SarPhat Author
*သတိတရ ရှိနေဆဲပါ*
၁
ကိုမျိုးတစ်ယောက် မီဒီယာလုပ်ငန်းကို ဝါသနာပါလို့ ကင်မရာသင်တန်းတက်ပြီး ကုပ္မဏီတစ်ခုမှာ အလုပ်လျှောက်ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီကုပ္မဏီက အလုပ်တန်းခန့်ပါတယ်။ ဒီလိုနဲ့ ကိုမျိုးဆိုတဲ့ကျွန်တော်ဟာ အွန်လိုင်းမီဒီယာကုပ္မဏီမှာ ကင်မရာမန်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ကုပ္မဏီက အသစ်ဆိုတော့ အစကနေစရတာပေါ့။ ကုန်ပ္မဏီမှာ ကျွန်တော်စအလုပ်လုပ်တော့ အလုပ်သမားနဲ့ သူဌေး ပေါင်းမှ ငါးယောက်ပဲရှိပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေတယ်။ ထမင်းကျွေးတယ်။ ကျွန်တော်က ဝက်သား၊ အမဲသား မစားဘူးဆိုတာ ကြိုပြောထားရတာပေါ့။ ရှောင်တာတော့မဟုတ်ဘူးဗျ။ မကြိုက်လို့မစားတာပါ။
အွန်လိုင်းမီဒီယာလုပ်ငန်းဆိုတော့ ကိုယ်ရိုက်တဲ့ သတင်းတွေ၊ ပွဲအခမ်းအနားတွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဝေဝေဆာဆာနဲ့ တက်လာတာကို ကြည့်ရှုသူတွေက like ပေး၊ comments တွေရေးကြတာကို တွေ့ရတော့ ပျော်တာပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ကုပ္မဏီလေးက နာမည်ရလာပြီး ကုန်ပ္မဏီကြီးသဖွယ် နေ့ချင်းညချင်း ပြောင်းလည်းလာတော့တာပေါ့။
ဒီလိုနဲ့ပဲ သူဌေးကလည်း လိုအပ်တဲ့ဌာနတွေကို လူတွေထပ်ဖြည့်တယ်။ ကုပ္မဏီက လူတွေများများလာတယ်။ အဲ့ဒီလို လူတွေထပ်ဖြည့်တဲ့အထဲမှာ ကျွန်တော်လေ ကောင်မလေးတစ်ယောက်ကို မျက်စိကျခဲ့ရတယ်။ သူက မာကတ်တင်းဌာနမှာ အလုပ်လုပ်တယ်။ နာမည်က နှင်းစက်တဲ့။ အရပ်ကပုတုတု၊ အသားကညိုတိုတို၊ ဆံပင်ကရွှေအိုရောင် ကျောပေါ်မှာချထားပြီး ဖြောင့်စင်းနေတာပဲ။ မျက်ဆံနက်နက်၊ မျက်နှာဝိုင်းဝိုင်း၊ အာသွက်လျှာသွက်၊ မဟုတ်ရင်မခံတတ်သူလေး။
ကျွန်တော် သူမကို ကုပ္မဏီထဲမှာကို အိန္ဒြေမဆည်နိုင်အောင် ခိုးခိုးပြီးကြည့်ခဲ့ရတယ်။ ဒါကို သူလည်းသိချင် သိနေမှာပါ။ Production team တစ်ခုလုံးကတောင် ကျွန်တော့ကို ဘိုဖြူရဲ့ ပြည့်စုံပါစေဆိုတဲ့ သီချင်းလေးနဲ့တောင် စကြ၊ နောက်ကြသေးတယ်။
ရက်နည်းနည်းကြာလာတော့ ကျွန်တော် သူမနဲ့ ရင်းနှီးအောင် ကြိုးစားပါတော့တယ်။ သူမနဲ့ စကားရောဖောရော ဝင်ပြောကြည့်တယ်။ သူမက ခင်ဖို့ကောင်းတယ်။ ကျွန်တော်က သူမနေထိုင်ရာကို မေးကြည့်လိုက်တော့ ကျွန်တော်နေထိုင်ရာနေရာနဲ့ တကယ့်ကို နီးနီးလေးပဲဆိုတာ သိခဲ့ရတယ်။ သူမ အလုပ်ကိုလာရင် ကျွန်တော်တို့အနားက ကားမှတ်တိုင်မှာ ကားစောင့်ပြီးစီးတယ်တဲ့။ နောက်နေ့ကျရင် အတူတူသွားရအောင်လို့ ကျွန်တော်ကပြောတော့ ကောင်းတာပေါ့တဲ့။ သူလည်းအဖော်ရတာပေါ့တဲ့လေ။ ဒီလိုနဲ့ပဲ ကျွန်တော်သူ့ရဲ့ ဖုန်းနံပါတ်ကိုတောင်းခဲ့တယ်။ သူမကလည်း ကျွန်တော့ကို ဖုန်းနံပါတ်ပေးခဲ့တယ်။ ပျော်လိုက်တာလေ။ ပြောမပြတတ်အောင်ပါပဲ။ ကျွန်တော် အသက် ၃၀ အထိ မိန်းကလေးတွေမြင်တိုင်း လိုက်ချင်၊ ကြိုက်ချင်တာ။ ဒါပေမယ့် ခင်မင်ရင်းနှီးပြီးသွားရင် ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်တစ်ဆင့် တက်ရမှာလည်း ကြောက်နေမိတယ်။ ကျွန်တော် အရဲစွန့်ပြီး ပြောလိုက်လို့ သူကမကြိုက်ရင် ခင်မင်ရင်းနှီးမှုကြီးပါ ပျက်စီးသွားမှာစိုးရိမ်တယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျွန်တော်ကားမှတ်တိုင်မှာ အစောကြီးထဲက ကြိုရောက်နှင့်နေပြီလေ။ နာရီကိုကြည့်တော့ ရှစ်နာရီထိုးဖို့ နာရီဝက်ကြီးများတောင် လိုသေးတယ်။ ဒီလိုနဲ့ပဲ ကားမှတ်တိုင်မှာ ရှစ်နာရီထိုးတဲ့အထိ စောင့်နေခဲ့ရတယ်။ ရှစ်နာရီထိုးတော့ သူကဆိုင်ကယ် ကယ်ရီနဲ့ ကားမှတ်တိုင်ကို ရောက်လာတယ်။ ... လှလိုက်တာဗျာ။ မြန်မာဝတ်စုံလေးဝတ်ထားတယ်။ ကျွန်တော်ရောက်နေပြီ ဆိုတဲ့အကြောင်း သူသိအောင် သူ့အနားသွားလိုက်တယ်။ သူက ကျွန်တော့ကိုတွေ့တော့ပြုံးပြတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တယ်။ ကျွန်တော် ဘာကဘယ်လို စပြောရမှန်းမသိဘူး။ လက်ဖျားတွေအေးပြီး ချွေးစည်းတွေလည်း ထွက်လို့။
ကျွန်တော်တို့ အလုပ်ရှေ့ကို ရောက်တဲ့ ဘတ်စ်ကားဆိုလို့ မီနီဘတ်စ်ကားပဲရှိတာပါ။ ဒါကြောင့်ကျွန်တော်တို့ ဘာမှမပြောရသေးခင်မှာပဲ မီနီဘတ်စ်ကားရောက်လာလို့ ကားပေါ်အပြေးအလွှား တက်ခဲ့ကြတယ်။ ကျွန်တော်က အရပ်ရှည်တော့ ဘတ်စ်ကားပေါ်မှာ ခေါင်းမလွတ်ဘူး ခါးကိုကုန်းနေပြီးစီးရတယ်။ သူကတော့ အဆင်ပြေတာပေါ့။ မီနီဘတ်စ်ကားက ဒီနေ့ကျမှ ပြိုင်ပြီးမောင်းလိုက်ကြတာဆိုတာလေ၊၊ ဟိုဘက်ကိုယိမ်းလိုက်၊ သည်ဘက်ကိုယိမ်းလိုက်နဲ့ ကျွန်တော့မှာ ကားဆရာကြီးနဲ့ ကားစပယ်ယာကြီးတို့ကို ကျေးဇူးတွေတင်ပြီး စိတ်ထဲကနေမေတ္တာတွေလည်း ပို့လိုက်ရတာ အကြိမ်ကြိမ်အခါခါပါပဲဗျာ။ သူ့ရဲ့ ရင်ခွင်မီအရပ်ကလေးက ကျွန်တော့ရဲ့ ရင်ခွင်ထဲကို ကားဘရိတ် ဆောင့်ဆောင့်အုပ်လိုက်တိုင်း ဝင်ဝင်လာတာ ရင်တွေခုန်လိုက်တာဗျာ။
"ကားကလည်း ဒီနေ့ကျမှ ပြိုင်မောင်းနေကြတယ်နော်။"
သူမက ကျွန်တော့ကို ဘတ်စ်ကားရဲ့အပေါ်တန်းကို ကိုင်ထားရင်း တိုးတိုးလေးနဲ့ ကျွန်တော်ကြားအောင် လာပြောတယ်။
"အင်း ဟုတ်တယ်နော်"
ကျွန်တော်ဘာဆက်ပြောရမှန်း မသိလို့ စကားကိုတိုတိုပဲ ပြန်ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော် ဟူး ဆိုပြီး မှုတ်ထုတ်ကြည့်တယ်။ ကျွန်တော့ပါးစပ်က မနက်ထဲက ဘာမှမစားထားရင် အနံ့ထွက်တတ်လို့ ပူရှိန်းသကြားလုံးလေး ငုံထားတာ အခုဆိုရင် ပါးစပ်ထဲမှာ မရှိတော့ဘူးဆိုတော့ အနံ့ထွက်လောက်ပြီ အထင်နဲ့ လုပ်ကြည့်လိုက်မိတယ်။
"ကိုမျိုးအဆင်ပြေရဲ့လား"
"ဗျာ...၊ အော် ဟုတ် ပြေ ပြေပါတယ်"
"မသိပါဘူး စောစောက ကိုမျိုး သက်ပြင်းချလိုက်တာလားလို့"
"အော်၊ ဟုတ် ဟုတ်ကဲ့၊ ရ ရပါတယ်၊ ဘာမှမဖြစ်ဘူး"
