SarPhat Author
မနားဘဲ အလုပ်လုပ်နေရက်နဲ့ကို
မပြီးနိုင်တဲ့ အလုပ်တွေ ရှိနေပြီဆိုရင်
ဒီနည်းလမ်းကို ကြားဖူးနားဝရှိရက်နဲ့
ထိထိရောက်ရောက် ဘယ်လိုအသုံးချရမလဲ
ဆိုတာသာ မသိသေးတာ ဖြစ်နိုင်ပါရဲ့
Time blocking တို့ Laser Focus တို့ဆိုပြီး
ခုနောက်ပိုင်း လူသိများလာတဲ့ ဒီနည်းက
1980 မှာ စာရေးသူကိုယ်တိုင် စတင်ထီတွင်
အသုံးပြုခဲ့ပြီး သူရဲ့ မူလအစနာမည်က
Pomodoro Technique လို့ ခေါ်ပါတယ်
ဒီနည်းကို သုံးဖို့ဆိုရင် အရင်ဆုံး
ရေးမှတ်လို့ရတဲ့ နေရာတစ်ခုမှာ
လုပ်ဖို့လိုအပ်တဲ့ အလုပ်တွေထဲက
ဒီနေ့ ပြီးကိုပြီးရမယ့် အလုပ်တွေကို
တန်းစီပြီး ချရေးထားဖို့ လိုပါတယ်
ပြီးရင် ဖုန်းကို Airplane mode on ပြီး
Timer မှာ 25mins စာ မှတ်ထားလိုက်ပါ
အဲ့နှစ်ခုပြီးသွားရင် နောက်ထပ်လုပ်ဖို့
အလိုအပ်ဆုံးက Alarm ထမြည် မလာမချင်း
လက်ရှိအလုပ်ကလွဲလို့ ဘာတစ်ခုမှကို
ထမလုပ်ဘူးဆိုပြီး နှုတ်ကကြုံးဝါးရင်း
စိတ်ကိုပါ ပိုင်းဖြတ်ထားတာမျိုးပါ
ဘာလို့ဆို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ
ချမထားတဲ့ကိစ္စတိုင်းက မလိုက်နာဖို့
အလွယ်ကူဆုံး ဖြစ်နေတတ်တာတွေ
ကြုံဖူးတယ် မဟုတ်လား
၂၅ မိနစ် တစ်ခါပြီးတိုင်း ၅မိနစ်နားပြီး
၄ ကြိမ် ပြည့်တိုင်း မိနစ် ၃၀ ပြန်နားတာကို
မဖြစ်မနေလုပ်ရတာက ဒီနည်းလမ်း
အလုပ်ဖြစ်ရတဲ့ အသက်သွေးကြောပါပဲ
တစ်နေ့ စုစုပေါင်း အကြိမ်ရေကတော့
ကိုယ့်အလုပ်တွေ ပြီးဖို့လိုအပ်သလောက်
ကိုသာချိန်ညှိပြီး တွက်ချက်အသုံးပြုနိုင်ပါတယ်
တကယ်လို့ အလုပ်က ၂၅ မိနစ်မပြည့်ခင်
စောပြီးသွားလည်း ထတာမျိုးမလုပ်ဘဲ
ပြန်စစ်ဆေးတာ ပြင်တာတွေပဲ ဆက်လုပ်ရင်း
လုပ်လက်စ အလုပ်ထဲကိုသာ အာရုံစိုက်ထားပါ
ဒီနေရာမှာ သတိပြုစရာတစ်ခုက
အာရုံတွေ တည်ငြိမ်နေပြီဆို လာမွှေတတ်တဲ့
ရုတ်တရက် သတိရလာတတ်တဲ့ ကိစ္စတွေရဲ့ ဖမ်းစားမှုထဲ ဝင်မသွားဖို့ပါပဲ
အဲ့ဒါတွေက အိုင်ဒီယာကောင်းတွေဖြစ်နေရင်တောင် တစ်နေရာရာမှာ ချမှတ်ထားလိုက်ပြီး
လုပ်လက်စကို အာရုံပြန်စိုက်နိုင်ဖို့ လုပ်ပါ
Pomodoro Technique မှာ ကိုယ့်အိမ်နဲ့
ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီကြီး
မီးထလောင်တာမျိုးကလွဲရင် ကျန်တဲ့
အရာတွေက နောက်မှလုပ်လို့ရပါတယ်
အဲ့လိုမျိုးပဲ ၂၅မိနစ်ပြည့်ရင်တောင်
အဆုံးမသတ်နိုင်တဲ့ အလုပ်မျိုးဆိုရင်လည်း
ဘာနေနေ ရပ်ချထားပစ်လိုက်ပြီး
ပြတင်းပေါက်ကနေ အပြင်ကို ကြည့်တာ
လမ်းထလျှောက်တာ ရေသောက်တာမျိုးတွေကို မပျက်မကွက် လုပ်ကို လုပ်ပေးရပါမယ်
