ဂုဏ်ရည်ကျော်
အပေါင်းအဖော်ဆိုတာ လိုအပ်ပါသလား။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ "အဖော်မပါခရီးမလားရာ" ဆိုတဲ့စကားလေးတစ်ခွန်းရှိပါတယ်။ခရီးသွားတဲ့အခါအဖော်ပါရင် အခက်အခဲတွေကြုံတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပြန်လှန်စောင့်ရှောက်ကြရင်း ခရီးတွင်စေတာကြောင့်ပါ။ ဒါကြောင့် အပေါင်းအဖော်ဆိုတာ လိုအပ်ပါတယ်။
တစ်ယောက်တည်းရော မဖြစ်ဘူးလား။
ကျွန်တော့်အခန်းနဲ မျက်နှာချင်းဆိုင်မှာ နေတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူက တခြားသူတွေနဲ့လိုအပ်မှပြောတယ်။ ပြောတဲ့အခါလည်း ဖော်ဖော်ရွေရွေပါပဲ။ ပုံမှန်အားဖြင့် တစ်ယောက် တည်း နေတတ်တဲ့အလေ့ရှိသူပေါ့။ အခန်းထဲမှာ စာအုပ်ဖတ်ချင်ဖတ်နေမယ်။ Social media မှာ သူသိချင်တာတွေကိုလေ့လာချင်လေ့လာနေမယ်။ ကျောင်းသွားလည်းတစ်ယောက်တည်း။ ထမင်းစားလည်းတစ်ယောက်တည်း။ သူ့ရဲ့နေ့စဥ်ဘဝက ရိုးစင်းတယ်။ တစ်ယောက်တည်းလည်း ဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။
အပေါင်းအဖော်နဲ့အလုပ်လုပ်ကြမယ်။
ခုဏက ပြောခဲ့သလိုပါပဲ။ အဖော်တွေနဲ့ဆို ကိုယ်တို့အခက်အခဲတစ်ခုခုကြုံလာတဲ့အခါ အကူအညီရနိုင်တယ်။ တစ်ယောက်တည်းဖြေရှင်းဖို့ခက်ခဲတဲ့အလုပ်တွေမှာ အဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးလုပ်လိုက်ရင် အဆင်ပြေသွားတတ်တယ်။ အပေါင်းအဖော်အများကြီးဆိုတော့ ရှုထောင့်အမျိုးမျိုးကနေပြီးတော့ အတွေးအမြင်တွေအများကြီးသိမြင်ဖလှယ်နိုင်တယ်။
တစ်ယောက်တည်းအလုပ်လုပ်မယ်ကွာ။
တစ်ယောက်တည်းဆိုရင်တော့ ရှင်းပါတယ်။တခြားသူတွေရဲ့အမှုကိစ္စတွေကြောင့်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေဆုံးရှုံးရမှုကို ပိုမိုသက်သာစေပါတယ်။ လူမှုရေးကိစ္စတွေကလွဲရင်ပေါ့။ တစ်ယောက်တည်းဆိုပေမဲ့ တခြားသူတွေနဲ့ပြောဆိုဆက်ဆံခြင်းမရှိတာကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိစ္စကို ကိုယ့်တာဝန်ကိုဆောင်ရွက်တဲ့အခါ တခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးစရာမလိုဘဲ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်နိုင်မှာပါ။ ဒါက ကိုယ့်ရဲ့အလုပ်ကို ယုံယုံကြည်ကြည်နဲ့ အေးအေးဆေးဆေးလုပ်ကိုင်ခွင့်ရမဲ့ အခြေအနေတစ်ခုပေါ့။
အပေါင်းအဖော်နှင့် အခွင့်အလမ်းများ။
