Author's Profile Photo

SarPhat Author

24/05/2024

မုန်တိုင်း (လူငယ်အားမာန် ပညာပေးဝတ္ထုတို)

6 mins read
Life Style
18 Again
မုန်တိုင်း (လူငယ်အားမာန် ပညာပေးဝတ္ထုတို)'s photo


မုန်တိုင်း

ကျွန်တော့နာမည်က မုန်တိုင်း။ နာမည်နဲ့လိုက်အောင်ကို ကျွန်တော့ဘဝက ပြင်းထန်လှတဲ့ မုန်တိုင်းကြီးနဲ့အတူ လူ့ပြည်လူ့ရွာမှာ မျောပါလို့လာခဲ့ရပါတယ်။ ကျွန်တော်က အဖေဘယ်သူ၊ အမေဘယ်သူမှန်းမသိပဲ လူ့လောကကြီးထဲ ရောက်လာခဲ့ရတဲ့ ကလေးငယ် တစ်ယောက်ပါ။ ကျွန်တော် သူများမိသားစုတွေကို ကြည့်ပြီး ဝမ်းနည်းမိတယ်။ သူတို့တွေမှာ အဖေရယ်၊ အမေရယ်၊ မောင်နှမတွေရယ်နဲ့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ကျွန်တော်ကတော့ တစ်ကောင်ကြွက်၊ စာမတတ် ပေမတတ်၊ ဘဝကို လမ်းဘေးအရက်ဆိုင်ထဲက အလုပ်သမားတစ်ယောက် ပုံစံမျိုးနဲ့ ဖြတ်သန်းနေရတယ်။ တစ်ခါတစ်လေ အရက်ဆိုင်ထဲကနေ ကျွန်တော့အရွယ်နဲ့ ကျွန်တော့အောက် ကလေးတွေ ကျောင်းသွားတာ မြင်ရရင် ကျွန်တော်လည်း ကျောင်းတက်ချင်မိတယ်။ ကလေးတွေ စာကျက်နေတာ တွေ့ပြန်ရင် ကျွန်တော်လည်း စာတစ်အုပ်လောက်တော့ လေ့လာကျက်မှတ် ချင်မိတယ်။ ကျွန်တော့အသက်က အဲ့ဒီတုန်းက ၁၄ နှစ်ပါ။ ကျွန်တော် ဘာဝါသနာပါလဲ ဆိုတာ ကိုယ့်ကိုယ်ကို တစ်ခါမှ ပြန်မမေးကြည့်ခဲ့၊ ပြန်မစမ်းစစ်ခဲ့ဖူးဘူး။

ကျွန်တော်က အရက်ဆိုင်မှာ ကျွမ်းကျင်တာကတော့ အရက်စပ်တာရယ်၊ ဟင်းချက်၊ အသုပ်သုပ်တာရယ်၊ စာဖိုမှူးပေါ့။ အဲ့ဒါတွေကျွမ်းကျင်တယ်ဗျ။ ကျွန်တော့ကို ဆိုင်ရှင်ဦးတိုးကြီးနဲ့ အန်တီထားတို့က ခေါ်ပြီး အလုပ်သမားတန်းခန့်လိုက်တာပဲ။ ပြီးတော့ ဖြည်းဖြည်းခြင်း စားပွဲထိုးတာတွေ၊ အချက်အပြုတ်တွေ၊ အတွက်အချက်တွေ သင်ပေးတော့တာပဲ။ အဲ့ဒီနောက် ကျွန်တော်လည်း ကျွမ်းကျင်မှန်းမသိ၊ အကုန်လုံးနီးပါး တတ်ကျွမ်းလာတော့တာပေါ့ဗျာ။ ကျွန်တော် ဒီကို မရောက်ခင်က ကလေးတစ်သိုက်နဲ့ ပိုက်ဆံ တောင်းစားရတဲ့ သူဖြစ်ခဲ့ရတယ်။ ကလေးတစ်သိုက်ရဲ့ အဖွဲ့ခေါင်းဆောင်က တစ်ယောက်ကို တစ်သောင်း နေ့တိုင်းရှာခိုင်းတယ်။ တစ်သောင်းမပြည့်တဲ့ နေ့ဆိုရင် အဆဲခံရ၊ အရိုက်ခံရတယ်။ ဦးတိုးကြီး တို့ ဆိုင်ရှေ့မှာ ပိုက်ဆံတောင်းတယ်။ ဆော့တယ်။ တစ်ရက်ကျတော့ ကျွန်တော် ပိုက်ဆံမတောင်းပဲ ဂေါ်လီပစ်နေတာကို ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် လူကြီးက တွေ့သွားတော့ ဦးတိုးကြီးတို့ ဆိုင်ရှေ့မှာ သွေးထွက်အောင် အရိုက်ခံရတယ်။ အဲ့ဒါကို ဦးတိုးကြီးရဲ့မိန်းမ အန်တီထားက မြင်သွားပြီး လာတားတယ်။ အဲ့ဒီနောက်တော့ ကျွန်တော့ကို ခေါ်ယူမွေးစားတော့တာပဲ။ ကျန်‌တာတွေတော့ ကျွန်တော် သိပ်မမှတ်မိတော့ဘူးဗျ။

