ဂုဏ်ရည်ကျော်
သန်းခေါင်ကျော်အချိန်လောက်မှာ အိပ်ရာမှ နိုးလာခဲ့သည်။ မိုးရွာနေသောကြောင့်လားမသိ မီးပြတ်နေသည်။ ချမ်းစိမ့်စိမ့်နှင့် ကြောက်သောစိတ်များက လူကိုလွှမ်းမိုးလာသည်။ နေ့လည်ကကြည့်ထားသော သရဲကားကြောင့်ဖြစ်နိုင်ပါသည်။ ထိုသို့ကြောက်စိတ်များက ကျွန်တော့်အဖို့ပြဿနာတစ်ခုဖြစ်လာပါ၏။ အကြောင်းမှာ ကျင်ငယ်စွန့်ရန် မသွားဝံ့ခြင်းပါ။ ထိုပြဿနာသည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်မဆို မဖြေရှင်း၍မရသော အမှုကိစ္စတစ်ခုဖြစ်ပေသည်။ သို့သော် ကြောက်စိတ်များနှင့်အတူ မှောင်မိုက်နေသောလူသွားလမ်းကိုလျှောက်၍ မှောင်မိုက်နေသောသန့်စင်ခန်းထဲကိုသွားရန်မှာ လွန်စွာခက်ခဲသောအလုပ်ပင်။ ဖုန်းမီး(flash flight) ရှိသော်ငြားလည်း အလုပ်မဖြစ်ပါ။ ၎င်းသည် ရုပ်ရှင်ထဲ၌ တွေ့မြင်ရသော ခြောက်လှန့်မှုဇာတ်ကွက်ဇာတ်ရုပ်များကြောင့်ပါ။
အပြင်လက်တွေ့၌( ကျွန်တော်တို့နေသည့်အဆောင်၌) သရဲရှိခြင်း၊ မရှိခြင်းကို မသေချာသေးပေ။ အဆောင်၌ နေလာသည်မှာ တစ်နှစ်ကျော်ရှိသော်လည်း ၎င်းသည် ဝေခွဲမရသောအရာတစ်ခုအနေဖြင့် စိတ်ထဲ၌ကြောက်နေမိခဲ့သည်။ သရဲကို နဖူးတွေ့ဒူးတွေ့မကြုံဖူးသူအား တစ်စုံတစ်ယောက်က သရဲအကြောင်းမပြောခဲ့လျှင် သို့မဟုတ် တခြားခြောက်ခြားဖွယ်ရာတစ်ခုခုကိုသိရှိခွင့်မရခဲ့လျှင် ထိုသူသည် ညသန်းခေါင်သော်ငြား ဘယ်အခါမှကြောက်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။
ကြောက်စိတ်မရှိသောသူများက ပေါ့ပါးလွတ်လပ်ပြီး မည့်သည့်အချိန်အခါ၌မဆို အလုပ်ကိစ္စတစ်ခုကိုဆောင်ရွက်ရန် ဝန်လေးနေမည်မဟုတ်ပေ။ သို့သော် ကြောက်စိတ်များနှင့်လူတစ်ယောက်အဖို့မှာ ကြောက်စိတ်များက ထိုလူကိုဘာမှမလုပ်နိုင်မကိုင်နိုင်အောင် ဆွဲနှောင်ထားပေသည်။ ထိုအခါ အလုပ်မတွင်တော့ပေ။
ဝတ္ထုပုံပြင်ရုပ်ရှင်တို့မှတစ်ဆင့် ဘယာနကရသအား ခံစားရခြင်းကို နှစ်ခြိုက်ကြသော်လည်း တကယ့်လက်တွေ့တွင်မူ ထိုရသသည် မနှစ်မြို့ဖွယ်ရာတစ်ခုအဖြစ်ခံစားမိတတ်ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဘယာနကရသသည် လူတစ်ဦးတစ်ယောက်၏ဘဝတွင် ခံစားရန်လိုအပ်သောရသတစ်ခုဖြစ်ပါသလား။ ထိုညက ကျွန်တော် သန့်စင်ခန်းသွားဖြစ်ခြင်း၊ မဖြစ်ခြင်းကို လျှို့ဝှက်ချက် တစ်ခုအဖြစ် သိမ်းဆည်းလိုက်ပါပြီ။ ကျွန်တော်ကား လွန်စွာကြောက်တတ်ပါပေသည်။
Keep Reading