SarPhat Author
??ည အလွန်??
ဆိုင်ကယ်များကို ပရမ်းပတာဖြင့် အပျင်းမောင်းနှင်နေကြသော ကိုတူးတို့အဖွဲ့။ သူတို့အဖွဲ့က အားလုံးဟာ လူငယ်တွေချည်းပါ။ တရပ်ကွက်လုံး၏ အော့ကြောလန်နေခြင်းကို ခံနေရသောသူများလည်း ဖြစ်ကြသည်။ ခလေးများက အနည်းငယ် ဆိုးသွမ်းကြသည်။ ပြောမနိုင် ဆိုမနိုင်။ သူတို့သည် ပညာမတတ်ကြသောသော်လည်း အားလုံးက ဆိုင်ကယ်ကို နှိုက်နှိုက်ချွတ်ချွတ် နားလည်စွာဖြင့် ပြင်တတ်၊ ဆင်တတ်ကြသည်။ သူတို့အဖွဲ့သည် အားလုံးပေါင်း ၅ ယောက်ရှိကြသည်။
"ကိုတူးရေ...၊ ကိုတူး"
ငတူးအိမ်ရှေ့ လူတယောက် ဟစ်အော်ခေါ်နေသည်။
"ဟဲ့... ဘယ်သူတုန်းဟဲ့။ အိမ်ရှေ့လာအော်နေတာ။ ငတူးက ဒီအချိန် ဘယ်တုန်းက အိပ်ရာထဖူးလို့လဲ။"
အိမ်ရှေ့ခြံဝန်းထဲတွင် အဝတ်လှမ်းနေသော ငတူးအမေက လှမ်းအော်ပြောလိုက်သည်။
"ကျနော်ငစိုးပါ အန်တီ။ ဟို... ကိုတူးကို နှိုးပေးလို့ မရဘူးလားဟင်။ သူရောင်းမယ့် ဆိုင်ကယ်ကို လာဝယ်တဲ့သူက အခုကြည့်ချင်လို့တဲ့ဗျ။ အဲ့ဒါ လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ စောင့်နေလို့ပါ။"
အိမ်ရှေ့က ငစိုး၏ စကားပြောသံကြောင့် အိမ်ပေါ်က ငတူးနိုးလာပြီး ငစိုးကို စကားလှမ်းအော်ပြောလိုက်သည်။
"ဟေ့ကောင် စိုးကြီး ငါလာမယ်လို့ အဲ့ကောင်ကို ပြောလိုက်။"
ထိုသို့ပြောပြီး ပုဆိုးပြင်ဝတ်ကာ အိမ်ထဲ ပြန်လှည့်ဝင်သွားသည်။
"အန်တီ သား သွားလိုက်ပါဦးမယ်ဗျ။"
"ဪ..... အေး အေး။"
ငစိုးက ငတူး၏အမေ ဒေါ်မိုးကို နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
×××××
တညတွင်။
"အန်တီမိုးရေ.....၊ အန်တီမိုး။"
အော်ကာဖြင့် ဝိုင်းကာခေါ်ကြသည်။ အချိန်က သန်းခေါင်ကျော် အချိန်ဖြစ်သည်။ ဒေါ်မိုးမှာ အိပ်နေရာမှ အလူးအလဲထပြီး အိမ်ရှေ့အော်သံကြောင့် ထွက်လာသည်။
"ဟဲ့.....၊ ဘယ်သူတွေတုန်းဟဲ့။ ညကြီးအချိန်မတော် အိမ်ရှေ့လာအော်နေကြတာ။"
ဒေါ်မိုးက အိမ်ရှေ့ရောက်ရောက်ချင်း စကားလှမ်းပြောလိုက်သည်။
"အန်တီ၊ သားပါ ငစိုးလေ.....။ ဒီမှာ ရပ်ကွက်လူကြီးတွေလည်း ပါလာတယ်ဗျ။"
