SarPhat Author

ဂျဲနီကိုနားလည်ပေးလိုက်ပါ
ကျမ အမေ့ကားထဲကို ဝင်ထိုင်လိုက်ပြီး ကွင်းဆင်းအသင်းအိတ်ကို နောက်ခုံပေါ်ပစ်တင်လိုက်တယ် ကားတံခါးကိုဆောင့်ပိတ်လိုက်ပြီး ခါးပတ်ကိုအတင်းဆွဲယူပတ်လိုက်တယ်၊
" သမီး အရမ်း စိတ်ကုန်နေပြီ" လို့ကျမပြောလိုက်ရင်း လျော့ကျနေတဲ့ ပိုနီတေးဆံပင်ကို ပြန်ဆွဲတင်လိုက်တယ်၊
" မေမေသိတယ်" မေမေ ကျမကိုမျက်လုံးတစ်ချက်ဝင့်ကြည့်ပြောရင်း ယဥ်ကျောဘက်ပြန်လှည့်သွားတယ် ပြီးတော့ "အင်း မေမေမှန်းကြည့်မယ် သမီးဆံပင်တွေကြောင့်တော့မဟုတ်ဘူး မလား"
" ဂျဲနီပေါ့မေမေ သူ မိုင်းဂိမ်း (mind game) တွေ ထပ်လုပ်နေပြန်ပြီ" " တရိန်နင် ဆင်းရတာတောင်သူနဲ့ဆက်ဆံရတာလောက် သူ့ခံစားချက်တွေ နားလည်ပေးနေရတာလောက်
မခက်ဘူးမေမေရယ်"
"ဂျဲနီဆိုတာဘယ်သူလေးလဲသမီးရဲ့"
"သူ ဒီကိုရောက်တာ တစ်လလောက်ပဲရှိသေးတယ်မေမေ အစက တင်းမားစ် (Timmers) မှာနေတာ"
"အိုး ဟုတ်တယ် ဂလိုရီယာက သူတို့မှာမွေးစားကလေး အသစ်တစ်ယောက်ရောက်နေတယ် လို့ မေမေ့ကိုပြောတယ်"
"ဒါပေမယ့် သူပြောတာကတော့ အဲ့ကလေးမလေးက ကျောင်း
ပြောင်းလာရပေမယ့် အမှတ်ကောင်းတွေရပြီး ကျောင်းလှုပ်ရှားမှု့တွေမှာလဲပါနေပြီ ဆို"
" သမီးကတော့ သမီးတို့အသင်းထဲသူမပါရင် ကောင်းမှာလို့ဘဲ တွေးမိတော့တယ်"
"ဘာလို့လဲ သမီးရဲ့"
ကျမမေမေကတော့ ကျမရဲ့ အကောင်းဆုံးနားထောင်ဖော်ပဲ
"ပြောချင်တာက မေမေရယ် သမီးတို့ထရိန်နင်ဆင်းရတာ လေးပတ်ရှိနေပြီ အပြေးကျင့်ကြတယ် လေ့ကျင့်ခန်းလုပ်ကြတယ် ဝိတ်မကြတယ် အသင်းအဖွဲ့တစ်ခုလုံးကောင်းအောင်သမီးတို့ အားထုတ်နေကြတယ်"
"ဂျဲနီ ကတော့ စွမ်းအားရှင်လိုပဲ သက်တောင့်သက်သာလေး လမ်းလျောက်ရသလိုပဲအားထုတ်ရတာ" "သူက နည်းပြရဲ့အားထားရသူလေ"
" သမီးတို့နဲ့အတူကွင်းတစ်ပတ်ပြည့်ပြေးနေရင်းနဲ့
ရုတ်တရက် သူကအရမ်းရှေ့ရောက်အောင်အရှိန်မြှင့်ပြေးလိုက်ပြီး သမီးတို့ကနေရာမှာရပ်နေသလိုပုံစံမျိုးနဲ့ သမီးတို့ဆီပြန်ပြေးလာတယ်"
"အဲ့လိုပြေးလာနေတဲ့အချိန်မှာ မျက်နှာကလဲပြုံးလို့ ဆံပင်တွေကလည်း နောက်မှာလှလှလေးဝဲဖြာ လို့"