@@@@@

တစ်ရက်မှာ ကျွန်တော်တို့ ဆိုင်ကလေးကို လူကြီးသုံးယောက် လာပြီး စားကြ၊ သောက်ကြတယ်။ သူတို့ပြောတဲ့ စကားတွေက ထူးဆန်းတယ်။ စာရေးဆရာတွေလို့လည်း သူတို့ကိုယ်သူတို့ ပြောကြတယ်။ ကျွန်တော် သူတို့ပြောတာတွေ နားထောင်ကြည့်တော့ ကိုယ့်နိုင်ငံအကြောင်းမဟုတ်ပဲ၊ သူများနိုင်ငံအကြောင်းကို ပြောနေကြတာ။ သူတို့ပြောနေကြတာ အမှန်တွေရော ဟုတ်ရဲ့လားမသိပါဘူးဗျာ။ သူများနိုင်ငံတွေက တော်တော်တိုးတက်တာတဲ့။ တိုးတက်တဲ့နိုင်ငံတွေမှာ စာပေတတ်မြောက်သူတွေလည်း များတယ်တဲ့။ စာကြည့်တိုက်တွေလည်း များတယ်တဲ့။ စာဖတ်လို့ တိုးတက်တာတဲ့လေ။ နားထောင်ရတာပျင်းလာတာနဲ့ ကျွန်တော်လည်း နောက်ဖေးချောင်ထဲ ဝင်သွားလိုက်တယ်။

ခဏအကြာမှာ စောစောက စာရေးဆရာလို့ ပြောကြတဲ့အထဲက လူကြီးတစ်ဦးက နောက်ဖေးသွားချင်လို့ ရောက်လာတယ်။

"သား၊ ဆရာ အပေါ့သွားချင်လို့၊ နောက်ဖေးမှာ လူရှိလား"
"မရှိဘူးထင်တယ်"
"အော် အေးအေး၊ ကျေးဇူးပါ"

"ဆရာတဲ့၊ ငါသူ့ဆီက ဘာမှလည်း မသင်ခဲ့ဖူးပဲနဲ့" လို့ ကျွန်တော်နှုတ်ကမပြောပေမယ့် စိတ်ကတွေးမိလိုက်တယ်။ အဲ့ဒီလူကြီး နောက်ဖေးသွားတာကနေ ပြန်ပြီးလာတယ်။

"သားက ဒီမှာအလုပ်လုပ်တာ ကြာပြီမို့လား၊ ဆရာက မထားရဲ့ အစ်ကိုအရင်းပါ၊ စာရေးဆရာပေါ့၊ ဆရာ့နာမည်လဲမှတ်ထား၊ သခ်ျာဂုဏ်ထူး အောင်ဝမ်းတူးတဲ့၊ ဆရာက ပညာရေးစာပေတွေ ရေးတယ်၊ လမ်းတွေ့ရင်လည်း ခေါ်ပါပြောပါ၊ နှုတ်ဆက်ပါ"
"ဟုတ်"

