SarPhat Author
*ဝဋ်ကြွေးရှိက ကျေပါစေ*
အောင်သူနှင့် ဖြူဖြူလွင်တို့သည် မန္တလေးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားကြသော လူလတ်တန်းစား လင်မယားဖြစ်သည်။ ညားကာစလင်မယား မဟုတ်ကြတော့သော်လည်း ညားကာစလင်မယားလိုပင် အလွန်တရာမှ ချစ်ခင်ကြင်နာကြသည်။ သူတို့လင်မယားသက်တန်းသည် တနှစ်ကျော်ရှိနေပြီဖြစ်သည်။ တနှစ်ကျော်အချိန်အထိ ကလေးမယူကြသေးပေ။
အောင်သူသည် အမြဲလိုလို ဖြစ်သလို ဝတ် စားတတ်သော်လည်း သူ၏မိန်းမကိုတော့ ရွှေများကို အိနေအောင် ဆင်မြန်းပေးထားသည်။ မန္တလေးဆိုသည့်အလျောက် သွားရေးလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကအားထား အသုံးပြုကြသည်။
ယနေ့ အောင်သူက ဆိုင်ကယ်တစီးဖြင့် အပြင်ထွက်ပြီး ဆိုင်အတွက်လိုအပ်သည့် ပစ္စည်းများကို သွားဝယ်နေသည်။ ဖြူဖြူလွင်ကတော့ အိမ်တွင် ကျန်ရစ်ခဲ့လေသည်။ သူတို့၏ဆိုင်ကလေးသည် အိမ်နှင့်တွဲလျက်ဖြစ်သည်။ ဆိုင်တွင် အလုပ်သမကလေးမလေး နှစ်ဦးရှိသည်။ သူတို့သည် အားကိုးရသောကြောင့် ဆိုင်ကိုလွှတ်ထား၍ ရပေသည်။ ထို့ကြောင့် ဖြူဖြူလွင်က အိမ်ပေါ်တက်ကာ သူ၏အမျိုးသား၏ အဝတ်အစားများကို လျှော်ဖွတ်ရန် ပြုလုပ်သည်။ အဝတ်အစားများ ယူလာပြီးသော် အိမ်အောက်ထပ်က အဝတ်လျှော်စက်သို့သွားကာ အဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်နေစဉ် ဖြူဖြူလွင် မူးလဲကျသွားတော့သည်။
ထိုမြင်ကွင်းကို ဆိုင်အတွင်းက အလုပ်သမလေး တဦးက လှမ်းမြင်လိုက်သောကြောင့် အပြေးအလွှား အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ ဆိုင်ရှေ့တွင် ကျန်နေခဲ့သော တယောက်ကလည်း အောင်သူထံသို့ ဖုန်းဆက် အကြောင်းကြားလိုက်သည်။
××××××
"ဘာမှစိတ်ပူစရာမရှိပါဘူး။ မကြာခင် မင်းတို့အတွက် ဆည်းလည်းသံလား၊ တေးသံလား၊ ဘာသံလေးလဲ။ နောက်ထပ် ဘဝလေးတခု ရောက်လာတော့မယ်။"
"ဗျာ.....၊ တကယ်"
ဆရာဝန်ကို အိမ်ကိုပင့်ကာ ပြသည့်အခါ ဆရာဝန်က ထိုသို့ပြောသည်။ အောင်သူလည်း အင်မတန် အံ့ဩသွားသည်။
"တကယ်ပေါ့ကွာ.....၊ လေးလတောင်ရှိနေပြီ။ သူ့အတွက် အားဆေးနဲ့ သောက်ဆေးတချို့ ရေးပေးခဲ့မယ်။ ပြီးတော့ မွေးဖို့ဖွားဖို့အတွက် အိုဂျီအပ်ဖို့ကိုလည်း ဆေးစာရေးပေးခဲ့မယ်။"