"ဒါဆို သမီးစိတ်ဆိုးတာက သမီးတို့အသင်းမှာ ပွိုင့်တက်အောင်လုပ်ပေးတဲ့သူ ရှိလို့လား ဒါမှမဟုတ် သူက ပါရမီပိုထူးနေလို့လား ဒါမှမဟုတ် သူ့ဆံပင်တွေသိပ်လှနေလို့လား"
မေမေက ကျမဆံပင်လေးတွေကို လှမ်းသပ်တင်ပေးရင်းမေးလိုက်တယ်
"မေမေနော် သမီးအဲ့လောက်အတွေးမတိမ်ပါဘူး"
"သိပါတယ် သမီးလေးရယ် ဆောရီး အခု မေမေက ပြသနာကိုအဖြေရှာကြည့်နေတာပါ"
"ပြသနာက ဂျဲနီပဲ သူက သမီးတို့ကို အရှိန်မြှင့်ပြီးမြန်မြန်ပြေးဖို့ကူညီပေးတယ်"
"သူ သမီးတို့ကို အားပေးတယ်" "သူ ကြိုးစားလေ့ကျင့်တဲ့အတွက် သမီးတို့လည်းကြိုးစားကြတယ်"
"အခု သမီးတို့ကို cocaptains တွေအဖြစ်မဲပေးခဲ့ကြတယ်"
"ဒီတစ်ပတ်ကျတော့ သူကသဘောထားတစ်မျိုးဖြစ်နေပြန်ပြီမေမေ "
"သမီးရဲ့အချိန်တော်တော်များများ သူ့နောက်
အပြေးလိုက်ကျင့်ရင်း ကုန်နေရတာ"
"ဝေဒနာပေးဖို့မရည်ရွယ်ပါဘူး" မေမေက ကျမကို စလိုက်တယ်
"မေမေ please ဒါတကယ်ခံစားနေရတာနော်"
ကျမသက်ပြင်းချလိုက်ရင်း ရေဘူးထဲကရေကိုမော့သောက်လိုက်တယ်၊
"မနက်ဖြန်သူနဲ့ပြန်တွေ့ရမှာဘဲ သူကဒီအသင်းနဲ့ မပြေးနိုင်တော့ပါဘူးလို့ တချိန်လုံးငြင်းနေတာ သူ့မှာက ခြေထောက်ကြွက်တက်ရတာနဲ့ ခေါင်းကိုက်ရတာနဲ့ အကြောင်းပြချက်မျိုးစုံရှိတယ်" "သမီးအနေနဲ့ သူကိုတောင်းပန်ဖို့ပဲရှိတော့တယ်"
" အသင်းအတွက် နင်ဒီလိုလုပ်လို့မရဘူးလို့ သမီးသူ့ကိုထပ်ခါတလဲလဲပြောပြီးပြီ" " တစ်နေ့လုံးပဲ အတန်းတစ်ချိန်နဲ့တစ်ချိန်ကြားရော နေ့လည်စာစားချိန်ရော လေ့ကျင့်ဖို့သွားတဲ့လမ်းမှာရော အကြိမ်ကြိမ်ပြောနေရတာ မောလှပြီ"
"သူကမပြေးချင်တော့ဘူး မဟုတ်လား"
"ဟုတ်တယ် မေမေ ဒါပေမယ့်သူမပါလို့မဖြစ်ဘူး သမီးတို့အကုန်စိတ်ပင်းပန်းနေကြပြီ"
မေမေကကားကိုဂိုထောင်ထဲသွင်းလိုက်ပြီး ခါတိုင်းလို ညစာစားဖို့အပြေးအလွားပြင်ဆင်မယ့်အစား ကျမဘက်ကိုလှည့်ပြီး
သေချာစိုက်ကြည့်နေရင်း စကားဆက်လိုက်တယ်
"စင်ဒီ အခု သမီးဘာသာအဖြေရှာကြည့်ရမယ် သိလား"
အိုခေ ကောင်းလိုက်တာ ကျမကအကုန်ပြောပြလိုက်တော့ အခုမေမေက pop quiz တစ်ခုပေးတော့မယ်
"ဒါကို လွယ်အောင်လုပ်ရမယ် မဟုတ်လားဟင် မေမေ"