ကျွန်တော်က ဒီဆရာဆိုတဲ့သူ တော်တော်လေရှည်တာပဲလို့ တွေးလိုက်မိတယ်။ ကယ်တင်ရှင်ကြီး အန်တီထားရောက်လာလို့ တော်သေးတယ်။

"အစ်ကို မပြန်သေးဘူးလား၊ ပြန်တော့လေ၊ အစ်ကို့လို စာရေးဆရာတစ်ယောက်က ညီမလေးတို့လို လမ်းဘေးအရက်ဆိုင်ကို မလာသင့်ဘူးနော်"
"ပြန်တော့မှာပါဟ၊ ငါလည်း ဒီကို သိပ်မလာချင်ပါဘူး၊ ငါ့တပည့်လေးတွေ မြင်သွားရင် မကောင်းဘူးလေ၊ အခုဟာက မလာလို့ မဖြစ်လို့ လာရတာ၊ ငါ့တပည့်လေးတစ်ယောက် သူ့မိန်းမနဲ့ရန်ဖြစ်ပြီး နင်တို့ဆိုင်ကို ရောက်နေလို့၊ ဒါနဲ့ ဒီကောင်လေးက ဆိုင်ရှေ့မှာ ပိုက်ဆံတောင်းရင်း အရိုက်ခံရတဲ့ ကလေးလား"
"အင်း၊ ဟုတ်တယ်အစ်ကို"
"ဟေ...၊ သူတောင် အတော်ထွားလာပြီ၊ ဒါနဲ့ သူက သွက်တော့သွက်တယ်နော်၊ နင်တို့သူ့ကို ကျောင်းမထားဘူးလား၊ ကလေးက ကျောင်းနေတဲ့ အရွယ်ဖြစ်နေပြီ"
"ညီမလေးတို့လည်း ကျောင်းထားပေးချင်တာပေါ့ အစ်ကိုရာ၊ ဒါပေမယ့် ..."
"ဒါပေမယ့်တွေ လုပ်မနေနဲ့၊ ဒီအရွယ်ကြီးထိ ကျောင်းမထားပေးသေးဘူး၊ နင်တို့တွေ ကိုယ်ကျိုးစီးပွါးအတွက်ပဲ ကြည့်ကြတယ်။ နင်တို့တွေမှာ လူသားချင်း စာနာသနားမှု မရှိကြဘူး၊ နင်တို့က ငို့ဘသမားတွေ....."

စာရေးဆရာဆိုတဲ့သူကြီးနဲ့ အန်တီထားတို့ စကားများနေကြပြီ။ ကျွန်တော်လည်း နားငြီးလာတာနဲ့၊ လုပ်စရာရှိတဲ့ အလုပ်တွေကို ဆိုင်ရှေ့ယူသွားပြီး ထိုင်လုပ်နေတယ်။ စောစောက စာရေးဆရာဆိုတဲ့ လူကြီးနဲ့အတူတူ စကားပြောနေကြတဲ့အထဲက လူကြီးတစ်ယောက်က ကျွန်တော့ကို ကြည့်ပြီး စကားလှမ်းပြောတယ်။

"သားလေး၊ မင်းအသုပ်သုပ်တာ အတော်ကောင်းတယ်ကွာ၊ နောက်တစ်ခါကျရင် ထမင်းနဲ့စားဖို့ ဟင်းလိုရင် ဒီမှာပဲ လာဝယ်မယ်ကွာ၊ ဒါနဲ့ သားလေးက တစ်ခြားရော ဘာတွေ ဝါသနာပါသေးလဲ"

ကျွန်တော်က ပြန်မဖြေပဲနေလိုက်တယ်။ ပြီးတော့ သူတို့နှစ်ယောက်က တိုးတိုးတိုးတိုးနဲ့ စကားပြောကြတယ်။ သူတို့ တိုးတိုးပြောပေမယ့် ကျွန်တော်ထိုင်နေတဲ့ ဝိုင်းနဲ့ သိပ်မဝေးတာကြောင့် သူတို့ပြောတာကို ကြားနေရတယ်။