ကျွန်တော်က အပေါင်းအဖော်မက်တဲ့အထဲမှာပါပါတယ်။ အဖော်မပါရင် ဘာမှမလုပ်ချင်ဘူး။ ကျောင်းကိုသွားရင်လည်း အဖော်တွေကိုစောင့်ရင်းနဲ့ အတန်းချိန်တွေနောက်ကျတတ်တယ်။ ကျွန်တော်က တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဆီသို့ စာအုပ်သွားငှားတတ်ပါတယ်။ ဒါပေမဲ့ အဖော်မပါတဲ့နေ့တွေဆို မသွားချင်တော့ဘူး။ အဖော်ပါမဲ့ နောက်တစ်နေ့ကို ရက်ရွေ့လိုက်တယ်။ ကျောင်းက English စာလေ့လာတာမှာ အထောက်အကူဖြစ်စေဖို့ Club တစ်ခုဖွဲ့စည်းထားတယ်။ ကိုယ့်သူငယ်ချင်းတွေထဲက သွားမဲ့သူမရှိတော့ မသွားတော့ဘူး။ ဒါတွေက ကိုယ်အဖော်မက်လို့ ဆုံးရှုံးသွားရတဲ့အခွင့်အလမ်းတွေပါ။ နောက်တစ်ခုက အဖော်တိုင်းက ကိုယ့်ရဲ့သစ္စာခံတွေမဖြစ်နိုင်ပါဘူး။ ကိုယ်က ယုံကြည်လို့ ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟမိတဲ့အခါ သိပ်အန္တရာယ်ကြီးပါတယ်။ ကိုယ်နဲ့ ဆက်ဆံရေးပြေလည်တုန်းကောင်းတာပေါ့။ အဆီအငေါ်မတည့်တာတွေရှိလာတဲ့အခါတွေမှာတော့ ပေါင်းလည်းပေါင်းတယ်ဖော်လည်းဖော်တယ် ဆိုတဲ့ ဖော်ကောင် တွေဖြစ်သွားတတ်ကြတယ်။ နောက်ပြီး ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်ကြတဲ့သူတွေ ကလည်း ကိုယ့်ရဲ့တချို့သော အခွင့်အလမ်းတွေဆုံးရှုံးမှုမှာ ပါဝင်ပက်သက်လာနိုင်ပါတယ်။ ဥပမာ၊ သူငယ်ချင်းရဲ့အခွင့်အလမ်းတစ်ခုကို ကျွန်တော်ကမလိုလားတာကြောင့် သူ့အတွက်ရရှိမဲ့အခွင့်အလမ်းကို ကျွန်တော်က မထောက်ပြမဖွင့်ဟဘဲ နှုတ်ဆိတ်နေလိုက်တာမျိုးပေါ့။ ဒါတွေက အပေါင်းအဖော်ကြောင့် အခွင့်အလမ်းတွေဆုံးရှုံးရတာတွေပါ။ နောက်တစ်ခုက အပေါင်းအဖော်နဲ့ဆို အလုပ်တစ်ခုခုကို ယုံကြည်မှုရှိရှိနဲ့ သွားလာလုပ်ကိုင်တတ်ကြပေမဲ့ အပေါင်းအဖော်မပါတဲ့အခါ ယုံကြည်မှုတွေ သိပ်မရှိတော့တာဖြစ်တတ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အပေါင်းအဖော်တွေအပေါ်မှာ မှီခိုလွန်းတတ်တဲ့အမူအကျင့်ကြောင့် အခွင့်အလမ်းတွေဆုံးရှုံးရတာမျိုးပါ။ ဒါကြောင့်မိတ်ဆွေ...အပေါင်းအဖော်ကောင်းတစ်ယောက် စစ်မှန်တဲ့မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ရှိလာခဲ့ပြီဆိုရင် တန်ဖိုးထားပါမိတ်ဆွေ။ သူတို့က ကျွန်တော်တို့ရဲ့ ကောင်းကျိုးချမ်းသာကိုလိုလားကြတဲ့သူတွေဖြစ်တာကြောင့် ဘုရားပေးတဲ့ဆုလာဘ်တွေလို့လည်း ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို အဖော်မွန်တွေက ကျွန်တော်တို့ဘဝတိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးကူညီပေးနေကြတဲ့သူတွေမို့ပါ။
ဒီလိုမျိုး မတူညီတဲ့အခြေအနေတွေကြောင့် အပေါင်းအဖော်လိုအပ်တဲ့နေရာရှိသလို တစ်ယောက်တည်းဆိုမှ ပိုခရီးတွင်စေမဲ့နေရာမျိုးလည်းရှိပါတယ်။ ဘယ်နေရာမှာတော့ လိုမယ်၊ မလိုဘူးဆိုတာကိုတော့ ကျွန်တော်တို့က အခြေအနေတွေကိုသုံးသပ်ပြီး ဆုံးဖြတ်ကြရုံပါပဲ။
Keep Reading