"ဟယ်.....၊ ရပ်ကွက်လူကြီးတွေက ဒီအချိန်ကြီး အိမ်လိုက်လည်ရသလား။ သူများတွေအိပ်ချိန်ကို သူတို့ကမအိပ်ကြဘူး။"
ဒေါ်မိုးက ငစိုး၏စကားကြောင့် ရပ်ကွက်လူကြီးများကို ရွဲ့သလိုလို၊ စောင်းသလိုလို၊ ပြောင်သလိုလို ပြောလိုက်သည်။
"ကျုပ်တို့ အိမ်လည်လာတာမဟုတ်ဘူးဗျ။ ခဗျားသား ကေတီဗွီမှာ ရန်ဖြစ်လို့ အချုပ်ထဲရောက်နေလို့ လာအကြောင်းကြားတာဗျ။"
ရပ်ကွက်လူကြီးတဦးမှ ဒေါ်မိုးကို ရှင်းပြလေသည်။
"ဪ.....၊ ဒါလား။ ဒါက သူဖြစ်နေကျပဲလေ။ သူ့အတွက်က ထမင်းစား၊ ရေသောက်၊ ဗိုက်မှောက်၊ အိပ်နေသလောက်ပဲရှိတယ်။ အချိန်တန် ပြန်လွတ်လာလိမ့်မယ်။ ဒါပဲမဟုတ်လား။ သွားတော့။ ကျမအိပ်ရေးပျက်တယ်။"
ဒေါ်မိုးက ထိုသိုပြောပြီး လှည့်ထွက်ကာ အိမ်ပေါ်သို့တက်၊ တံခါးပိတ်ပြီး ဝင်သွားလေတော့သည်။ ဒေါ်မိုး၏ သားဖြစ်သူ ကိုတူးမှာ ဆိုသွမ်းသုတယောက်ဟု ရပ်ကွက်က မြင်ကြသော်လည်း လူမှန်တယောက် ဖြစ်သည်ကိုတော့ မည်သူမှ မမြင်ကြပေ။ ဒေါ်မိုးက သူ၏သားအမှားလုပ်ထားသည့်သူမဟုတ်သည်ကို သိ၍ ထိုသို့ ရန်ဖြစ် အချုပ်ထဲရောက်တိုင်း လုံးဝ သွားမတွေ့ပေ။ ဟိုးယခင် ငယ်စဉ်အခါကတော့ ဒေါ်မိုးက သူတကာကို အောက်ကျို့ခံကာ သူ၏သားကို အာမခံဖြင့်ထုတ်လိုက်၊ အချုပ်ထဲအထိ သွားတွေ့လိုက် လုပ်နေပေသေးသည်။ နောက်များတွင်တော့ သူ၏သားလုပ်ရပ်များသည် မှန်သည့်ဘက်က ရှိနေသည်ကို သိရသောကြောင့် စခန်းတို့၊ ရပ်ကွက်ရုံးတို့၊ အချုပ်ထဲတို့ကို မည်သည့်အခါမှ မလိုက်တော့ပေ။
ယခုလည်း ရပ်ကွက်လူကြီးများနှင့် ကိုတူး၏သူငယ်ချင်း မောင်စိုးတို့ လှည့်ပြန်ရတော့သည်။
"တွေ့လား၊ လုပ်သွားပုံက။ လူ့ဂွစာမကြီးပါဆိုနေ။"
ရပ်ကွက်လူကြီးတယောက်က လှည့်ပြန်ရင်း ထိုသို့ပြောလိုက်သည်။
"ဦးလေးတို့လည်း သိနေတာပဲဟာကို။ ဘာတွေမျှော်လင့်နေတာလဲ။ အခု သူရိုက်ခွဲလိုက်လို့ ခုန်တွေ၊ ပုလင်းဖိုးတွေကို ဘယ်လိုလုပ်ကြမလဲပဲ စဉ်းစားကြပါအုံးဗျာ။"
ငစိုးက ဆရာကြီးဝင်လုပ်ကာ ပြောလိုက်သည်။
"အေး.....၊ မင်းဘဲပြောတော့သိလား။ အခုဖြစ်တာ မင်းသူငယ်ချင်းကိစ္စလေ။ မင်းတာဝန်ယူပေါ့။"