သူတို့ပြောတာတွေက ကျွန်တော်က ငယ်ပြီးသွက်လက်ကြောင်း၊ ကလေးကို ပညာသင်ပေးသင့်ကြောင်း၊ သူ့ရဲ့တက်လမ်းတွေကို ဖွင့်ပေးသင့်ကြောင်း၊ သူ့ရဲ့အုပ်ထိမ်းသူတွေကို ကျောင်းထားပေးဖို့ပြောသင့့်ကြောင်း၊ စာပေဖတ်ရှုတတ်အောင်လည်း သင်ပေးသင့်ကြောင်း ပြောကြပါတယ်။

ကျွန်တော်လည်း စာတတ်ချင်ပါတယ်။ စာဖတ်ချင်ပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါက ကျွန်တော့်ကို ဥပက္ခာများ ပြုထားသလားလို့ တွေးထင်နေမိတော့တယ်။ ကျွန်တော် ဘယ်တော့များမှ ကိုယ့်နာမည်ကိုယ် ရေးတတ်ပါ့မလဲ။

@@@@@

အန်တီထားက ဒီရက်ပိုင်းမှာ သိပ်အတွေးလွန်နေတယ်။ ငွေရှင်းလို့ ငွေပြန်အမ်းဖို့ ခေါ်ရင်လည်း မကြားဘူး။ ငေးငေးငိုင်ငိုင်နဲ့။ ဘာဖြစ်နေလည်း မသိပါဘူး။ ဦးတိုးကြီးကလည်း ဆိုင်အလုပ်လုပ်လိုက် အပြင်ထွက်လိုက်နဲ့ အိမ်ကပ်တယ်လည်း သိပ်မရှိဘူး။ ဦးတိုးကြီးနဲ့ အန်တီထားတို့ ရန်များဖြစ်ထားကြသလား မသိပါဘူးဗျာ။

တစ်ရက်မှာ အန်တီထားက ကျွန်တော်အလုပ်လုပ်နေတဲ့ နောက်ဖေးချောင်ထဲ ရောက်လာပြီး "မင်း၊ စာရေးတတ် တော့မယ်" လို့ ပြောသွားတယ်။ ဘာပြောမှန်းတော့ ကျွန်တော်နားမလည်ခဲ့။

နောက်တစ်ရက်မှာ ကျွန်တော့်ကို နေ့ဘက်မှာ ဆရာအောင်ဝမ်းတူးအိမ်မှာနေစေတယ်။ နေ့လည် ၁၂ နာရီနောက်ပိုင်း ဆိုင်ကိုပြန်ပြီး အလုပ်လုပ်ရတယ်။ ဆရာအောင်ဝမ်းတူးအိမ်မှာ အလုပ်လည်းလုပ်ရပြီး စာအရေးနဲ့ အဖတ်ကိုလည်း သင်ပေးတယ်။ သခ်ျာအတွက်အချက်ကိုလည်း သင်ပေးတယ်။ ဆရာအောင်ဝမ်းတူးရဲ့ သမီးလေးနဲ့အတူတူ အဂ်လိပ်စာလည်း သင်ရတယ်။ ဆရာအောင်ဝမ်းတူးရဲ့ သမီးက ကျွန်တော်နဲ့ဆို တစ်နှစ်ပဲ ငယ်တယ်။ ဆိုင်မှာ အလုပ်လုပ်ရင်း စာအံ။ စာအံရင်း အလုပ်လုပ်လာခဲ့တာ ကျွန်တော့ရဲ့ ကြိုးစားချင်စိတ်ကြောင့် ကျွန်တော်ဟာ ကိုယ့်နာမည်ကိုယ် မြန်မာလိုရော၊ အဂ်လိပ်လိုပါ ရေးတတ်၊ ဖတ်တတ်လာခဲ့ပြီ။ ကျွန်တော်ဟာ ဘယ်ကျောင်းကိုမှ မတက်ခဲ့ရပဲ တတ်မြောက်ခဲ့ရတာ ဖြစ်လို့ ကျွန်တော့ရဲ့ ကျောင်းတက်ချင်တဲ့ အာသီသတော့ မပြေပျောက်နိုင်ခဲ့ပါဘူး။

