အက္ခရာ - Haruki
သားရေ... သူများပါးစပ်များမှာ လမ်းမဆုံးစေနဲ့။ အဖေတို့တော့ လမ်းဆုံးခဲ့မိလို့ ဒုက္ခရောက်နေရပြီသား...။
အဖေကျွန်တော့်ကို မနေ့ညက ဆုံးမနေတဲ့ စကားလေးပေါ့။ အဖေနဲ့ အမေ အခုတလော စီးပွားရေးအဆင်မပြေနေတာ ကျွန်တော်သိတယ်။ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။
အခုလိုအချိန် ကျွန်တော် အဖေနဲ့အမေကို ကူညီပြီး သူရဲကောင်းလုပ်ပေးချင်တယ်။ ဒါတွေ ထားပါတော့လေ...။ ဆုံးမစကားလေး ဆက်ပြောကြပါစို့...။
သူများပြောတိုင်း မယုံပါနဲ့။
တိတိကျကျပြောရရင် လွယ်လွယ်မယုံခိုင်းတာပါ။ မိတ်ဆွေဆိုပြီးလည်း စိတ်မချပါနဲ့ဦး။ အရက်စက်ဆုံးရန်သူဆိုတာ ကိုယ်နဲ့အနီးဆုံးမှာရှိနေတတ်တယ်တဲ့။ အရင်းနှီးဆုံးမိတ်ဆွေလည်း အချိန်မရွေး ကိုယ့်ရန်သူဖြစ်သွားနိုင်တယ်။
အခုလိုခေတ်ပျက်ဆို ပိုဆိုးတာပေါ့။ ကိုယ်ကောင်းစားဖို့ သူငယ်ချင်းကိုချနင်းဖို့ ဝန်မလေးကြတော့ဘူး။
လောကကြီးမှာက လူအမျိုးမျိုးစိတ်အထွေထွေ....။ ကိုယ့်ကို ကောင်းစေချင်လို့ပြောတာရှိမယ်၊ ဆိုးစေချင်လို့ အကျင့်ယုတ်ပြီးပြောတာရှိမယ်။
ဘယ်အရာကိုမှ သူများစကားချက်ချင်းမယုံပါနဲ့။ ကိစ္စအဝဝကို ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်သုံးသပ်၊ ကိုယ်တိုင်ဆန်းစစ်၊ ကိုယ််တိုင်ဆင်ခြင်ပြီးမှ သူပြောတာမှန်သလား၊ မှားသလားဆုံးဖြတ်ပါ။
မင်းဘာမှအသုံးမကျဘူးလို့ ပြောနေတဲ့လူတွေရှိမယ်။
သူတို့ပြောတာဟုတ်လား။ ချက်ချင်းမယုံနဲ့။ ကိုယ့်ကိုယ်ကိုယ်ပြန်လေ့လာဆန်းစစ်ကြည့် ငါတကယ်အသုံးမကျတာပဲလား။ ဟုတ်တယ်ဆို ငါဘာတွေအသုံးကျအောင်လုပ်ရမလဲ။ ပြန်ကြိုးစားပေါ့။ လောကမှာ အသုံးမကျတဲ့လူ၊ အသုံးမဝင်တဲ့လူဆိုတာ မရှိဘူး။
လူတိုင်းဟာ သူ့နေရာနဲ့သူ အသုံးဝင်တာကြီးပဲ။ လူမှမဟုတ်ဘူး၊ သက်မဲ့အရာဝတ္ထုတွေရောပါပဲ။ အရာရာကို အလွယ်တကူ မယုံကြည်လိုက်ပါနဲ့။ ကိုယ်တိုင် ကိုယ့်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပါ။
ကိုယ့်အသိဉာဏ်နဲ့ပဲ ကိုယ့်လမ်းကိုယ့်ဘာသာဖောက်ပါ၊ ရဲရဲဝံ့ဝံ့လျှောက်ပါ။ သူများပါးစပ်နဲ့တော့ လမ်းမဆုံးပါစေနဲ့။
နွေဦးအက္ခရာ ( May 30, 2024 . 12:10 PM )
Keep Reading