ရပ်ကွက်လူကြီးတယောက်က ထပ်ပြောသည်။
"သူဖြစ်တာ သူမှန်တယ်လေ။ မှားတဲ့သူကို အလျော်ခိုင်းပေါ့။ ဘာလဲဗျာ ငွေကြေးချို့တဲ့တဲ့သူကိုပဲ နင်းချင်တာလား။ ဟိုဘက်က ကောင်က ဘောစိလေ။ ပြီးတော့ သူတို့ဘက်က ရန်စတာလေ။"
မောင်စိုးက အသေအချာ ရှင်းပြရင်းပင် သူတို့အဖွဲ့ ထွက်ခွါသွားကြတော့သည်။
×××××
"အန်တီ သားက ရဲမင်းထွဍ်ပါ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သား တောင်းပန်ပါတယ်။ အန်တီသားကိုလည်း သားတောင်းပန်ပြီးပါပြီ။ ဒီတရက် နှစ်ရက်အတွင်း အန်တီသား အိမ်ပြန်ရောက်လာမှာပါ။ သားကို ခွင့်လွှတ်ပါနော်။"
ကေတီဗွီမှာ ဘာရန်ငြှိုးရန်စမျှ မရှိပါဘဲနှင့် ရန်စမိပါသော ပိုက်ဆံရှိသားတယောက်က အိမ်ရှေ့ကားကြီးဖြင့် ရောက်လာပြီး ကိုတူး၏ မိခင် ဒေါ်မိုးကို ဝန်ချတောင်းပန် ရှိခိုးကန်တော့သည်။
"အေး.....၊ မင်းရှိခိုးကန်တော့တာကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေနဲ့ ငွေတွေကိုတော့ ပြန်ယူသွား။ အဒေါ်တို့က ဆင်းရဲပေမဲ့ မာနတော့ရှိတယ်။"
ဒေါ်မိုးက လာရောက်တောင်းပန်သူကို ပြန်လည် ပြောလိုက်သည်။
အိမ်ရှေ့တွင်တော့ ဆင်းရဲသားရပ်ကွက် ဖြစ်သည့်အတွက် ဒေါ်မိုးတို့အိမ်ရှေ့ ကားအကောင်းစားကြီး ရပ်ထားသောကြောင့် ရပ်ကွက်အတွင်းမှ သတင်းထောက်များက အတင်းအဖျင်းပြောဖို့ရာ လူအုံနေကြသည်။ ဒေါ်မိုးအိမ်ထဲမှ ဒေါ်မိုးနှင့်အတူ တခြားသော သူများလည်း ထွက်လာကြသည်။ ရပ်ကွက်ထဲမှ လူများကလည်း ဒေါ်မိုးတို့အဖွဲ့ကို ကြည့်ကာ ကွစိကွစ တယောက်တပေါက် ပြောနေကြသည်။
"ဟဲ့..... ဒေါ်မိုးတို့အိမ်ကို သူဌေးရောက်လာတယ်ဆိုတော့ သူ့သားကိုတူး ကိစ္စပဲ ဖြစ်မှာပေါ့နော်။"
"ဟုတ်တာပေါ့ဟဲ့။ ကေတီဗွီမှာ သူ့သားရန်ဖြစ်တဲ့ကိစ္စ အခဲမကြေလို့ သူ့အမေကို ရန်လာတွေ့တာ ဖြစ်မှာပေါ့။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ဖြစ်နိုင်တယ်။"
"ဖြစ်နိုင်တာမဟုတ်ဘူးဟဲ့။ ဖြစ်နေတာ၊ ဒေါ်မိုးတယောက် သနားပါတယ်ဟယ်။ သားဖြစ်တဲ့သူက အချုပ်ကျ၊ အာမခံနဲ့ ထုတ်ဖို့ကလည်း ငွေမရှိ၊ သူ့သားကလည်း ဆိုးလွမ်းပါတယ်ဟယ်။"