အရှိန်ရနေလို့ မရပ်လိုက်ဘဲ
ဆက်လုပ်နေမိရင် ကိုယ့်ဦးနှောက်က
ဘယ်ချိန်နားရပြီး ဘယ်ချိန်ထိဆက်လုပ်ရမလဲ
သတ်သတ်မှတ်မှတ် မပိုင်းခြားနိုင်တော့တာမို့ စိတ်ရှုပ်ထွေးလာနိုင်ပြီး လုပ်နိုင်စွမ်းတွေ
လျော့နည်းလာနိုင်ပါတယ်
တကယ်တော့ Pomodoro နည်း ဆိုတာ
အာရုံစူးစိုက်ပြီး အလုပ်လုပ်ပြီဆို
ခေါင်းထဲလက်လက် ထနေတတ်တဲ့
Monkey mind ကို ၂၅ မိနစ်လောက်
ကြိုးတုပ်ထိုင်ခိုင်းထားတာနဲ့ တူပါတယ်
ကိုယ်က အချိန်အတိအကျနဲ့ ကျင့်သုံးနိုင်မှသာ
ဦးနှောက်နဲ့ ခန္ဓာကို အချိတ်အဆက်မိအောင်
လေ့ကျင့်သင်ကြားပေးပြီးသား ဖြစ်မှာပါ
၂၅ မိနစ် တစ်ကြိမ်ပြီးတိုင်း ဦးနှောက်က
အလုပ်တစ်ခုပြီးမြောက်သွားသလို
မှတ်ယူပြီး Dopamine ထုတ်ပေးလို့
စိတ်ကျေနပ်ပြီး ခံစားလို့ကောင်းတဲ့အခါ
နားပြီးချိန်တိုင်း Energy အပြည့်နဲ့
အလုပ်ပြန်လုပ်နိုင်သွားပါလိမ့်မယ်
အဲ့ဒါကြောင့် ရှည်လျားထွေပြားပြီး
တစ်နင့်တစ်ပိုး လုပ်ရတဲ့အလုပ်တွေမှာလည်း
အလုပ်ပြီးတယ်လို့ ခံစားရနိုင်စေဖို့
ရေညှစ်ပြီး မလှန်းရသေးတဲ့
အဝတ်တွေကို ခပ်သွက်သွက်
ပြေးလှန်းလိုက်တာမျိုး ကစလို့
မဆေးရသေးဘဲ အထပ်လိုက်ပုံထားတဲ့
ပန်းကန်တွေ သွားဆေးလိုက်တာအဆုံး
တစ်ချိန်မှာ Mini work လေးတွေ
ခပ်ပါးပါး ထည့်သွင်းပြုလုပ်ပေးမယ်ဆို
ဦးနှောက်က သူလှည့်စားခံရလို့
ခံရမှန်းမသိအောင်ကို ကျေနပ်နေပါလိမ့်မယ်
အဲ့လိုမျိုး ကိုယ့်ခန္ဓာကိုယ် အတွင်းပိုင်းနဲ့
အထာကျကျ ငြိမ်းချမ်းရေးယူပြီးရင်တောင်
အပြင်ပိုင်း ကိစ္စကြီးငယ်တွေလေးတွေက
ပေါ်လာတတ်ပါသေးတယ်
ဒါကို ဖြေရှင်းဖို့ကလည်း လွယ်ပါတယ်
Pomodoro နည်း သုံးတော့မယ် ဆိုတာနဲ့
ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကို
"၂၅မိနစ် မကုန်မချင်း သူ့ဆီက
ဘာအဖြေမှရမှာမဟုတ်ဘူး"
ဆိုတာကို အသားကျနေတဲ့အထိ
ချိုချိုသာသာ ပြောပြထားပြီး
Boundaries ချမှတ်ထားပေးလိုက်ပါ
စကားဆိုတာ ပြောတတ်ရင်
ငြင်းပါတယ် ဆိုတဲ့စကားတောင်
နားဝင်ချိုအောင်လေး
ပြောလို့ရသေးတာ မဟုတ်လား
ဒီနည်းလမ်းကို သေချာအသုံးပြုတတ်ပြီ
ဆိုရင်တော့ "အလုပ်ကြွေး" ဆိုတာကို
ဘဝထဲက အပြီးပိုင် Ban နိုင်မယ့်အပြင်
အကြာကြီးလုပ်လို့ မပြီးတာလား
မပြီးလို့ကို အကြာကြီးလုပ်နေရတာလား
မသဲကွဲတဲ့ မနှစ်ပင်လိမ်ကြိုးတွေကို
အချိန်တိုတွင်း ဖြေနိုင်သွားပါလိမ့်မယ်
The Pomodoro Technique - Francesco Cirillo
the White writes
1 book in one post
Keep Reading