"ဂလိုရီယာက မေမေ့ကို ဂျဲနီ အကြောင်းနည်းနည်းပြောပြဖူးတယ် သူနဲ့ သူမောင်လေးက တချိန်လုံးမွေးစားဂေဟာမှာဘဲနေကြရတယ်" "သူတို့မောင်နှမနှစ်ယောက်ကရင်းရင်းနှီးနှီးရှိကြတယ်တဲ့၊"
"ဂျဲနီ က သူ့မောင်လေးကိုကောင်းကောင်းစောင့်ရှောက်တယ်လို့ ဂေဟာဝန်တမ်းကပြောတယ် တဲ့"
သူတို့ဂေဟာအသစ်ကိုပြောင်းရတဲ့အခါတိုင်း ဂျဲနီပြောလေ့ရှိတာက "ကျမတို့မောင်နှမ နှစ်ယောက်အတူရှိနေရင် ဒါဟာမိသားစုရှိနေတာပါပဲ" တဲ့
ကျမ စိတ်ထိခိုက်သွားတယ် "မေမေ သူ့မောင်လေးတစ်ခုခုဖြစ်သွားတာတော့ မဟုတ်ဘူး မို့လားဟင်"
"မဟုတ်ပါဘူး မောင်လေးကအဆင်ပြေပါတယ် ကလေးရဲ့အဖေ (ဂျဲနီရဲ့ ပထွေး) က သူ့မောင်လေးကို အုပ်ထိန်းခွင့်ရသွားခဲ့တယ်တဲ့"
" သူက ဒီအပတ်ထဲမှာကလေးဆီကို လက်ဆောင်တွေနဲ့လာခဲ့ပြီး ပွေ့ဖက်ထားရင်းအနာဂတ်အတွက်စီအစဥ်ထားတာတွေပါပြောပြတယ် တဲ့"
"တစ်ကယ်လား ကောင်းတာပေါ့နော် မေမေ"
"အင်း ဒါပေမယ့် အဲ့ဒီအနာဂါတ်အစီအစဥ်ထဲမှာ ဂျဲနီအတွက်မပါဘူး သမီးရဲ့"
ကျမရင်ဘတ်ထဲ တင်းကျပ်လာတယ် "ဘာလို့လဲ ??"
"ဘာလို့လဲ ဆိုတော့ ဂျဲနီ ရဲ့အမေနဲ့ သူ့ပထွေးက အခုကွဲသွားကြပြီတဲ့၊ ဂျဲနီ နဲ့သူ့မောင်လေးက အခု မိဘမဲ့ဂေဟာမှာခနပဲအတူနေကြရတော့မှာ"
"ဂျဲနီ ရဲ့အမေကရော"
"သူ့အမေက အရက်စွဲနေတော့ ဂျဲနီထက် အရက်ကိုပဲ ပိုလိုအပ်နေတော့တာ"
"ဂျဲနီမှာ မိသားစုလေးမရှိတော့ဘူးပေါ့နော် သနားပါတယ်"
ကျမမျက်ရည်ဝဲလာတယ်
"မငိုရဘူးလေ" မေမေကကျမဒူးလေးတွေကိုပွတ်ရင်းပြောတယ် " အဲ့ဒါ သမီး pop quiz အတွက်အဖြေပဲ"
ဟုတ်တယ် ကျမ အဖြေရသွားပါပြီ
နောက်နေ့ကျောင်းမှာ ဂျဲနီ ကိုမတွေရဘူး၊ ဂျဲနီရဲ့
မျိုသိပ်ထားတဲ့ ခံစားချက်ကို ကျမနားလည်နိုင်သွားတဲ့အချိန်ကနောက်ကျသွားပြီးလားလို့ တွေးနေမိတယ်။
ကျမအသင်းကားပေါ်နောက်ဆုံးမှ တက်လာခဲ့ပေမယ့်နေရာလွတ်ကျန်နေသေးလို့ ဝမ်းသာသွားတယ်
Headset ကိုဘေးခုံပေါ်မှာတင်ထားလိုက်ပြီးနှစ်နေရာစာဦးထားလိုက်တယ် နောက်ပြီး ဂျဲနီကိုမျှော်နေမိတယ်
ခနနေတော့ နောက်ဆုံးခုံတန်းမှာတစ်ယောက်ထဲ ထိုင်နေတဲ့ဂျဲနီကိုတွေ့လိုက်တယ် လွယ်အိတ်အကြီးကြီးကို မန်ုင်မနင်းလွယ်လိုက်ပြီး ကိုယ်ကိုထိန်းရင်း သူ့ဆီသွားလိုက်တယ်၊