"ဟုတ်ပဟယ်။ သူ့သားက ဆိုင်ကယ်တစီးနဲ့ ဘာအလုပ်မှ မယ်မယ်ရရလည်း မလုပ်ဘူး။ ညဘက်ဆိုလည်း လူခြေတိတ်ချိန်အထိ သူ့ဆိုင်ကယ်သံက တဗြင်းဗြင်းနဲ့ ညသန်းခေါင်ကျော်အထိ အိပ်လို့ကို မရဘူး။ အခု သူအချုပ်ကျနေလို့ ကျမတို့တွေ ညဘက် စောစောအိပ်လို့ရနေတာ။"
"ဟုတ်ပ၊ ဟုတ်ပ။ အဲ့ဒိ သူဌေးကို ကျေးဇူးတင်ပါတယ်။ ဘယ်တော့မှ အချုပ်ထဲကနေ ပြန်မထွက်ရအောင် လုပ်ပေးပါလို့ ပြောရမယ်။"
"ညည်းပဲပြော၊ ကျုပ်တို့တော့ မပြောဘူးတော်ရေ။ ဒေါ်မိုးပါးစပ်အကြောင်း တရပ်ကွက်လုံးလည်း သိနေတာပဲဟာ။ ဟဲ့..... ဟိုမှာ ဒေါ်မိုးတို့ရောက်နေပြီ တိတ်တိတ်နေကြ။"
သူဌေးသားက ကားအကောင်းစားကြီးအနား ရောက်ရှိလာပြီး ဒေါ်မိုးကို တချက်လှည့်ကြည့်လိုက်သည်။ ပြီးနောက် ကားတံခါးကိုဆွဲဖွင့်ကာ ကားပေါ်တက်၊ ကားစက်နှိုးပြီး ဖြည်းဖြည်းချင်း မောင်းကာ ထွက်ခွါသွားတော့သည်။ စောစောက ရပ်ကွက်ဘီဘီစီများကတော့ မထွက်ခွါနိုင်ကြသေးပေ။ ဒေါ်မိုးကို ကြည့်ကာ တီးတိုးပြောနေကြပြန်သည်။
"ဟဲ့.....၊ ညည်းတို့က ဘာလဲ။ ငါ့ကို မမြင်ဘူးလို့လားဟမ်။"
ဒေါ်မိုးက သူ့ကိုကြည့်နေသူများကို လှမ်းအော်ပြောရင်း အိမ်ပေါ်ပြန်တက်သွားတော့သည်။ ရပ်ကွက်ဘီဘီစီများကတော့ ဆက်လက်ပြောဆိုကြရင်း အသီးသီး ထွက်ခွါသွားကြတော့သည်။
×××××
ကိုတူးအိမ်ပြန်ရောက်လာသည်။ ညနေစောင်းအချိန်တွင် သူ၏ဆိုင်ကယ်ကို သ, နေသည်။
"ဟဲ့သား.....၊ ဒီနေ့မှ အပြင်ကပြန်ရောက်တယ်။ နည်းနည်းပါးပါး နားပါအုံးလား။ ဘာလဲ ညဘက် အပြင်ထွက်မလို့လား။"
ဒေါ်မိုးက သူ၏သား ဆိုင်ကယ်ကိုပွတ်တိုက်နေသည်ကို မြင်သည့်အခါ လှမ်းပြောလိုက်သည်။
"ဟုတ်တယ်အမေရေ။ ကျနော် နှစ်ပတ်လောက် ပျောက်သွားတော့ အိမ်မှာ ငွေပိုငွေလျှံလေးတောင် မရှိတော့ဘူး။ အဲ့ဒါ ညဘက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ရပေါက်ရလမ်း သွားရှာရအုံးမယ်အမေရေ။"