ကျွန်တော် ပါးစပ်အနံ့ထွက်မှာစိုးလို့ လုပ်မိတဲ့အကြောင်း မပြောပြဖြစ်ခဲ့ဘူး။ ကားဘရိတ်နင်းလိုက်တိုင်း သူလဲကျသွားမှာ ကျွန်တော်စိုးရိမ်တယ်။ ကျွန်တော်သူ့ကို အသားယူသလိုဖြစ်မှာစိုးလို့ သူ့အသားကိုမထိပေမယ့် ကျွန်တော်ဘက်ကို အရှိန်လွန်လာတဲ့အခါ ရင်ဘတ်ကြီးဖွင့်ပေးထားတယ်။ ကျွန်တော်နဲ့ဆန့်ကျင်ဘက် နေရာကို အရှိန်လွန်သွားတဲ့အခါ မီရာလှမ်းပြီး သူ လဲမကျသွားအောင်ဆွဲပေးတယ်။ ဒါပေမယ့် မိန်းကလေးတွေရဲ့ စိတ်ကို မဖတ်တတ်သူမို့ သူ့ကို အသားယူတယ်ထင်ပြီး ကျွန်တော့ကို မုန်းသွားမှာ၊ နောက်ထပ် နေ့တိုင်း အတူတူမပြန်ရမှာ၊ အတူတူမသွားရမှာ ကြောက်မိတယ်ဗျာ။
ကျွန်တော် အတွေးလွန်နေတာနဲ့ပဲ ရှေ့အနားဆိုရင် ဆင်းရတော့မယ်ဆိုတာ သိရတော့ အခုရပ်မယ့်မှတ်တိုင်မှာ ဆင်းမယ်နော်လို့ ပါးစပ်ကမပြောရဲလို့ လက်ဟန်ခြေဟန်နဲ့ ပြောလိုက်တယ်။ သူတော့ ကျွန်တော့်ကို တမျိုးထင်သွားမယ်ထင်တယ်ဗျ။ ဘာလို့လည်းဆိုရင် တစ်ခါတလေမှာ ကျွန်တော်က လူတစ်ယောက်ကို စကားမပြောချင်ရင် ဒါမှမဟုတ် ရှိန်နေ၊ ကြောက်နေရင် စကားမပြောပဲ လက်ဟန်ခြေဟန်နဲ့ပဲ ပြောတတ်တယ်ဗျ။ အဲ့ဒါကြောင့်လည်း တစ်ချို့တစ်ချို့သော လူတွေက မတူသလိုမတန်သလို ဆက်ဆံတာလားလို့ မေးတတ်၊ ပြောတတ်ကြတယ်။
လိုင်းကားပေါ်ကနေ ကျွန်တော်အရင်ဆင်းတယ်ဗျာ။ ဆင်းပြီးတော့ သူဆင်းလာတာကို စောင့်နေပေးတယ်။ သူ အန္တရာယ်မရှိ ဆင်းလာလို့ ကျွန်တော်လည်း ကုပ္မဏီရှိရာကို လမ်းလျှောက် လှည့်ထွက်ခဲ့တယ်။ လမ်းမှာတော့ သူနဲ့ ဘာစကားမှ မပြောဖြစ်ကြဘူး။ ကားမှတ်တိုင်နဲ့ ကုပ္မဏီက တော်တော်လေး နီးတယ်။ ကျွန်တော်က ကုပ္မဏီကို မဝင်သေးပဲ လက်ဘက်ရည်ဆိုင် ရှိရာဘက် လှည့်ထွက်ခဲ့တယ်။
"နှင်းစက် ကျွန်တော် မုန့်စားပြီးမှ တက်ခဲ့တော့မယ်၊ နင်ရော ဘာစားပြီးပြီလဲ"
ကျွန်တော်က သူ့ကိုစကားလှမ်းပြောလိုက်တယ်။
"အပေါ်တက်လိုက်အုံးမယ်၊ ပြီးမှ ပြန်ဆင်းပြီးစားတော့မယ်"
သူမက ကျွန်တော့ကို ပြန်ဖြေတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း လက်ဘက်ရည်ဆိုင်ကို တည့်တည့်မတ်မတ် ထွက်ခဲ့တော့တယ်။
၂
လက်ဘက်ရည်ဆိုင်ရောက်မှ ကျွန်တော်စဉ်းစားမိတော့တယ်။ သူ့ကို မုန့်အတူတူ စားဖို့ခေါ်ခဲ့သင့်တယ်။ ဒါမှ ကျွန်တော်တို့ရင်းနှီးအောင် စကားတွေပြောဖြစ်ကြမှာလေ။ ကျွန်တော်ကလည်း တစ်ခါတလေ တုံးတယ်ဗျာ။
ကျွန်တော်မုန့်စားပြီး အကြံတစ်ခုရခဲ့တယ်။ ကုန်ပ္မဏီက ဈေးနဲ့နီးတော့ ဈေးဘက်သွားပြီး နှင်းဆီပန်းအနီလေးတစ်ပွင့်ကို ဝယ်တယ်။ ကျွန်တော် ကုပ္မဏီအပေါ်ကို တက်ခဲ့တော့ နှင်းစက်တို့အဖွဲ့ မုန့်သွားစားကြတယ်။ ဒါနဲ့ ကျွန်တော်လည်း နှင်းစက်ထိုင်တဲ့ စားပွဲပေါ် နှင်းဆီပန်းကလေး တင်ထားခဲ့တယ်။ ဒါကို တစ်ရုံးလုံးသိတယ်။ သူဌေးပါသိတယ်ဗျာ။ အဲ့ဒီလို တင်ထားပြီးတော့ HR အခန်းထဲဝင် ရောက်တဲ့အချိန်နဲ့အတူ လက်မှတ်ထိုးရမယ့် စာအုပ်မှာ ရေးပြီး လက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ နှင်းစက်ရဲ့ လက်ရေးနဲ့ လက်မှတ်လေးကိုကြည့်ပြီး သဘောတွေ ကျတဲ့အပြင် ပထမဆုံးတွေ့ဖူးတဲ့ ကျွန်တော်သဘောကျနေတဲ့ ကောင်မလေးရဲ့ လက်မှတ်နဲ့လက်ရေးကို ဘောင်းဘီအိတ်ထဲက ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်ထားလိုက်တယ်။
