SarPhat Author
လူတွေက လူတွေကိုပဲ
စိတ်ဝင်စားတယ်ဆိုတဲ့ အချက်ကို
အသုံးချ ဒဇိုင်းရေးဆွဲထားတဲ့
Social Media တိုင်းက အချင်းချင်း
စကားပြော ဆက်သွယ်ချိတ်ဆက်ရတဲ့
Platform တွေအဖြစ် ရှိနေတာပါ
ဒီနေရာတွေမှာ ကိုယ်ပဲသိတဲ့
ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကို
ကိုယ်မပြောရင် ဘယ်သူစီကမှ
ကြားရမှာမှ မဟုတ်တာပဲ
ကိုယ် ကြုံတွေ့ ခံလိုက်ရလို့
တခြားသူကို ကိုယ့်လို မဖြစ်အောင်
သတိပေး အကြံပေးတာက အစ
အိပ်ချင်မူးတူးနဲ့ ဖိနပ်ကို
ဟိုဘက်တစ်ဖက် ဒီဘက်တစ်ဖက်
တစ်ရံစီ မှားစီးသွားတာအဆုံး
တခြား ပြောကိုပြောပြရမယ့်
ကိုယ်လုပ်နေကိုင်နေတဲ့ နယ်ပယ်မှာ
စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေ
ကိုယ်တတ်ကျွမ်းထားတဲ့ ပညာနဲ့
အသိတွေ မျှဝေနေရင်း ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်နေတာတွေ
တခြားသူတွေထက် စောသိ ပိုသိထားတဲ့
အရာတွေကို ရှင်းပြလင်းပြ တာတွေ
ကိုယ့်ရဲ့ကျွမ်းကျင်ရာ စွမ်းရည်တွေ
ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုတွေကို
ကိုယ်မှ မပြောရင် ဘယ်သူပြောမှာလဲ
ကိုယ် သီချင်းဆိုတတ်တာကို
ကိုယ်မှမဆိုပြရင် ကိုယ့်အစား
ဘယ်သူက လာဆိုပြမှာလဲ
ပညာရပ်တစ်ခုကို ကိုယ်က
နားလည်အောင် သင်ပြပေးနိုင်နေတာကို
ကိုယ်ကမှ ထ သင်မပေးရင်
ဘယ်သူက လာသင်ပေးမှာလဲ
ဇာတ်ကားတွေ၊ သီချင်းတွေ
စာအုပ်တွေ ပုံနေအောင်ရှိတဲ့အထဲ
ကိုယ်ဖတ်ဖူး ကြည့်ဖူး နားထောင်ဖူးတဲ့
အရာတွေက တခြားသူတွေလည်း
ရှာတွေ့သွားသင့်တာတွေ ဖြစ်နေမယ်ဆိုရင်
ကိုယ်ကမှ ပြန်မညွှန်းပေးရင်
ဘယ်သူက လာညွှန်းပေးမှာလဲ
လိုအပ်ပေမယ့် လူသိပ်မဝင်စားလို့
ရှာကြံမဖတ်ကြတဲ့ အရာတွေကို
စိတ်ဝင်စားအောင် ကိုယ်မှပြန်ပြင်
မရေးပေးရင် ဘယ်သူက ရေးပေးမှာလဲ
ပွဲတော်ကျင်းပဖို့ တစ်အိမ်ကို
ဝိုင် တစ်ပုလင်းစီ ယူလာခိုင်းသလိုပေါ့
ကိုယ်တစ်ယောက်လောက်
ပုလင်းထဲ ရေလေး ထည့်ယူလာရုံနဲ့
ဝိုင်အရသာ မပျက်သွားပါဘူး
တွေးပေမယ့် တကယ့်တကယ်ကျ
ရေတွေအပြည့်နဲ့ စည်ပိုင်းပဲ
ဖြစ်သွားခဲ့ရတာ မဟုတ်လား
ကိုယ့်ထက် ပိုသိတဲ့ တတ်တဲ့သူတွေ
ရေးပါ ပြောပါလိမ့်မယ် ဆိုတာက
လူတိုင်းနီးပါး အတွေးတူကြတော့
ပေါ့ရွှတ်ရွှတ်တွေ ဖြစ်နေမြင်နေရရင်း
ကြားထဲက နစ်နာစရာတွေ ရှိလာခဲ့တယ်
တကယ်လို့ ကိုယ့်အစား
လုပ်ကိုင်ပေးနေတဲ့ လူနည်းစုက
ကိုယ့်မျက်စိရှေ့ ရှိနေပြီဆိုရင်
အဲ့အရာထဲမှာ မှားနေလွဲနေတာတွေ ပါလား
ကိုယ်သိထားတဲ့ အကြောင်းအရာတွေပါ
ထပ်ထည့် ဖြည့်ပြောလိုက်ရင်
ပို ပြည့်စုံသွားမလား ဆိုပြီး
အပြုသဘောဆောင်
ဝေဖန်ထောက်ပြမှုတွေ လုပ်ရင်း
ထပ်ဆင့် မျှဝေပေးတာကို
ကိုယ်မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ
ကိုယ်တို့ ကမ္ဘာကြီးက လူကောင်းတွေဆီက Content ကောင်းတွေ အများကြီးလိုအပ်တယ်
ဒီနိုင်ငံမှာဆို ပို့လို့တောင် လိုအပ်တယ်
ခန္ဓာကိုယ်ထဲက လူကိုအကျိုးပြုတဲ့
အဏုဇီဝပိုးလေးတွေ ပိုအားကောင်းလာရင်
ဘေးဥပါဒ်ဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေကို
ပြန်တိုက်ထုတ်နိုင်သွားလို့ ခန္ဓာကိုယ်အတွင်းမှာ သန့်စင်ပြီး နေလို့ကောင်းသွားတာမျိုးလိုပေါ့
ကိုယ် ဘာလုပ်နိုင်လဲ ဆိုတာကို
ပြောပြ လုပ်ပြထားတဲ့ video တစ်ခုက
တခြား လိမ်လည်နေတဲ့ Post တွေ
စိတ်အနှောက်အယှက် ဖြစ်စရာတွေကို
ကျော်ပြီး လူတွေဆီ ရောက်သွားတာက
ပိုလို့မကောင်းဘူးလား
ကိုယ်မျှဝေတာတွေက တခြားသူတွေ
ဖြေရှင်းရမယ့် ပြဿနာတွေရဲ့
အဖြေတွေ သွားဖြစ်နေစေရင်
ကျေနပ်ရတဲ့အထဲ ကိုယ်ရောမပါဘူးလား
တစ်ယောက်ပဲ ရှိနေပါစေဦးတော့
ကိုယ်တို့တွေ အဲ့တစ်ယောက်အတွက်
အမြဲပြောပြသွားတဲ့ တာဝန်ကို
ယူထားဖို့ လိုအပ်တယ်
လူတွေဟာ တစ်ယောက်ရဲ့ စကားသံကို
တစ်ယောက် ကြားနေရဖို့ လိုအပ်တယ်
အတူရယ်မောကြဖို့ လိုအပ်တယ်
အချင်းချင်း ထွေးပွေ့နှစ်သိမ့်ပေးဖို့
အားပေးဆွဲထူပေးနေဖို့ လိုအပ်တယ်
စကားတွေပြောရင်းပဲ
လူချင်း စိတ်ချင်း ရင်းနှီးလာကြဖို့
တကယ် လိုအပ်တယ်
ဒါမှသာ ပြောင်မြောက်တဲ့
လက်ရာတွေကို အတူဖန်တီးရင်း
အိုင်ဒီယာတွေကို မျှဝေကြရင်း
အလုပ်တွေ ပေါင်းစပ်လုပ်ကြရင်း
ဝန်တွေကို မျှထမ်းကြရင်း
ဒီခေတ်ကို တောင့်ခံထားကြရင်းသာ
အနာဂတ်ကို အသင့်ပြင်ဆင်ထားနိုင်မှာ
ကိုယ်တို့တွေရဲ့ နေရပ်တွေတောင်
တစ်ယောက် တစ်နေရာစီ
ဖြစ်နေကြပြီနော်
ကိုယ်တို့ရဲ့ စိတ်တွေချင်းတော့
ထပ်ပြီး ဝေးလို့ မဖြစ်ဘူး
ကောင်းတဲ့ရပ်ဝန်းတွေမှာ
အမြဲချိတ်ဆက်ထားရင်း
စကားတွေ ပြောရင်းသာ
လမ်းတွေကို ဆက်လျှောက်
သွားကြရမှာ မဟုတ်လား
ဒါကို လူတွေအများကြီးရှိနေကြတဲ့
Social Media ကို အသုံးချပြီး
လုပ်လို့ရနေတဲ့ ဥစ္စာ..
ဒီနေ့ကစပြီး ကိုယ်တို့တွေ..
လက်ချင်း တွဲထားကြရအောင် လေနော် ✨
the White writes
Keep Reading