စောမြတ်နွယ်
ကျွန်မတို့ စိတ်ခံစားချက်တွေက တစ်ခါတစ်ရံ ထိန်းချုပ်ဖို့ရာ အလွန်မတန်ခက်ခဲပါတယ်။အထူးသဖြင့် ဒေါသထွက်နေတဲ့အချိန်မျိုးမှာပေါ့။ဒေါသဖြစ်နေတဲ့အချိန်မှာ ဒေါသစိတ်ကို ထိန်းချုပ်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာပါ။
ဆရာတော်ဥူးသုမင်္ဂလဟောတဲ့တရားတော်ထဲမှာ ဆရာတော်ပြောပြတာလေးရှိတယ်။ တစ်ခါမှာ ဘာအကြောင်းအရာရယ်ကြောင့်တော့မသိဘူး။ဆရာတော်က ဒေါသတအားထွက်နေတာ။အဲ့အချိန်မှာ ဘုရားရှင်ကို ဖျတ်ခနဲသွားပြီးသတိရလိုက်တယ်တဲ့။
အဲ့ဒီမှာ သတိရဆို ဆရာတော်က ချက်ချင်းပဲ " ဒေါသကင်းစင်ဘုရားရှင်ကို ငါသည်ဦးခိုက်ပါ၏ဘုရား" ဆိုပြီး သုံးကြိမ်သုံးခါ ရှိခိုးဦးခိုက်မိတယ်တဲ့။ ဒေါသကြောင့် ပူလောင်နေတဲ့စိတ်တွေဟာလည်း ချက်ချင်းငြိမ်းအေးသွားတယ်တဲ့။
ဒါပေမယ့် တကယ်တမ်းကျတော့ ဒေါသစိတ်ဖြစ်နေတဲ့အချိန်မှာ ဘုရားရှင်ကို တွေးမိဖို့ သတိရဖို့ဆိုတာ မလွယ်ပါဘူး။ပညာရှိသူတော်ကောင်းေတွမှသာ သတိမြန်မြန်ကပ်ပြီး ဒေါသစိတ်ကို ချိုးနှိမ်နိုင်တာပါ။
" ဒေါသစိတ်ဟာ လူတစ်ယောက်ရဲ့ စဥ်းစားဆင်ခြင်ဥာဏ်ကို ကန်းသွားစေတယ်"တဲ့။ လူတစ်ယောက်ဟာ ဒေါသစိတ်လွှမ်းမိုးလာပြီဆိုရင် အမှန်ကိုမမြင်နိုင်မတွေးနိုင်တော့ပါဘူး။နှုတ်ကထွက်ကျလာတဲ့ စကားလုံးတွေဟာလည်း မညင်သာတော့ပါဘူး။ဒေါသစိတ်ကြောင့် ကြမ်းကြမ်းတမ်းတမ်း ရင့်ရင့်သီးသီးစကားတွေ ပြောမိဆိုမိတတ်ပါတယ်။ဒေါသအရှိန်ပြင်းရင် ပြင်းသလောက် တုံ့ပြန်မှုတွေက ဆိုးရွားနိုင်ပါတယ်။
ဒါကြောင့် ပညာရှိတွေက "ဒေါသထွက်နေတဲ့အချိန်မှာ သင်၏ပါးစပ်ကို ပိတ်ထားပါ" လို့ပြောခဲ့တာ။ ကျွန်မတို့လူတွေဆိုတာကလည်း ပုထုဇဥ်လူသားေတွဆိုေတာ့လောဘ၊ဒေါသ၊မောဟတွေနဲ့ မကင်းနိုင်ကြဘူးမဟုတ်လား။
ကျွန်မတို့ဘုရားရှင် ဘုရားအဖြစ်ရတော်မူတဲ့အချိန်မှာ လောဘ၊ဒေါသ၊မောဟတွေ လွှမ်းမိုးနေတဲ့လူတွေကိုကြည့်ပြီး " ငါဒီလူတွေကို တရားဟောလို့ ရ ရနိုင်ပါ့မလားလို့ အားငယ်စိတ်တောင်ဝင်မိတယ်တဲ့"။