ကျွန်တော် အသက်အရွယ်ကြီးလာပြီး လူပျိုပေါက်အရွယ်ရောက်လာတော့ ကျေးဇူးရှင် ဦးတိုးကြီးက အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူက အရက်ကလေးစပ်ရင်း ဖျော်ရင်း၊ မြည်းရင်း သောက်လာခဲ့တာ နှစ်တွေကြာလာတော့ သူ့မှာ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ် စတာတွေဖြစ်နေတာ အစုံပါပဲတဲ့ဗျာ။ ဆရာဝန်ပြောလို့သိရတာပါ။ ဦးတိုးကြီး ဝဋ်ကျွတ်သွားတာပေါ့။ ဦးတိုးကြီး ဆုံးပြီးနောက်မှာ အန်တီထားပဲ ဆိုင်ကို ဦးစီးရတော့တာပေါ့။ အန်တီထားက စာနည်းနည်းပဲတတ်တာ။ သူ့နာမည်သူ ရေးတတ်ရုံလောက်ပဲ။ စာဖတ်တာ ဘာညာ လုံးဝမရှိဘူး။

ကျွန်တော် အပြင်ရောက်နေတဲ့ တစ်နေ့မှာ အန်တီထားဆီကို လူစိမ်းတစ်ယောက် ရောက်လာပြီး ဦးတိုးကြီး သူ့ဆီက ငွေတွေချေးထားကြောင်းနဲ့ အိမ်နဲ့ဆိုင်ကိုလည်း သူ့ထံပေါင်ထားကြောင်း၊ အခုဆုံးသွားပြီဖြစ်သည့်အတွက် လာသိမ်းကြောင်းပြောပြီး လက်မှတ်လည်းထိုးခိုင်းတယ်။ အန်တီထားက စာမဖတ်တတ်ပေမယ့် ပညာတတ်တယ်။ ကျွန်တော်ပြန်လာမှ လက်မှတ်ထိုးပေးနိုင်မယ်၊ ညနေပြန်လာခဲ့လို့ ချိန်းလိုက်တယ်။ သူများပိုက်ဆံ အလကားလိုချင်နေတဲ့သူတွေပဲလေဗျာ....။ ကျွန်တော်တို့ကို စာမတတ်ဘူးလို့ထင်ပြီး ငွေညှစ်လို့ရမယ်၊ ပစ္စည်းသိမ်းလို့ရမယ်အထင်နဲ့ ညနေမိုးချုပ်လောက် လူအုပ်တောင့်တောင့်နဲ့ ရောက်လာကြတယ်။ ဒါနဲ့ပဲ အဲ့ဒီလူ‌လေးယောက်နဲ့ ကျွန်တော် စကားအေးဆေးပြောတယ်။ ဦးလေးဦးတိုးကြီး ပေါင်ထားခဲ့တယ်ဆိုတဲ့ သူတို့ပြတဲ့ စာရွက်ကို ကျွန်တော်ယူပြိးဖတ်တယ်။ သူတို့တွေက ကျွန်တော်တို့ကို စာမတတ်ဘူးဆိုပြီး အချဉ်လာဖမ်းတာပေါ့။ ကျွန်တော်က သူတို့တွေရဲ့ လိမ်ထားတဲ့စာလို့ သိရပြီး ရပ်ကွက်လူကြီးတစ်ယောက်ကို တစ်ဖက်လှည့်နဲ့ ခေါ်ပြီး တိုးတိုးသာသာ တိုင်ပင်တယ်။ ပြီးတဲ့နောက် ရပ်ကွက်လူကြီးကပဲ သူတို့အဖွဲ့ကို လိမ်လည်မှုနဲ့ တရားစွဲလို့ရကြောင်း ဘာညာပြောတော့ သူတို့အဖွဲ့လေးယောက်လုံးက မှားမှန်းသိပြီး ငွေကြေးကြပ်တည်းနေလို့ ဒီလိုအလွယ်နည်းကို စဉ်းစားမိပြီးလုပ်တာဖြစ်ကြောင်း၊ သူတို့ကို မဖမ်းဖို့၊ တရားမစွဲဖို့ အမျိုးမျိုးတောင်းပန်တယ်။ ကျွန်တော်တို့ကလည်း အမှားကို အမှားမှန်းသိတဲ့အတွက် ခွင့်လွှတ်ကြောင်း၊ နောက်နောင် တစ်ခြားသူများကိုလည်း ဒီလိုမလုပ်ဖို့ တရားချလိုက်ပြီး ရပ်ကွက်လူကြီးက ခံဝန်လက်မှတ်ထိုးခိုင်းလိုက်တယ်။