ကိုတူးက သူ၏အမေကို ထိုသို့ ပြန်ပြောလိုက်သည်။ ဒေါ်မိုးသည် ကိုတူး၏ လုပ်စာကို စားနေရသောကြောင့် ဘာမျှဆက်မပြောတော့ပေ။ ကိုတူးက အမေတခု သားတခု၊ သူ၏အမေကို အလုပ်အကျွေးပြုလာခဲ့သည်မှာ ကိုးတန်းအရွယ်ကပင်ဖြစ်သည်။ သူ ကိုးတန်းရောက်သည့်အရွယ်တွင် အဖေဖြစ်သူအရက်သမားကြီးမှာ အရက်ဆိုင်အတွင်း ရန်ဖြစ်ကာ ဒါးထိုးခံရသောကြောင့် ကွယ်လွန်သွားခဲ့ရပြီး တဦးတည်းသောသား ကိုတူးက ကျောင်းဆက်မတက်တော့ဘဲ အမေဖြစ်သူကို ရရာလုပ်ကိုင်ရင်း ရှာဖွေ ကျွေးမွေးလုပ်ကျွေးခဲ့သည်။ သမ္မာအာဇီဝကျသောအလုပ်ဖြင့် ရှာဖွေကျွေးမွေးသောကြောင့် ကိုတူး၏အမေက ကိုတူးကိုယုံကြည်သည်။ ထို့ကြောင့်လည်း ဘာမှဆက်လက်ပြောဆိုခြင်း မပြုသည်ဖြစ်သည်။
"ကိုတူးရေ.....၊ ကိုတူး။"
လူငယ်တယောက် အော်ဟစ်ရင်း ရောက်လာသည်။
"ဟေ့ကောင်၊ ကျော်ကျော် ဘာလို့အသည်းအသန် အော်ခေါ်နေရတာလဲ။"
ဆိုင်ကယ်ကို ပွတ်တိုက်ဆေးကြောနေရင်း ကိုတူးက ကျော်ကျော်ဆိုသော လူငယ်လေးတစ်ယောက်ကို လှမ်းပြောလိုက်သည်။
"ဟိုတလောတုန်းက ကိုတူးတို့နဲ့ ဆိုင်ကယ်ပြိုင်မောင်းရင်း ရှုံးသွားတဲ့ အောင်ကြီးတို့အဖွဲ့က ကိုတူးပြန်ရောက်ပြီကြားလို့တဲ့၊ အဲ့ဒါ ဒီနေ့ည မကြေပွဲ ပြန်နွှဲကြရအောင်တဲ့၊ ကျနော့ကို အပြောခိုင်းလိုက်တယ်။ ကြေးလည်း များမယ်တဲ့။"
"ဟေ.....၊ ငါလည်း ပိုက်ဆံလိုနေတာနဲ့ အတော်ဘဲကွာ။ အေး၊ ပြိုင်ပွဲလို့ ပြောလိုက်ကွာ။ အရင်နေရာမှာပဲ စောင့်နေလို့၊ ငါ လာခဲ့မယ်လို့ ပြောလိုက်။"
"ဟုတ်၊ ဟုတ် ကိုတူး။ အဲ့ဒါဆို ညီလေးသွားပြီနော်။"
ကိုတူးကိုပြောပြီးနောက် ကျော်ကျော်ဆိုသော လူငယ်လေး လှည့်ထွက်သွားတော့သည်။ကိုတူးကလည်း သူ၏ဆိုင်ကယ်ကို ဆက်လက်ပွတ်တိုက် ဆေးကြောနေလေသည်။
×××××
အချိန်က ညသန်းခေါင်ကျော်ချိန်ဖြစ်သည်။ ဆိုင်ကယ်ပြိုင်ပွဲတွင် ကိုတူးအနိုင်ရလာပြီး သူနှင့်သူ့သူငယ်ချင်းတစုကို အရက်လိုက်တိုက်ပြီး ပြန်လာသည်။ ဆိုင်ကယ်ကိုတော့ ထိုအရက်ဆိုင်ထဲတွင်သာ အပ်ထားခဲ့သည်။ သူငယ်ချင်းတွေ ကိုယ်စီကိုယ်စီ ကိုယ့်အိမ်ကိုယ့်ရာဆီ အသီးသီး လမ်းခွဲ၍ ပြန်သွားကြသည်။ ကိုတူးတယောက်ထဲ လမ်းထိပ်က အုတ်ခုံကလေးတွင် ခေတ္တခဏ ထိုင်နေသည်။ သူ ထိုင်နေစဉ်အတွင်းမှာပင် ကလေးမလေးတယောက် အထုပ်ကလေးပိုက်ကာ ယောင်လည်လယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ လူကလည်း မူးနေသည်မို့ မည်သူမည်ဝါမှန်း သဲသဲကွဲကွဲ မမြင်ရပေ။