ဘုရားရှင်ကတော့ ဒေါသဖြစ်နေတဲ့သူကိုတွေ့ရင် ဒေါသစိတ်ကြောင့် သူ့မှာ ပူလောင်နေပါလား သနားစရာပါလားဆိုပြီး မြင်သတဲ့။ကျွန်မတို့တွေကတော့ ဘုရားရှင်လို မမြင်မိ မတွေးမိဘူးပေါ့။
ဘာဖြစ်လို့လည်းဆိုတော့ ဘုရားရှင်ရဲ့အသိနဲ့ ကျွန်မတို့အသိနဲ့က တူမှမတူဘဲကိုး။ဘုရားရှင်ဆိုတာက သဗ္ဗညုတရွှေဥာဏ်တော်ကိုရရှိတော်မူထားတာဆိုတော့ အလုံးစုံအကုန်သိမြင်ပြီးသားပေကိုး။
ကျွန်မတို့ အသိမတူရင် အမြင်မတူပါဘူး။အမြင်မတူရင် ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေအပေါ် တုံ့ပြန်ပုံချင်း တွေးပုံချင်း မတူပါဘူး။
သီတဂူဆရာတော်ဘုရားကြီးဟောထားတဲ့တရားတော်ထဲမှာ "သည်းခံတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ သတ္တိရှိတဲ့သူတွေမှ လုပ်နိုင်တာတဲ့။နောက်ပြီး အသိကြီးမှ သဘောထားကြီးနိုင်တယ်။အသိမကြီးရင် သဘောထားမကြီးနိုင်ဘူးတဲ့"။
ဆရာတော်ဘုရားဟောတာကို သေသေချာချာ စေ့စေ့စပ်စပ်တွေးကြည့်ပါ။ကျွန်မတို့ဗုဒ္ဓဘုရားရှင်ကိုပဲကြည့်ပါ။ဘုရားရှင်ဟာ အလုံးစုံအကုန်သိပြီးသားဆိုတော့ သူ့အပေါ်ဘယ်လိုပဲ အကောက်ကြံပါစေ မေတ္တာမပျက်ဘူး။ခွင့်လွှတ်နိုင်တယ်။သဘောထားကြီးနိုင်တယ်။သူ့အပေါ်အကောက်ကြံတဲ့သူကို သနားစရာပါလားလို့ပဲမြင်တယ်။
ကျွန်မတို့နည်းနည်းသိတဲ့သူက နည်းနည်းသူများအတွက် စဥ်းစားတယ်။ များများသိတဲ့သူက များများသူများအတွက် စဥ်းစားတယ်။ဘာမှမသိတဲ့သူက သူ့အတွက်လည်း မစဥ်းစားဘူး။သူများအတွက်လည်း မစဥ်းစားတတ်ပါဘူး။ အကုန်သိသွားတဲ့ ဘုရားရှင်ကျတော့ သူ့အတွက်ဆိုတာဘာမှမရှိဘူး။ သတ္တဝါတွေကောင်းကျိုးအတွက်ဆိုတာပဲ တွေးတော့တယ်။
ကျွန်မတို့လူတစ်ဦးချင်းဆီမှာလည်း အသိပညာရှိဖို့ အလွန်အရေးကြီးပါတယ်။ အသိပညာကွာသွားတာနဲ့အမျှ ဘဝတွေပါ ကွာခြားသွားတတ်ပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်ဦးနုလက်ထက်က ကျောက်ရောဂါ၊ ပုလိပ်ရောဂါတွေဖြစ်တော့ အစိုးရက ကာကွယ်ဆေးကို အခမဲ့ထိုးပေးပေမယ့် လူတွေက လာမထိုးကြဘူးတဲ့။အသိပညာဗဟုသုတ ခေါင်းပါးတဲ့အခါကျတော့ ကာကွယ်ဆေးထိုးတာဟာ သူတို့အတွက်ဆိုတာလည်း မသိကြဘူးနဲ့တူပါတယ်။အဲ့ဒီတော့ အစိုးရက ဆေးလာထိုးအောင် ဆေးလာထိုးတဲ့သူကို ပိုက်ဆံပေးမယ်ဆိုပြီး ကြေငြာမှ လာထိုးကြသတဲ့။