အလုပ်ချိန်မှာတော့ အွန်လိုင်းအစီအစဉ်တွေအတွက် အစည်းအဝေးလုပ်ပြီး ရိုက်ကူးရေးထွက်ဖို့ ပြင်ဆင်ကြရတယ်။ကျွန်တော် ပြင်ဆင်နေဆဲမှာပဲ မာကတ်တင်းဌာနက ကောင်မလေးတစ်ယောက်က စကားလာပြောတယ်။
"မနက်က နှင်းဆီပန်းက ကိုမျိုးလာထားတာမဟုတ်လား"
"ဟင်၊ ဘာနှင်းဆီပန်းလဲ"
"မလိမ်တတ်ပဲ မလိမ်ပါနဲ့နော်၊ အခုပဲ CCTV ကြည့်ပြီးသွားပြီ"
"ဗျာ...! ဒါ ဒါဆို နှင်းလေး သိသွားပြီပေါ့"
"အကုန်လုံး သိပြီးပြီ၊ သူဌေးကအစ သိတယ်"
"ဗျာ သူ သူဌေးပါ သိတာလား၊ ဒါ ဒါနဲ့ နှင်းလေး ဘာပြောသေးလဲ"
"ဘာမှတော့ မပြောဘူးကိုမျိုးရေ၊ ဆက်ပြီးတော့ကြိုးစား၊ ဒီလိုမျိုး ပုံတုန်းကြီးနဲ့တော့ မလုပ်နဲ့ပေါ့။ ဒီထက်ပိုပြီး ရင်ခုန်ရမယ့်ဟာလေးတွေ ရွေးပြီး ကြိုးစား၊ အော်...၊ မေ့လို့၊ ကိုမျိုး သူက လွှမ်းပိုင်ကို ကြိုက်တာသိလား၊ အဲ့ဒါ လွှမ်းပိုင်နဲ့ပတ်သက်တဲ့ ရိုက်ကူးရေးတွေရှိရင် သူ့ကို ခေါ်သွားပေါ့။ ဟုတ်ပြီလား"
"ဟုတ် ဟုတ်ကဲ့"
စကားလာပြောပြီးနောက် မာကတ်တင်းဌာန ရှိရာဆီ လမ်းလျှောက်သွားတော့တယ်။ ကျွန်တော်လည်း ရိုက်ကူးရေးအတွက် ဆက်လက်ပြင်ဆင်လုပ်ကိုင် နေလိုက်တော့တယ်။
၃
ညနေ အလုပ်ဆင်းချိန် ဘာရိုက်ကူးရေးမှ မရှိလို့ သူနဲ့ အတူတူပြန်ခွင့် ရတယ်။
"ကိုမျိုးရေ အကြွေတစ်ထောင်ဖိုးလောက် လဲပေးဖို့ ရှိလား"
နှင်းစက်က ကျွန်တော့ကို ရုံးဆင်း လက်မှတ်မထိုးခင်မှာ မေးတယ်။ ကျွန်တော့ကျောပိုးအိတ်ထဲ အကြွေတွေမှ နည်းတာမဟုတ်ဘူးလေ။ အဲ့ဒါနဲ့ ကျွန်တော်လည်း အကြွေတစ်ထောင်ဖိုး လဲပေးလိုက်တယ်။ သူ့ပိုက်ဆံတစ်ထောင်တန် အဟောင်းလေးကို တယုတယနဲ့ ကျွန်တော်ကိုင်နေကျ ပိုက်ဆံအိတ်လေးထဲ ခေါက်ပြီး သိမ်းထားလိုက်တယ်။
ရုံးဆင်းလက်မှတ်ထိုးပြီး ကိုယ်စီကိုယ်စီ ပြန်ကြတယ်။ ကျွန်တော်လည်း နှင်းစက်နဲ့ အတူတူပြန်ပါတယ်။ လိုင်းကားပေါ်မှာ ကျွန်တော်က ပေါတောတောတွေလုပ်ပြလိုက်၊ သူက ရယ်လိုက်နဲ့ ကျွန်တော်သိပ်ကို ပျော်ခဲ့ရတယ်။ လိုင်းကားပေါ်က ဆင်းတော့လည်း ကျွန်တော် သူဆိုင်ကယ်ကယ်ရီ ငှားမယ့်နေရာအထိ လိုက်ပို့ပေးခဲ့တယ်။ လမ်းလျှောက်လိုက်ပို့ရင်း စကားတွေလည်း ပြောဖြစ်ခဲ့ကြတယ်။
"နှင်းစက်၊ ကျွန်တော် နှင်းစက်ကို နှင်းလို့ပဲ ခေါ်မယ်နော်၊ အဲ့လို ခေါ်လို့ရတယ်မို့လား"
"ရပါတယ် ကြိုက်သလိုခေါ်ပါ"
"ဟုတ်ကဲ့၊ ဒါနဲ့ နှင်းမှာ မောင်နှမ ဘယ်နယောက်ရှိလည်း၊ ဒါမှမဟုတ် နှင်းက တစ်ဦးတည်းသော သမီးလား"
"ကျွန်မမှာ မောင်တစ်ယောက်နဲ့ ညီမတစ်ယောက် ရှိပါသတဲ့ရှင်.....၊ ကိုမျိုးက လူဝင်မှုကြီးကြပ်ရေး မှာလည်း အလုပ်လုပ်တာလား"
"ဗျာ...၊ ဟိုလေ ကျွန်တော်က သိချင်ရုံပါ။ နှင်းက လှနေတော့ နှင်းမှာ ညီအစ်မတွေလည်း ရှိရင် နှင်းလိုပဲ လှကြမှာလို့ တွေးမိလို့ပါ။ ဟဲ ဟဲ၊ ဒါနဲ့လေ နှင်းက လှနေတော့ ကောင်လေးတွေလည်း ဝိုင်းဝိုင်းလည်နေမှာပဲနော်"
