Kavi
လုပ်စရာရှိတဲ့ အလုပ်ကို 'ညနေကျမှပဲ လုပ်တော့မယ်'၊ ညနေရောက်လာတော့လဲ 'ညကျမှပဲ လုပ်တော့မယ်'၊ ညရောက်တော့လဲ မလုပ်ချင်တာ့ဘဲ 'နောက်နေ့ မနက်မှပဲ လုပ်လိုက်ပါတော့မယ်' ဆိုပြီး လူတိုင်းလိုလို အချိန်ဆွဲတတ်ကြပါတယ်။
ဒါပေမဲ့ ဘာလို့ အချိန်ဆွဲ ကြတာလဲ။ အချိန်ဆွဲတဲ့သူတွေက အလုပ်လုပ်ရမှာ ပျင်းရိနေလို့လား။ အလုပ်မလုပ်ချင်လို့ ရှောင်ပြေးနေတာလား။ 'နောက်မှ လုပ်လဲရတယ်' ဆိုပြီး အချိန်တွေရှိသေးတယ်လို့ တွေးနေတာလား။
လူတွေက အကြောင်း အမျိုးမျိုးကြောင့် အချိန်ဆွဲကြပါတယ်။ တစ်ခုကတော့ အလုပ်ပြီးရမယ့်အချိန် (deadline) တိကျကျမရှိလို့ပါပဲ။ deadline သတ်မှတ်လိုက်ရင်ရော? အချို့ကတော့ မချိန်မဆွဲတော့ပါဘူး။ ဒါပေမဲ့ ဖိအားတွေနဲ့မှပဲ ဦးနှောက်က ပိုအလုပ်လုပ်တယ်ဆိုတဲ့ လူတွေကတော့ deadline နီးမှ စလုပ်ကြမှာပါ။
အချို့လူတွေ ကကြ လုပ်ရမဲ့အလုပ်ကို ကြောက်နေတာပါ။ သူတို့ရဲ့ အလုပ်လုပ်ပုံတွေက သူတို့ ခန့်မှန်းထားသလို မဖြစ်လာမှာကြောက်ကြလို့ အချိန်ဆွဲနေကြတာပါ။ အချို့ကကြ သူတို့ကိုသူတို့ သံသယရှိနေကြတာပါ။ 'လုပ်မှလုပ်နိုင်ပါ့မလား' ဆိုပြီးတွေးပူနေကြတာပါ။ အချို့တွေကြပြန်တော့လဲ လုပ်စရာတွေများလွန်းလို့ ဘာလုပ်ရမှန်းမသိဘဲ ထိုင်နေကြတာပါ။
အချို့တွေကကြ တမင်ကို အချိန်ဆွဲနေကြတာပါ။ သူတို့ကကြ ဖိအားတွေရှိမှ ပိုပြီး အလုပ်လုပ်ရတာ အဆင်ပြေတယ် ဆိုတဲ့သူတွေလဲရှိသလို သူတို့ရဲ့ လုပ်ဆောင်ရည်ကို အထင်ကြီး ယုံကြည်ကြတဲ့ လူတွေလဲရှိပါတယ်။ ဥပမာ- ၆လလောက် အချိန်ယူလုပ်ရမဲ့အလုပ်ကို ၁လ၊ ၂ပတ်လောက်အတွင်းမှာပဲ လုပ်နိုင်တယ် ဆိုပြီး အချိန်ဆွဲနေကြတာပါ။ သူတို့က ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိလို့ သူတို့ရဲ့ ရလဒ်က အလုပ်ကို ကြောက်လို့ နောက်ရွှေ့နေတဲ့လူတွေရဲ့ ရလဒ်ထက် ပိုကောင်းနေတတ်ပါတယ်။ အချိန်မဆွဲတဲ့ လူတွေရဲ့ ရလဒ်ကတော့ အကောင်းဆုံးပါပဲ။
အချို့တွေကတော့ deadline ကိုမကြိုက်ကြပါဘူး။ သူတို့တွေကတော့ အနုပညာရှင်(artist) တွေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဖန်တီးမှုတွေကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ အတင်းလုပ်ယူလို့မရပါဘူး။
Mona Lisa ပန်းချီကားကို ဖန်းတီးခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင်လည်းဖြစ် သိပ္ပံပညာရှင်လည်းဖြစ်တဲ့ Leonardo da Vinci ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပန်းချီရေး ၂၀ ခန့်ကိုသာ ရေးဆွဲခဲ့ပါတယ်တဲ့။
အချိန်ဆွဲတယ်ဆိုတိုင်း ဆိုးတာမဟုတ်သလို ကောင်းတယ်လည်း မဟုတ်ပါဘူး ကိုယ်အချိန်ဆွဲနေမိပြီဆိုရင် 'ဘာလို့ အချိန်ဆွဲတာလဲ' 'တကယ်ပဲ ဒီအလုပ်ကို ခုမလုပ်လဲ ရလို့လား' ဆိုပြီး မေးခွန်း ပြန်ထုတ်နေရပါမယ်။
အချိန်မဆွဲဘဲ လုပ်စရာရှိတာကို အခုလုပ်တာ အကောင်းဆုံးပါပဲ။ အချိန်ဆွဲရင်လဲ pro တစ်ယောက်လို အချိန်ဆွဲတတ်ကြပါစေ။
Kavi(ကဝိ)
Keep Reading