ကျမ သူ့ဘေးနားရောက်သွားတော့ တစ်သင်းလုံးကဘာဆက်ဖြစ်မလဲ လှမ်းကြည့်နေကြတယ်
"ငါနင်ဘေးမှာထိုင်လို့ရလား" ဂျဲနီကပုခုံးတွန့်ပြတယ်
အဲ့ဒါခွင့်ပြုတာဘဲလို့ယူဆပြီးဝင်ထိုင်လိုက်တယ်
" ငါဒီနေ့ နင့်ကိုကျောင်းမှာမတွေ့တော့ နင်ဆက်မလုပ်တော့မှာစိုးရိမ်နေတာ" "ငါ ဆက်လုပ်မလား မလုပ်ဘူးလားလို့ ဂရုစိုက်တဲ့သူ သတိထားမိတဲ့သူရှိမယ်လို့ ငါထင်မထားဘူး"
"ငါ့ကိုလိုအပ်တဲ့သူရှိတယ် လို့လည်း ငါမထင်ပါဘူး"
ကျမဂျဲနီကိုကြည့်ရင်းပြောလိုက်တယ်
"နင်ဒီနေ့ကျောင်းမလာတာ ငါတိုသတိထားမိတာပေါ့၊ ငါတို့နဲ့အတူနင့်ကိုပြေးစေချင်တာလေ
ငါတို့အသင်းကနင့်ကိုလိုအပ်တယ်"
ဂျဲနီကိုကြည့်ရတာ သိပ်ယုံသေးပုံမရဘူး
" ဟုတ်တယ်မဟုတ်လား အဖွဲ့သားတွေရေ" ကျမတိုင်ပင်ခေါ်လိုက်တယ် "ငါတို့ ဂျဲနီကြားအောင်ပြောလိုက်ကြအောင်"
တကားလုံးတိတ်ဆိတ်နေတယ်
အိုး ကျေးဇူးပြုပြီး
ဂျဲနီလိုအပ်နေတာကို ဖြည့်ပေးလိုက်ကြပါ
ကျမစိတ်ထဲမှာ ရေရွတ်နေမိတယ်
"ဝေး" တစ်သင်းလုံးက သူတို့အသင်းသားအတွက်အော်ဟစ်အားပေးလိုက်ကြတယ်
အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင်ကနွေးထွေးသွားတယ်
ဂျဲနီကို ဂရုစိုက်လာကြတယ်၊
သူလဲဒါကိုခံစားမိပါတယ်၊ လောကကိုကြိုးစားအံတုနေရတာတွေလျော့သွားပြီး သက်တောင့်သက်သာဖြစ်သွားတယ်
ဂျဲနီအရင်လိုတောက်တောက်ပပလေးပြုံးနေတယ်
ကျမတို့ ဂျဲနီဘဝရဲ့နာကျင်မှု့တွေကိုတော့ဖယ်ရှားမပေးနိုင်ပေမယ့် ကျမတိုကြောင့်တော့ ထပ်မနာကျင်စေတော့ဘူးပေါ့
သူအဲ့ဒီနေ့က ကျမတို့နဲ့ အတူတူပြေးတယ်၊ တစ်ဦးချင်းပြိုင်ပွဲမှာဆုရခဲ့သလို အသင်းလိုက် တတိယဆုကိုလည်း ရယူနိုင်ခဲ့ကြတယ်။
နောက်ထပ်လည်း မပြေးနိုင်ဘူးလို့သူဘယ်တော့မှထပ်မပြောတော့ဘူး၊ ဒီနှစ်အတွက်အကောင်းဆုံးအသင်းစံချိန်ကိုချိုးနိုင်ခဲ့ကြတယ်၊
ကျမတို့ရဲ့ ရိုးရှင်းတဲ့ ခင်မင်ရင်းနှီးမှု့ ကမ်းလှမ်းချက်ကို သူ့ဘက်က လိုလိုလားလားလက်ခံလိုက်ခြင်းက
ဂျဲနီကို ဆုတံဆိပ် ထက်ပိုအရေးကြီးတဲ့အရာ ပေးခဲ့တယ်
ကျမတို့ဖြည့်ပေးလိုက်တာက ဂျဲနီရဲ့ဆန္ဒလေးပဲ "သူ့ကိုလိုအပ်နေကြတယ် အလိုရှိနေကြတယ်" ဆိုတာပါဘဲ။
Keep Reading