"ကျွန်မကို လှတယ်တဲ့လား။ ကျွန်မကို လှတယ်လို့ပြောတဲ့သူ တစ်ယောက် ထပ်တိုးလို့ ကျေးဇူးတင်ပါတယ်ရှင့်၊ တကယ်တော့ ကျွန်မက မလှပါဘူး၊ လှအောင်နေနေလို့ ယောက်ျားလေးတွေက လှတယ်လို့ ထင်နေကြတာပါ၊ ကျွန်မကို ကောင်လေးတွေ ဝိုင်းနေမှာပဲလို့ ပြောတာ တကယ်ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်၊ ကိုမျိုးက ကျွန်မကိုပဲပြောနေတယ်၊ ကိုမျိုးမှာရော ကောင်မလေးမရှိဘူးလား"
"မရှိပါဘူးဗျာ၊ ကျွန်တော့လို ပေါတောတော အတတ ကောင်ကို ဘယ်ကောင်မလေးက ကြိုက်မှာလည်းဗျာ၊ ကျွန်တော်ကသာ လိုက်ကြိုက်နေရတာ၊ ကျွန်တော့နာမည်တောင်ရှိသေး လုံးတီးတဲ့လေ ဟီး ကျွန်တော်က ဝင်လုံးမယ်ကြံလိုက် တခြားတစ်ကောင်က ဝင်တီးသွားလိုက်နဲ့လေ။"
"အမလေးကိုမျိုးရယ် ချိန်ပါလောက်တော့လုပ်ပါ၊ ကိုမျိုးပြောတဲ့စကားက မိန်းကလေးတစ်ယောက်အတွက်ကျတော့ နည်းနည်းရိုင်းတဲ့စကားမျိုးရှင့်၊ ကိုမျိုးက ပေါတောတောနေတတ်ပေမယ့် ငပေါကြီးတစ်ယောက်တော့ မဟုတ်ပါဘူး၊ ပျော်တတ်တဲ့သူလို့ ပြောရမယ် ကိုမျိုးက။ ဒါနဲ့ ကိုမျိုး အသက် ဘယ်လောက်ရှိပြီလဲ"
"၂၉ ကျော်ပြီဗျ၊ သုံးဆယ် ပြည့်တော့မယ်"
"အင်း၊ ကိုမျိုး ဒီတသက် စွံပါအုံးမလား"
"မပြောတတ်ဘူးဗျ၊ ဒါပေမယ့် သဘောကျတဲ့ ကောင်မလေးတော့ တွေ့ပြီဗျ"
"အက်လယ်၊ ဒါဆို ကိုမျိုးဘာဆက်လုပ်မလဲ"
"ကျွန်တော် သူ့ကိုဖွင့်မပြောရဲဘူးဗျ၊ ခင်မင်မှု ပျက်စီးသွားမှာ ကြောက်တယ်"
"ကိုမျိုးကလည်း.....၊ ကိုယ်ကြိုက်တဲ့ကာင်မလေးကိုတော့ ကိုယ်ကြိုက်နေတယ်ဆိုတာ သိအောင်လုပ်ရမယ်လေ၊ မိန်းကလေးတွေဆိုတာ ယောက်ျားလေးတွေနဲ့ တူတာမဟုတ်ဘူးလေ၊ သူဘာကြိုက်တတ်လဲ၊ သူကြိုက်တတ်တာလေးတွေ သူသိအောင်တစ်မျိုး သူမသိအာင်တစ်မျိုး အမျိုးမျိုး လုပ်ပေးပေါ့"
"ဟုတ်ကဲ့ဆရာမကြီး"
"ကျွန်မကို လှောင်တာလား၊ ကျွန်မက ဆရာမကြီးမဟုတ်ဘူး၊ ကိုမျိုးကို အကြံပေးတာ မယူချင်လဲနေတော့၊ မပြောတော့ဘူး"
"စိတ်ဆိုးသွားတာလား၊ စိတ်မဆိုးပါနဲ့ဗျာ ကျွန်တော်က စ တာပါ"
"စိတ်ဆိုးတယ်၊ အဲ့လို မစနဲ့ မကြိုက်ဘူး"
"ဟုတ်ကဲ့၊ မစတော့ပါဘူး၊ စိတ်မဆိုးပါနဲ့တော့ဗျာ၊ အော်...အခုမှ သတိရတယ်၊ ကိုယ်စောင့်နတ် ရုပ်ရှင်ကား ကြည့်ပြီးပြီလား"
"မကြည့်ရသေးဘူး"
"ဟီး စိတ်ဆိုးနေတဲ့ အသံကြီးနဲ့၊ စိတ်မဆိုးပါနဲ့တော့ဗျာ။ ဒီတပါတ် ပိတ်ရက်မှာ ကျွန်တော် ရုပ်ရှင်လိုက်ပြမယ်ဗျာ၊ ရုပ်ရှင်လက်မှတ်ခ ကျွန်တော်ရှင်းမယ်၊ မုန့်တွေဘာတွေကတော့ နှင်းဝယ်ကျွေးပေါ့"
"ကိုမျိုးကလဲ၊ ပို့မယ့်ပို့လဲ ရောက်အောင်တော့ ပို့လေ"
"ရောက်အောင်တော့ ပို့ချင်ပေမယ့် နှင်းက တစ်ယောက်ထဲ လာမှာမှ မဟုတ်တာ၊ သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ ဘယ်မိန်းကလေးက ရုပ်ရှင်တူတူချင်ပါ့မလဲ၊ နှင်းအတွက် စဉ်းစားပေးတာပါ၊ နှင်း သူငယ်ချင်းနှစ်ယောက်လောက် အဖေါ်ခေါ်လာခဲ့လေ၊ သူတို့အတွက်ပါ ကျွန်တော် လက်မှတ်ခ ရှင်းပေးမှာပါ၊ မုန့်ကိုတော့ နှင်းတို့ပဲ ကြိုက်သလို လုပ်ကြပေါ့"
