာပေါ့နော် မမ"
မမပြောတာပြီးအောင်နားထောင်ပါဦးမောင်ရယ်။
တကယ်ဆိုရင် ကိုအောင်ကလည်း နှင်းကို ဖြစ်ချင်တာဖြစ်ခွင့်မပေးခဲ့ပါဘူး။မောင့်ကို တစ်ခုပြောပြဖို့ကျန်ခဲ့တယ်မောင်။အဲဒါကလေ...နှင်းက လက်ထပ်မယ့်သူကိုငြင်းလိုက်ပြီလို့ ယုမော်ကိုညာပြောခဲ့တာပဲမောင်။နှင်းကညာခဲ့လို့သာ ယုမော်က နှင်းနဲ့ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တယ်လို့မြင်တယ်။ဒါကိုမသိတဲ့ ကိုအောင်က ယုမော်ကို ကြာကူလီကောင်ဆိုပြီးပြောတာကျ မတရားဘူးလို့ မမထင်တယ်။ မမထင်သလို မောင်ရော ထင်လားဟင်...။
"မောင်က သေချာမှ မဖတ်ရသေးဘဲမမရဲ့...ဘယ်လိုထင်တတ်မလဲ။ပြီးတော့ မမက ယုမော်နဲ့ နှင်း ဘယ်လိုစတွေ့ကြလဲဆိုတာလည်း ပြောမပြဘူး"
မောင်သေချာသိချင်လား...။သိချင်ရင် မောင်ကိုယ်တိုင်ဖတ်ကြည့်...။
"မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်"ဆိုတဲ့အတိုင်း မိန်းမတစ်ယောက်က ဘာတွေကို ဖွင့်ဟဝန်ခံသွားလဲဆိုတာလည်း မောင်သိရမယ်။လူနှစ်ယောက်(ယောကျာ်းနဲ့မိန်းမ)အိမ်ထောင်ပြုကြတဲ့အခါမှာ ချစ်သူဘဝကထက် အစစအရာ နားလည်ခွင့်လွှတ်ပေးဖို့လိုကြောင်း၊မာန်မာနတွေမထားသင့်ကြောင်း၊ အချစ်တစ်ခုတည်းနဲ့ အရာရာ မအောင်မြင်နိုင်ကြောင်းလည်း မောင်သိရမယ်။
အလျော့အတင်းတွေ၊ဒေါသတွေ ပြေလျော့မှုတွေ၊ မတူညီတဲ့ပတ်ဝန်းကျင်အနေအထားတွေကို ဂရုစိုက်လွန်းတဲ့အခါ မဖြစ်သင့်တာတွေဖြစ်တတ်တယ်ဆိုတာတွေ သိရအောင် မောင်ကိုယ်တိုင်ဖတ်ကြည့်ပါကွယ်...ပြီးရင် မမတို့ အမြင်ခြင်း ဖလှယ်ကြမယ်လေ နော် ...မောင်။
"ဟုတ်ကဲ့ပါဗျ... မောင် ဖတ်ကြည့်မယ်နော်"
#T.Kyi
#မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
#ဂျူး
Keep Reading