"ဒီအချိန်ကြီး မိန်းကလေးတယောက်ထဲ ငါတို့ရပ်ကွက်ထိပ်က လမ်းမှာ ယောင်လည်လယ်နဲ့ ဘာလုပ်နေမှန်းမသိဘူး။ အထုပ်လည်း ပိုက်ထားတယ်ဆိုတော့ သူခိုးများလေလား"
မူးမူးနှင့် တယောက်ထဲ ကလေးမလေးကို စကားပြောနေသည်။ ကလေးမက ကိုတူးကိုလည်းတွေ့ရော ပြေးတော့ပါလေရော။ ကိုတူးကလည်း မူးမူးနှင့် ကလေးမလေး၏ မျက်နှာကို မြင်လိုက်ရပြီး တခုခုကို သတိရသွားသည်။
"ဟ!!! ဒေါ်အေးကြည်ရဲ့ သမီးပဲ။ သူ အိမ်ပေါ်က ဆင်းလာတာလား။ ငါ့တွေ့တော့ ဘာလို့ ထွက်ပြေးတာလဲ။ ငါ လိုက်ကြည့်အုံးမှပဲ။"
ထိုင်ရာမှ ထကာ ယိုင်နေသော ခြေလှမ်းတို့ဖြင့် ကလေးမလေးနောက်သို့ လိုက်၍ကြည့်သည်။ ကလေးမလေးကလည်း ကိုတူးလိုက်လာသည်ကို သိသောအခါ ယောင်လည်လယ်ဖြင့်ပင် ဟိုလမ်းကွေ့ရနိုး၊ သည်လမ်းသွားရနိုးဖြင့် ခြေဦးတည့်ရာ ဆက်လက်သွားနေသည်။ ညသန်းခေါင်ရံကာလမို့ လူခြေကလည်းတိတ်လှသည်။ ရပ်ကွက်လမ်းဆုံးသည်အထိ လျှောက်ပြီးသော ကလေးမလေးသည် ကြံရာမရဖြစ်နေတော့သည်။ ထို့ကြောင့် ဆက်မသွားတော့ပဲ ရပ်နေလိုက်တော့သည်။
"ဟဲ့.....၊ နင် ဒေါ်အေးကြည်သမီး မဟုတ်လား။"
မူးမူးနှင့် ခပ်လှမ်းလှမ်းကနေ လှမ်းမေးလိုက်သည်။ ကလေးမလေးက ဘာမှ မပြောပေ။ ကိုတူး အနားနား တိုးကပ်လာသည်။
"ဟုတ်ပါတယ်။ နင် ဒေါ်အေးကြည် သမီးပါ။ ဒီ အချိန်ကြီး ဘာထွက် လုပ်တာလဲ။"
ကိုတူးက မေးလိုက်သည့်အခါ ကလေးမလေးက ငိုတော့မည့် အမူအရာ၊ ငိုတော့မည့်အသံဖြင့် ကိုတူးကို ပြန်ပြောလေသည်။
"ဦးလေးတူး၊ သမီးကို ကယ်ပါအုံး။ သမီး၊ သမီး အိမ်မပြန်ရဲတော့ဘူး။"
ကိုတူးက ကလေးမလေးကို အကြောင်းစုံမေးတော့သည်။ ကလေးမလေးကလည်း ပြောစရာများကို ပြောပြပြီးနောက် ကိုတူးက အိမ်ကို ပြန်လိုက်ပို့ပေးမည်ဟု ပြောသောကြောင့် အိမ်မပြန်ချင်ပဲ အိမ်ပြန်သောလမ်းသို့ ပြန်လျှောက်ရတော့သည်။
×××××