"အောင်မလေး၊ သူကပဲ ပြောရတယ်၊ ကောင်းပြီလေ၊ လက်မှတ်ဝယ်ပြီးရင် အချိန်နဲ့ ဘယ်ရုံလဲဆိုတာ ဖုန်းဆက်လိုက်၊ သွားတော့မယ်"
"ဟုတ်ကဲ့၊ တာ့တာ နှင်း၊ see you နှင်း"
နှင်းစက်တစ်ယောက် ဆိုင်ကယ် ကယ်ရီဂိတ်ရောက်တော့ ဆိုင်ကယ်ငှားပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာအိမ်ပြန် ခဲ့ကြပါတယ်။ အဲ့ ညက စကားတွေ အများကြီး ပြောလိုက်ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ပြီး ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့ရတဲ့ နေ့လေးတစ်နေ့ပေါ့ဗျာ။ ညနက်နက်မှာ လိုင်းပေါ်မှာ ရှိနေလို့ တညလုံး စကားတွေ ပြောဖြစ်ကြတယ်။ သန်းခေါင်ကျော်တော့မှ အိပ်ဖြစ်ခဲ့တယ်။
၄
ပိတ်ရက်မှာတော့ ကျွန်တော်တို့ ရုပ်ရှင်သွားမကြည့်ဖြစ်ခဲ့ပါဘူး။ သူလည်း သူ့အကြောင်းနဲ့သူ မအား၊ ကျွန်တော်လည်း ကျွန်တော့အကြောင်းနဲ့ ကျွန်တော် မအားကြတဲ့အတွက်ကြောင့်ပါ။ နောက်ရက်တွေမှာတော့ ကျွန်တော်အလုပ်မှာ ခွင့်ခဏခဏ ယူနေရတယ်။ HR က ကြာတော့ ငြိုငြင်လာတယ်။ ကျွန်တော်ကလည်း အလုပ်မှာ စိတ်မပျော်မရွှင် ဖြစ်လာတယ်။ ကျွန်တော့ ဖေ့စ်ဘုတ်အကောင့်မှာ ကျွန်တော့မှာ ချစ်ရမယ့်ကောင်မလေး ရှိနေပြီ။ မကြာခင် လက်ထပ်တော့မယ်လို့ ရေးတင်လိုက်တယ်။ နှင်းစက်က comment လာရေးတယ်။ Congratulations တဲ့။ အဲ့ဒီ comment လေးက နှင်းစက် နောက်ဆုံး ကျွန်တော့အကောင့်မှာ comment လာရေးတယ်ဆိုတာ မသိခဲ့ဘူး။
အမှန်တော့ ကျွန်တော့မှာ ချစ်ရမယ့်သူ မရှိပါဘူး။ ကျွန်တော်က အချစ်ကို လိုချင်မူးတူး ဖြစ်ခဲ့ပြီး အရူးထ လျှောက်ပြောခဲ့လို့ပါ။ အသက် ၃၀ အရွယ်အထိ ရည်းစားဆိုတာ ဘာမှန်းမသိတဲ့ကျွန်တော်က မိန်းမလိုချင်စိတ် ဖြစ်ပေါ်လာပြီး Facebook account ထဲက တခြားမိန်းကလေးတစ်ယောက်ရဲ့ ပုံကို save ပြီး လျှာအရိုးမရှိတိုင်း ပါးစပ်အရသာခံ လျှောက်ပြောခဲ့မိတယ်။ ကျွန်တော် အလုပ်ခဏခဏ ခွင့်ယူတာက ဒီထက်လစာပိုရတဲ့ အလုပ်ကို ရှာဖွေပြီး အင်တာဗျူးတွေ ခေါ်တဲ့အခါ သွား သွား ဖြေနေရလို့ပါ။ အိမ်မှာ အသက် ၈၀ အဖေအိုကြီးကို လုပ်ကျွေးနေရသူမို့ လစာပိုရတဲ့ အလုပ်ရရင် အဖေ့ကို ဆေးဖိုးဝါးခအပြင် အခြား ဗာဟီရတွေကအစ ထောက်ပံ့နိုင်မှာမို့ အလုပ်ပြောင်းချင်ရုံပါ။
ကျွန်တော်အလုပ်ဆင်းတဲ့ တစ်ရက်မှာတော့ နှင်းစက် မွေးနေ့နဲ့ကြုံလို့ နှင်းစက်က တရုံးလုံးကို အလုပ်ဆင်းချိန်မှာ ငါးကင်လိုက် ကျွေးပါတယ်။ တရုံးလုံးက ကျွန်တော့ကို နှင်းစက်ဘေးက ခုံမှာ ထိုင်ဖို့ သီးသန့် ဖယ်ပေးပါတယ်။ နှင်းစက်ကလည်း ကျွန်တော့ကို လိုလိုလားလားနဲ့ ထိုင်စေပါတယ်။ ငါးကင်ကို တပျော်တပါးကြီး စားကြပါတယ်။ အားလုံးပေါင်း ၁၂ ယောက်ပါ။ စလိုက် နောက်လိုက်နဲ့ အဲ့ဒီနေ့က ပျော်ခဲ့ရတာ နှင်းစက်နဲ့အတူတူနေခွင့် နောက်ဆုံး ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ နှင်းစက်က ကျွန်တော့ကို လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဂုဏ်ယူပါကြောင်း၊ သူလည်း မကြာခင် ကောင်လေးတစ်ယောက်ကို အဖြေပေးတော့မှာဖြစ်ကြောင်း ပြောပြပါတယ်။ ကျွန်တော်က ဂုဏ်ယူကြောင်း ပြောပါတယ်။ ပြီးတော့ အကြွေလဲပေးဖူးတဲ့ နှင်းစက်ဆီက ပိုက်ဆံတစ်ထောင်တန်ကို ထုတ်လိုက်ပြီး တစ်ထောင်တန်ငွေစက္ကူပေါ် လက်မှတ်ထိုးပေးဖို့ တောင်းဆိုကြည့်ပါတယ်။ နှင်းစက်က ပိုက်ဆံပေါ်မှာ စာရေးတာမကြိုက်ကြောင်း၊ လက်မှတ်လိုချင်ရင် မနက်ဖြန်မှာ စာရွက်တရွက်အပြည့် လက်မှတ်ထိုးပြီး ပေးမှာဖြစ်ကြောင်း၊ လက်မှတ်ကို ဘာကြောင့်လိုချင်ရသလဲ လိုချင်ရတဲ့အကြောင်း ပြောပြစေချင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကသူ့လက်မှတ် ဝိုင်းဝိုင်းပုပုလေးက လှလို့ လက်မှတ်ထိုးတဲ့ ပုံစံကိုကြိုက်လို့ လိုချင်ကြောင်း ပြန်ပြောပါတယ်။ နှင်းစက်တချက်ပြုံးလိုက်ပြီး နာရီကိုကြည့်ကာ မိုးအတော်ချုပ်နေပြီမို့ ပြန်ကြဖို့ပြောပါတယ်။ ငွေရှင်းဖို့ သူငယ်ချင်းတစ်ယောက်က စားပွဲထိုးကို ခေါ်လိုက်ပါတယ်။ ကျွန်တော်က နှင်းစက်ကို tissue လေးဖြဲပေးကာ လက်ပေနေတာတွေ သုတ်ဖို့ လက်ဟန်ခြေဟန်ပြကာ ပေးလိုက်တယ်။
ပိုက်ဆံရှင်းပြီး အားလုံးထပြန်မယ်အလုပ် နှင်းစက်ဆီ ဖုန်းဝင်လာတယ်။ ဖုန်းပြောပြီး နှင်းစက်က ကျွန်တော်တို့အားလုံးကို ပြန်ပြောပြတယ်။ သူ့ကောင်လေးက ဒီဘက်လမ်းကြုံရောက်နေလို့ ကားနဲ့လာကြိုမယ်တဲ့။ သူငယ်ချင်းတစ်ယောက်က နှင်းစက်ကို ကျွန်တော်နဲ့ အတူတူပြန်ဖို့ ကူပြောပေမယ့် ကျွန်တော်က မခေါ်ချင်ကြောင်း၊ လမ်းတနေရာ ဝင်စရာရှိသေးကြောင်းပြောပြီး နှုတ်ဆက်ထွက်ခွါလာခဲ့ပါတယ်။
နောက်တနေ့ အလုပ်မှာ နှင်းစက်က လက်မှတ်ထိုးထားတဲ့ စာရွက်အပိုင်းကလေးကို ကျွန်တော့အတွက်ဆိုကာ သူကိုယ်တိုင်မပေးပဲ တခြားတစ်ယောက်နဲ့ ပေးခိုင်းပါတယ်။ ကျွန်တော် ပျော်ခဲ့ရပါတယ်။ သူ့ဆီက တစ်ထောင်တန်တရွက်ရယ် လက်မှတ်အပြည့် နေရာလွတ်မကျန်ထိုးထားတဲ့ စာရွက် အပိုင်းကလေးရယ် ကျွန်တော်အမှတ်တရ သိမ်းဆည်းထားခွင့် ရခဲ့ပါတယ်။
နေ့လယ် ထမင်းစားချိန်အရောက်မှာ နှင်းစက်က မိန်းကလေးသူငယ်ချင်းတွေနဲ့ သူ့ကောင်လေးကို အဖြေပေးခဲ့ပြီး သူ့ကောင်လေးနဲ့ ကိုယ်စောင့်နတ်ရုပ်ရှင်ကို အတူတူသွားကြည့်ကြကြောင်း၊ ကိုယ်စောင့်နတ်ကားထဲက လွှမ်းပိုင်ရဲ့ သရုပ်ဆောင်ပုံတွေကို သဘောကျကြောင်း၊ ရုပ်ရှင်အတူတူကြည့်ပြီးနောက် အတူတူနှစ်ယောက်ထဲ လျှောက်လည်ကြကြောင်းကို ပျော်ရွှင်နေတဲ့ အမူအရာနဲ့ ပြောပြနေတယ်။ အဲ့ဒီလို ပြောပြနေတဲ့ကြားထဲက မိန်းကလေးတစ်ယောက်က မိန်းကလေးအချင်းချင်းပဲ ရှိတယ်အထင်နဲ့ စ နောက် ပြီးပြောလိုက်တာကို ကျွန်တော်ကြားလိုက်ပါတယ်။ နှင်းစက်က အဲ့ဒီ စ နောက် ပြီးပြောတဲ့ ကောင်မလေးကို ပြန်ပြီး စ နောက် လိုက်ပါတယ်။ သူတို့ပြောနေကြတဲ့ စတဲ့ နောက်တဲ့ စကားကို ကျွန်တော်က ယောက်ျားတစ်ယောက်ဖြစ်ပြီး စကားဆိုတဲ့အတိုင်း စပြီးပြောကတည်းက ချဲ့ကားပြီး production team တစ်ခုလုံးကို ပြောလိုက်ပါတယ်။ ကျွန်တော် ပြောလိုက်တဲ့စကားက စကားမဟုတ်ပဲ အတင်းပြောသလို ဖြစ်သွားပြီး မိန်းကလေးတစ်ယောက်ရဲ့ ကာယိန္ဒြေကို ထိပါးစောကားတဲ့ စကားမျိုးဖြစ်သွားတဲ့အတွက် နားထောင်နေကြတဲ့ production team ထဲက အမျိုးသားတစ်ဦးက ကာယကံရှင် မိန်းကလေးကို ဘယ်အချိန် ဘယ်လိုသွားပြောလိုက်တယ်မသိ၊ HR department က အစ်မတွေက ခေါ်ပြီး စကားအပြောအဆို ဆင်ခြင်ဖို့ သတိပေးပါတယ်။ HR က အစ်မတွေနဲ့ စကားပြောပြီး ထွက်လာတော့ နှင်းစက်က နှစ်ယောက်ထဲ စကားပြောဖို့ ရုံးရဲ့အထွက်ပေါက်ဖြစ်တဲ့ လှေကားပေါက်ကို ခေါ်ပါတယ်။ ကျွန်တော်ပြောတဲ့ စကားက ရိုင်းပြတဲ့ စကားမို့ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာကို ထိခိုက်ပါတယ်ဆိုပြီး ကျွန်တော့ကို နောက်ဒီလိုမပြောဖို့နဲ့ အခုပြောခဲ့တဲ့ စကားကိုလည်း မကြားခဲ့ဘူးလို့ပဲ သဘောထားကြောင်းပြောပါတယ်။
"နင် ပြောမယ့်စကားက ဒါပဲမဟုတ်လား" လို့ကျွန်တော်က မေးပြီး သူ့ဘက်က ဘာမှပြန်မပြောခင်မှာပဲ လှည့်ထွက်ခဲ့ပါတယ်။ ည ရောက်တော့ ဖြစ်ခဲ့တဲ့ကိစ္စကို ပြန်စဉ်းစားပြီး ငါ သူ့ကို တောင်းပန်သင့်တယ်လို့ စဉ်းစားမိပြီး မက်ဆင်ဂျာကနေ တောင်းပန်စကားပို့ဖို့ လိုင်းဖွင့်လိုက်တယ်။ နှင်းစက်ရဲ့ account က ကျွန်တော့ကို block ထားတယ်။ ဒါနဲ့ပဲ ဖုန်းဆက်ပြီး တောင်းပန်မယ်ဆိုပြီး ဖုန်းဆက်ပြန်တော့လည်း ဆက်မရတော့။ နောက်ရက်တွေမှာတော့ ကျွန်တော် အလုပ်ကို သွားချင်စိတ် လုံးဝမရှိတော့ဘူး။
ကျွန်တော် အလုပ်မရတဲ့အဆုံး ကုပ္မဏီကနေ တိတ်တဆိတ် အလုပ်ထွက်ခဲ့ပါတယ်။ ကျွန်တော် လစာထုတ်ပြီး နောက်တစ်ရက်မှာ အလုပ်ကို မသွားတော့ပဲ ကျွန်တော့ရဲ့ဖုန်းကို တပတ်တိတိ aeroplane mode လုပ်ထားသလို Facebook account ကိုလည်း ခဏတာ delete လုပ်ထားခဲ့ပါတယ်။
အိမ်မှာက အဖေ့ရဲ့ ကျန်းမာရေးကြောင့် ကျွန်တော် အလုပ်မရှိ၊ ငွေမရှိရင် အဆင်မပြေလို့ ဘာအလုပ်မှ မလျှောက်တော့ပဲ ဆိုက္ကားတစ်စီး ငှားပြီးနင်းနေပါတယ်။ ကျွန်တော် ဆိုက္ကားနင်းနေရင်း တနေရာမှာ နှင်းစက်နဲ့ တွေ့လိုက်ရတယ်။ ကျွန်တော့ရင်တွေ ခုန်နေတုန်းပါလားလို့ ကျွန်တော်သိလိုက်တယ်။ ပိုက်ဆံအိတ်အပြဲလေးထဲက သူအမှတ်တရဆိုပြီးပေးထားတဲ့ လက်မှတ်ထိုးထားတဲ့ စာရွက်အပိုင်းလေးရယ်၊ သူ ကျွန်တော့ဆီမှာ အကြွေလဲခဲ့တဲ့ တစ်ထောင်တန် အဟောင်းလေးရယ်က အမှတ်တရ အဖြစ်နဲ့သာ ကျန်ရစ်ခဲ့ပါတော့တယ်။
အခုတော့လည်း နှစ်တွေကြာခဲ့ပါပြီလေ။ သူကတော့ အမေ ဆိုတဲ့ ဘဝကပေးတဲ့ ရာထူးကို ရသွားပေမယ့် ကျွန်တော်ကတော့ အရင်လိုပဲ ပေါတောတော၊ အူတူတူ၊ အတတနဲ့ မပြောင်းလဲပဲ ဘဝကို ရှေ့ဆက်နေဆဲပါ။။
ကိုမျိုး
Keep Reading