အဲ့ဒီတော့ အသိပညာမရှိဘူးဆိုမှဖြင့် သူများအတွက်ဆိုတာအဝေးကြီး။ကိုယ့်အတွက်ကိုယ်တောင် လုပ်ရကောင်းမှန်းမသိဘူး။ဒါကြောင့်မို့ အသိပညာရှိဖို့ အလွန်မတန်အရေးကြီးတယ် ပြောရတာ။
အဲ့ဒီအသိပညာဆိုတဲ့အရာကလည်း စာအုပ်စာပေတွေထဲမှာပဲ ရှိတာပါ။အသိဥာဏ်မြင့်မားတဲ့ မိသားစု၊အသိဥာဏ်မြင့်မားတဲ့ပတ်ဝန်းကျင်၊ အသိဥာဏ်မြင့်တဲ့လူတွေစုနေတဲ့ လုပ်ငန်းခွင်၊ ကျေးရွာ၊နိုင်ငံတွေဟာ ငြိမ်းချမ်းပါတယ်။တိုးတက်ပါတယ်။
အသိနည်းတဲ့သူတွေ စုမိပြီဆိုမှဖြင့် ကိုယ်သိတာလောက်လေးနဲ့ ကိုယ်လုပ်တာမှ အမှန်ထင် ကိုယ်ပြောတာမှ အမှန်ထင်ပြီး ညှိနိုင်းလို့လည်း မရတတ်ပါဘူး။ အဲ့ဒီတော့ စည်းလုံးမှုပြိုကွဲတတ်ပါတယ်။စည်းလုံးမှုမရှိတော့ဘူးဆိုရင် မတိုးတက်နိုင်ပါဘူး။မငြိမ်းချမ်းနိုင်တော့ပါဘူး။
ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောပါတယ်။" အတတ်ပညာက လူတော်ဖြစ်အောင်ပဲလုပ်ပေးနိုင်ပါတယ်။လူကောင်းဖြစ်ဖို့ဆိုရင် အသိပညာလိုအပ်တယ်တဲ့"။
ကျွန်မကိုယ်ကျွန်မ လူကောင်းပါလို့မပြောပါဘူးရှင်။ကျွန်မလည်း ဒေါသကြီးပါတယ်။အမှားလည်းမကင်းနိုင်ပါဘူး။ကိုယ်မှန်တယ်ထင်ရင်လည်း အလျှော့မပေးချင်တတ်ပါဘူး။ဒါပေမယ့် အခုလိုစာထဲက အသိတွေ တရားတော်တွေထဲက အသိတွေ သိထားဖတ်ထားတော့ ကိုယ်ဒေါသဖြစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမလို့ရပါတယ်။
အဲ့ဒီတော့ ဘာမှမသိထားတာနဲ့စာရင်တော့ ဒီအသိလေးနည်းနည်းကလည်း ကိုယ့်အတွက် အထောက်အပံ့ဖြစ်စေပါတယ်။အဲ့ဒီတော့ ကျွန်မပြောချင်တာက ပြဿနာဖြစ်တဲ့အခါ ဒေါသရှေ့ထားမှားတတ်တာမို့ ဒေါသဖြစ်လာတဲ့အချိန်တိုင်း ကိုယ့်စိတ်ကို ခဏလေး အေးအောင်ထားပြီး
မှ ပြသာနာကို ဖြေရှင်းပါလို့ အကြံပြုလိုက်ပါရစေရှင်။
#စောမြတ်နွယ်
Keep Reading