Author's Profile Photo

SarPhat Author

17/08/2023

နေ့ရက်များကို ဖြတ်သန်းခြင်း

1 min read
Life Style
Personal Development
နေ့ရက်များကို ဖြတ်သန်းခြင်း's photo

နေရာဒေသတွေက စိတ်ခံစားချက်တွေကို လွှမ်းမိုးနိုင်စွမ်းရှိကြတယ်။ဥပမာပြောရရင် တစ်နေကုန်အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ လုံခြုံနွေးထွေးပြီးသက်တောင့်သက်သာဖြစ်သွားတဲ့ခံစားချက်ကို ရလိုက်သလိုမျိုးပေါ့။အိမ်ပြန်ရောက်ပြီဆိုတဲ့အသိနဲ့အတူ အရာရာကိုစိတ်ချလက်ချဖြစ်သွားတယ်။ ကိုယ့်အိမ်လောက် ဘယ်နေရာကမှမလုံခြုံနိုင်ဘူးဆိုတာ အလိုလိုသိနေတော့ အိမ်နဲ့မခွဲမခွာဘဲ အမြဲနေချင်ခဲ့တယ်။ငယ်ငယ်တုန်းကတော့ အိမ်မှာပဲ မိဘတွေ၊ မောင်နှမတွေနဲ့အတူ အမြဲတမ်းနေလို့ရလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ခဲ့ဖူးတယ်။အသက်ကြီးလာလေ အိမ်နဲ့ဝေးလာလေဆိုတာကို သတိမထားမိခဲ့ဘူး။အိမ်မှာပဲ အမြဲနေရတော့ တစ်ခါတစ်ခါ အိမ်နဲ့ဝေးရာကိုသွားချင်တဲ့စိတ်တောင်ပေါ်မိပါသေးတယ်။

တကယ်တမ်း အိမ်နဲ့ခွဲရပြီး ကိုယ်နဲ့မရင်းနှီးတဲ့ အစိမ်းသက်သက်နေရာတွေကိုရောက်တဲ့အခါမှာတော့ ဝမ်းနည်းအားငယ်တဲ့စိတ်မျိုး ဖြစ်တတ်ကြပြန်တာပါပဲ။သူစိမ်းတွေအများကြီးကြားထဲမှာ ကိုယ်ဟာလည်းသူစိမ်းတစ်ယောက်အဖြစ်နဲ့ပဲ လှုပ်ရှားအသက်ရှင်ရပြန်ပါတယ်။လမ်းပေါ်မှာ ဘတ်စ်ကားပေါ်မှာ ဈေးဝယ်စင်တာတွေမှာ စားသောက်ဆိုင်တွေမှာ ကိုယ်နဲ့မသိတဲ့ လူတွေအများကြီးကိုတွေ့ရတယ်။သူတို့လည်း အိမ်နဲ့ဝေးနေတဲ့သူတွေပဲပေါ့။ တစိမ်းတရံဆန်တွေနဲ့ ထိတွေ့ဆက်ဆံပြီး အလုပ်လုပ်ရတဲ့အခါ အဆင်ပြေတဲ့နေ့တွေလည်းရှိတယ်။အဆင်မပြေဘဲ စိတ်မသက်မသာဖြစ်ရတဲ့နေ့တွေလည်းရှိမယ်။အကောင်းအဆိုးဒွန်တွဲနေတာဟာ လောကရဲ့နိယာမဖြစ်လို့ ထူးထူးထွေထွေအတွန့်တက်ဖို့ မစဉ်းစာမိတာလည်းကြာပါပြီ။လူတိုင်းက အကောင်းအဆိုးရောယှက်တဲ့ နေ့ရက်အသီးသီးကို မတူညီတဲ့ပုံစံတွေနဲ့ဖြတ်သန်းနေကြရတာမဟုတ်လား။

Forest Gump ရုပ်ရှင်ထဲက Dialogue လိုပြောရမယ်ဆိုရင် “ ဘဝဆိုတာ ချောကလက်ဘူးတစ်ခုလိုပဲ။ဘယ်လိုချောကလက်မျိုးကိုရမလဲဆိုတာ ကြိုတင်မသိနိုင်ဘူးတဲ့”။ ဒီနေ့မှာ White Chocolate ချိုချိုလေးရပေမဲ့ မနက်ဖြန်မှာ Dark Chocolate ခါးခါးလေးရရင်လည်းရနိုင်တယ်။တစ်ချို့ရက်တွေမှာ Mild Dark Chocolate လိုမျိုး အချိုအခါးရောနေတာလေးလည်းရနိုင်တာပေါ့။ကံကောင်းတာတစ်ခုက ဘယ်ချောကလက်ပဲရရ အရသာရှိပြီးသားဖြစ်လို့ ဒီတစ်ခုလေးကကိုယ့်အတွက် အဆိုးထဲကအကောင်းလို့ ခံယူထားတယ်။အဆိုးမြင်စိတ်တွေဖယ်ပြီး အရာရာကိုကျေးဇူးတင်တတ်တဲ့အကျင့်လေးမွေးမြူဖို့ သတိပေးတတ်လာတယ်။

မနက်တိုင်းနိုးထခွင့်ရတာကို ကျေးဇူးတင်မိတယ်။နေ့တိုင်း ထမင်း (၃) နပ်ပြည့်ပြည့်ဝဝစားနေရတာကို ကျေးဇူးတင်မိတယ်။ ဝင်ငွေရတဲ့အလုပ်လေးတစ်ခုရှိနေလို့ ကျေးဇူးတင်မိတယ်။ ချစ်ရတဲ့ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေရှိနေလို့ ကျေးဇူးတင်မိတယ်။နားခိုစရာ အိမ်လေးရှိနေလို့ကျေးဇူးတင်မိတယ်။ဒီစာလေးကိုရေးခွင့်ရတဲ့အတွက် ကျေးဇူးတင်မိတယ်။
ကျေးဇူးတင်ရင်း သည်းခံရင်း ပျော်ရွှင်ရင်း ဝမ်းနည်းရင်း လွမ်းဆွတ်တွေးတောရင်းနဲ့ပဲ ရသစုံနေ့ရက်ပေါင်းများစွာကို ဖြတ်သန်းသွားရပါဦးမယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)