ဒေါ်အေးကြည်၏အိမ်တွင် ရပ်ကွက်လူကြီးများနှင့် ရပ်ကွက်ထဲမှ ရပ်ကွက်ဘီဘီစီများလည်း ရောက်ရှိနေကြသည်။ ညအချိန်တွင် လှုပ်လီလှုပ်လဲ့ဖြင့် တလှမ်းချင်း လှမ်းပြီးလာကြသည်က ကိုတူးနှင့် ဒေါ်အေးကြည်၏သမီးဖြစ်ကြသည်။
"ဟော..... ဟိုမှာလာပြီ ခဗျားသမီး"
ရပ်ကွက်လူကြီးတဦးမှ ပြောလေသည်။
"အမိုက်မ၊ မအေ့မျက်နှာ အိုးမဲသုတ်တဲ့ဟာမ။ ယောက်ျားနောက် လိုက်ပြေးတာတောင် ရပ်ကွက်မျက်နှာဖုံး အော့ကြောလန်ကောင်နဲ့တဲ့လား။"
ဒေါ်အေးကြည်က သူ့သမီးအား အနားမရောက်ခင်ကထဲက ကြိမ်းဝါးနေသည်။ ကိုတူးနှင့် ဒေါ်အေးကြည်၏ သမီး အိမ်ရှေ့မရောက်ခင်မှာ ရပ်ကွက်လူကြီးများက အပြင်ထွက်ကာ ကြိုကြသည်။
"သမီး ဝါဝါ၊ အေးကွယ်.....၊ ဟိုမယ် နင့်အမေ စိတ်ပူနေပြီ။ တငိုငို တရယ်ရယ်နဲ့။ သွား... သွား သမီး။ ငတူး မင်းကတော့ ဒီမှာနေခဲ့။ ဘယ့်နှယ်ကွာ နေ့လယ်ကမှ အချုပ်က လွတ်လာတယ်။ ည ကျတော့ နောက်ထပ် ပြဿနာတခု။ အခု မင်းလုပ်ပုံက ဒီတခါ နှစ်အကြာကြီး ထောင်နန်းစံရမယ့် အကွက်နော်။"
ရပ်ကွက်လူကြီးက ဒေါ်အေးကြည်သမီးကို အိမ်ထဲအသွားခိုင်းပြီး ကိုတူးကိုတော့ လမ်းမပေါ်တွင် မှာတမ်းခြွေနေတော့သည်။ ကိုတူးကလည်း မဟုတ်မခံသောကြောင့် ပြန်လည်ပြောသည်။
"ဘာတွေလာပြောနေတာလဲ။ ကျနော်က ဘာလို့ ထောင်နန်းအကြာကြီးစံရမှာလဲဗျ။"
"ဟ.... သက်ငယ်မုဒိန်းနဲ့ မင်း ထောင်နှစ်ရှည်ကျမှာစိုးလို့ ပြောနေရတာကွ။ ကလေးမလေးက အခုမှ ၁၂ နှစ်ပဲ ရှိသေးတာ။"
ရပ်ကွက်လူကြီးတဦးက ထိုသို့ပြောသည့်အခါ နောက်ထပ်ရပ်ကွက်လူကြီးတဦးက ထပ်မံပြောလိုက်သေးသည်။
"ပြောမနေပါနဲ့တော့ကွာ..... ဒီကောင်က ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။ မနက်ကမှ အချုပ်ကလွတ်တယ်။ ညကျတော့ ထောင်ထဲသွားမယ့်လမ်းကို ထပ်ရွေးတယ်။ ဒီကောင့်ကိုပြောလည်း ထူးမှာမဟုတ်ဘူး။ မူးမူးနဲ့ ဘူးခံငြင်းနေမှာ။ အဲ့ဒီတော့ တခါထဲ ရဲလက်အပ်ပစ်လိုက်တာ ကောင်းမယ်။"
"ဟ!!! ဟေ့လူတွေ ခဗျားတို့ မှားနေပြီနော်။ ကျနော်မူးတာက သက်သက်၊ ဒီကောင်မလေးက အိမ်ပြန်တဲ့ လမ်းမှာတွေ့လို့ ခေါ်လာတာက သက်သက်ဗျ။"
အသည်းအသန်ဘူးခံငြင်းပါသော်လည်း မရပေ။