အန်တီထားက အဲ့ဒီကိစ္စနဲ့ သူစာမတတ်ခဲ့တာကို တော်တော်ယူကျုံးမရ ဖြစ်နေရှာတယ်။ နောက်တော့ အန်တီထားက ကျွန်တော့ကို စားသောက်ဆိုင်တစ်ခုမှာ စာဖိုးမှူးအလုပ်ကို လုပ်ကိုင်စေပြီး လမ်းဘေးက အရက်ဆိုင်လေးကိုပိတ်လိုက်တယ်။ ကျွန်တော့ကိုလည်း စားဖိုမှူးအလုပ် လုပ်ကိုင်ရင်း ဟင်းချက်တဲ့ သင်တန်းတွေကို တက်ခိုင်းတယ်။ သင်တန်းပြီးတော့ ဟိုတယ်ကြီးမှာ စာဖိုမှူးအလုပ်ကို ပြောင်းလုပ်တယ်။ လစာလည်း ကောင်းတယ်။ အန်တီထားလည်း ချောင်ချောင်လည်လည် ဖြစ်လာတယ်။

@@@@@

တစ်ရက်မှာ ဆရာအောင်ဝမ်းတူးတို့အိမ်ကို သွားလည်တယ်။ ဆရာက လူမသိ သူမသိ စားဖိုမှူးဘဝနဲ့ နေသွားတော့မှာလားလို့ မေးတယ်။ ပြီးတော့ သူက အကြံဉာဏ်တွေလည်း ပေးတယ်။ ကျွန်တော်က ဆရာအောင်ဝမ်းတူး အကြံဉာဏ်ပေးတာကို သေချာမှတ်သားပြီး၊ ကိုယ်ချက်ခဲ့တဲ့ ဟင်းအမယ်တွေကို စာအုပ်ထဲမှာ မှတ်သား၊ နှစ်တွေကြာလာတော့ စာအုပ်ထဲက မှတ်သားထားတာတွေကို အားတဲ့အခါ ကိုယ့်ဘာသာ ပေါင်းစပ်ပြီး စမ်းသပ်ချက်ကြည့်၊ အဆင်ပြေတာတွေကို မှတ်သား၊ အဆင်မပြေတာတွေကို ပြင်သင့်တာပြင်တယ်။ နောက်တော့ မှတ်သားထားတာတွေကို စာတစ်တံ ပေတစ်တံ ရေးဖွဲ့ပြီး ဆရာအောင်ဝမ်းတူးကိုပြတော့ ဆရာက အားပေးပြီး စာအုပ်အဖြစ် ထုတ်ဝေပေးတယ်။ ကျွန်တော် ဒီနေ့၊ ဒီလိုစာပေဟောပြောပွဲ စင်မြင့်မှာ တက်ရောက်ပြီး ကျွန်တော့ ဘဝကို အများသူငါသိအောင် ပြောပြရတဲ့အတွက် ကျွန်တော် အင်မတန် ဝမ်းသာပါတယ်။ ကျွန်တော်မရှက်ပါဘူး။ ကျွန်တော်ဟာ ကျောင်းမတက်ခဲ့ရပဲနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးဟော်တယ်စားဖိုမှူး၊ နာမည်ကြီး food blogger တစ်ယောက် ဖြစ်လာအောင် ကူညီပံ့ပိုးပေးတာ ဆရာအောင်ဝမ်းတူးပါ။ ဆရာ့ကို နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း ရှိခိုးဦးချ ကန်တော့ပါတယ်ဆရာ။ ကျွန်တော့ကို လမ်းဘေးက အလေဏတော ဘဝကနေ ကယ်ဆယ်ပေးခဲ့ကြတဲ့ ကျွန်တော့ရဲ့ မွေးစားမိဘတွေ ဖြစ်တဲ့ ဦးတိုးကြီးနဲ့ အန်တီထားတို့ကိုလည်း ရိုသေစွာ ကန်တော့ပါတယ်။ သူတို့တွေသာ မကယ်ခဲ့ရင် ကျွန်တော်အခု ဘယ်ဘဝ ရောက်နေမလဲ မသိဘူး။ သူတို့တွေသာ မကယ်ခဲ့ရင် ကျွန်တော် ဆရာအောင်ဝမ်းတူးနဲ့ တွေ့မှာမဟုတ်ဘူး။ ကျွန်တော် ဆိုတာလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ အရောင်းရဆုံး ဟင်းချက်စာအုပ် စာရင်းထဲမှာလည်း ပါလာနိုင်မှာ မဟုတ်ဘူး။ သူတို့တွေက ကျွန်တော့ရဲ့ ကျေးဇူးရှင် မိဘတွေပါ။ ကျွန်တော့ရဲ့ မိဘအရင်းဘယ်သူဆိုတာ မသိရပေမယ့် ခင်ရာ‌ေဆွမျိုးဆိုတဲ့အတိုင်း အဖေဦးတိုးကြီးနဲ့ အမေထားတို့ကို သားအမြဲတမ်းချစ်ခင်ကြင်နာ ယုယစွာဖြင့် ပြုစုလုပ်ကျွေး သွားပါ့မယ်လို့ အများသူငါရှေ့မှောက်မှာ ကတိပေးပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေဦးတိုးကြီးကို သားရိုသေစွာ ကန်တော့လိုက်ပါတယ်။

ကျွန်တော် နောက်ထပ်ပြောချင်တာကတော့ လမ်းဘေးက အလေအလွင့် ကလေးတစ်ချို့ကို စာတတ်အောင် ကူညီလုပ်ဆောင်ပေးမယ့် စာပေပရဟိတ အဖွဲ့အစည်းတစ်ခု ထူထောင်သွားပါ့မယ်။ လမ်းဘေးက ကလေးတွေ ကျွန်တော့လိုမျိုး မဖြစ်လာရင်တောင်မှ အဆိုးရွားဆုံးတွေနဲ့ မကြုံတွေ့ရလေအောင် စာပေပရဟိတအဖွဲ့အစည်းလေး တစ်ခု ထူထောင်ပြီး မုန်တိုင်းတိုက်ခံရတော့မယ့်အရေးက ဘေးလွတ်သွားကြအောင် ကျွန်တော်နဲ့အတူ ဝိုင်းဝန်းကယ်တင်ပေးကြပါစို့လို့ ပြောကြားရင်း နိဂုဏ်းချုပ်လိုက်ရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စာပေတတ်မြောက်ကြပြီး ကျန်းမာရွှင်လန်းကြပါစေ။ ။

ကိုမျိုး

[လောကကြီးကို ပေးချင်သည်နှင့် လူငယ်ဆိုင်ရာ ဝတ္ထုတိုများ စုစည်းမှုစာအုပ်မှာ ပါဝင်လာသော ကျနော့ရဲ့ ဝတ္ထုတိုလေးပါဗျ။ Photo credit: Htet Htet Tin Zar Facebook]

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်