"ကျန်တာ စခန်းရောက်မှ ရှင်းကွာ.....၊ အခုတော့ လူမိုက်တို့ရဲ့ သွားရာလမ်းကို သွာပေဦးတော့ကွာ။"
"ဘာလူမိုက်လဲ။ ကျနော် လူမိုက်မှ မဟုတ်တာဗျ။ ရဲစခန်းမပြောနဲ့ တရားစခန်းတောင် ထပ်ပြီးမသွားချင်ဘူး။ ဝါဝါ။ နင့်က်ု အိမ်လိုက်ပို့တာ နင့်အမှု ငါ့ပတ်ကုန်ပြီဟ။ လုပ်ပါအုံး။ ဒီကို လာရှင်းပါအုံးဟ။"
ကိုတူးက အသည်းအသန် အော်နေပါသော်လည်း အိမ်ထဲမှ ဒေါ်အေးကြည်တို့ သားအမိအပြင် ရပ်ကွက်ဘီဘီစီများကပါ ကိုတူးကို အာရုံမရှိကြပေ။ အသက်ငယ်သေးသော ဒေါ်အေးကြည်သမီး ထံတွင်သာ အားလုံးနီးပါး ရှိနေကြသည်။ ဒေါ်မိုးကိုလည်း မည်သူက သွားရောက် သတင်းပေးလိုက်သည်မသိ၊ ဓာတ်မီးတလက်ကို ကိုင်ကာ ထွက်လာခဲ့တော့သည်။
"အမေ၊ အမေ သားကိုကယ်ပါအုံး။ အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ သားနဲ့ ဘာမှ မဆိုင်ဘူး။"
"အေးအေး အမေသိပါတယ်သား။ သား စခန်းကို လိုက်သွား။ ကျန်တာ အမေ တာဝန်ယူတယ်။ အမေလိုက်ပြီး ဖြေရှင်းပေးမယ်။ မင်းသူငယ်ချင်းတွေကိုလည်း လိုက်ပြောခိုင်းထားတယ်။ ရပ်ကွက် လူကြီးတွေ ပြောသလို အေးအေးဆေးနဲ့သာ လိုက်သွား။ ဘာမှ ကလန်ကဆန်မလုပ်နဲ့။ ငါ့သားအကြောင်း အမေသိတယ်။"
ကိုတူးက သူ့အမေကိုတွေ့သည့်အခါ လှမ်းအော်ကာ အကူအညီတောင်းပါသော်လည်း သူ့အမေက ရပ်ကွက်လူကြီးများနှင့် ကတောက်ကဆတ် ဖြစ်မည်စိုးသဖြင့် အသာတကြည် လိုက်သွားရန် တရားချလေသည်။ ကိုတူးသည် ညစဉ်ညတိုင်း ယခုလိုပင် ညည့်နက်သန်းခေါင်အထိ နေပြီးမှ အိမ်ပြန်လာတတ်သည်။ ကိုတူး၏ လူတကာ ပြဿနာတွင် ဝင်ရောက်ကူညီတတ်သော စိတ်ကို သူ၏အမေ ဒေါ်မိုးလည်း သူ့သားအကြောင်း ကောင်းစွာသိသည်။ ကိုတူး၏ ညများစွာက မည်သို့မျှ မပြောင်းလဲပဲ ဆက်လက်ရှိနေပါလိမ့်ဦးမည်။ ဒေါ်မိုးကတော့ သူ့သား၏ ည အလွန်ကို မမှောင်မိုက်စေလို၊ အလင်းရောင်ဖြင့် ထွန်းလင်းပေးစေနိုင်သော အဖော်မွန်ကောင်းကို ရှာဖွေပေးမှ ဖြစ်တော့မည်ဟု စိတ်အကြံ ထုတ်ကာဖြင့် ကိုတူး ထောင်မကျဖို့အရေး သူ့သူငယ်ချင်းများကို လိုက်ခေါ်ကာ စခန်းသို့ လိုက်ရလေတော့သည်။ ။
ကိုမျိုး
Keep Reading