"ဟုတ်ကဲ့ပါဆရာ၊ ဟုတ်ကဲ့ပါ။ ကျနော်က ကလေးမရနိုင်တော့ဘူး ထင်နေတာ ဆရာရေ။ ပျော်သွားပြီဗျာ။ အိမ်ထောင်သက်တန်း တနှစ်ကျော်မှ ဒီသီတင်းကို ကြားရတာ။ ပျော်လိုက်တာ ဆရာရေ။"
"ပျော်တာလည်းပျော်ပေါ့၊ အပျော်တွေလွန်ပြီး ဂရုစိုက်ဖို့လည်း မေ့နေဦးမယ်။"
"အဲဒါတော့ စိတ်ချပါ ဆရာရေ။"
"အဲ့ဒါဆို ဆရာ့ကို သွားခွင့်ပြုအုံးနော်။ ပြီးတော့ ဒီစားပွဲပေါ်မှာ လိုအပ်တဲ့ သောက်ဆေးတွေနဲ့ ဆေးစာရေးထားပေးခဲ့တယ်။"
ကုတင်ဘေးက စားပွဲခုန်သေးသေးကလေးအပေါ် ဆရာဝန်ရေးသားထားသော စာရွက်အခေါက်ကလေးကို တွေ့ရသည်။ စကားပြောကြပြီးနောက် အောင်သူက ဆရာဝန်ကို ပြန်ပြီးလိုက်ပို့သည်။ ဖြူဖြူလွင်မှာလည်း ကုတင်ပေါ်လှဲလျက် အပြုံးပန်းများလည်း ဝေဆာနေသည်။ သူတို့ကလေးရူး ရူးနေကြသည်မှာ တရပ်ကွက်လုံးက သိကြသည်။ ယခင်က တခြားသူကလေးများသာ ချစ်ရသည်။ ယခုတော့ ကိုယ့်ရင်သွေး ကိုယ့်သားသမီးရယ်လို့ မျက်ဝါးထင်ထင် ချစ်ခင်ကြင်နာရတော့မည်။
"အန်တီဖြူ ပြုံးတာလေးက လှတယ်နော်။"
ဆိုင်က အလုပ်သမကလေးမလေးတဦးက ဖြူဖြူလွင်ကို စကားပြောလိုက်သည်။
"ငါပြုံးတာ လှတာကအရေးမကြီးဘူး။ နင်တို့နှစ်ယောက်လုံး ငါ့ဆိုင်ကို ပစ်ထားတာက အရေးကြီးတယ်။"
"ဦးလေးက အန်တီဖြူမေ့လဲကထဲက ဆိုင်ကိုပိတ်လိုက်တာ။ အန်တီဖြူအနားမှာ ပြုစုကြတဲ့....."
"ကဲ...၊ ငါအခု နေပြန်ကောင်းပြီ။ ဘာမှမဖြစ်ဘူး။ သွား..... ဆိုင်ပြန်သွားဖွင့်ချေ။"
ဖြူဖြူလွင်က ငေါက်လိုက်သောကြောင့် ကလေးနှစ်ယောက်မှာ အခန်းအပြင်ဘက်သို့ ထွက်လာကာ အိမ်အောက်ထပ်သို့ဆင်းပြိး ဆိုင်ကိုပြန်ဖွင့်ရတော့သည်။
×××××
ဖြူဖြူလွင် ကိုယ်ဝန်ခုနှလအရွယ်သို့ ရောက်ရှိလာခဲ့သည်။ ဗိုက်ကလေးမှာ မသိမသာ၊ လုံးလုံးကလေး။ အောင်သူကတော့ ဗိုက်ကလေးကို ပွတ်ကာ ဗိုက်ထဲက ကလေးနှင့် စကားပြောသည်။
ယနေ့ညနေတွင် ဖြူဖြူလွင် ဆေးခန်းပြရန်သွားစရာ ရှိပါသည်။ အောင်သူက ဆိုင်ကယ်တစီးနှင့် အပြင်ထွက်နေသည်။ ထို့ကြောင့် ဖြူဖြူလွင်က အောင်သူထံသို့ ဖုန်းဆက်လိုက်သည်။
"ကို.....၊ ဆေးခန်းသွားဖို့ အချိန်နီးနေပြီ။ ဘယ်ရောက်နေတာလဲ။"
"လာနေပါပြီဖြူရဲ့။ နောက်ငါးမိနစ်ဆိုရင်ရောက်ပြီနော်။"
"အိုကေ၊ အိုကေ ငါးမိနစ်အတွင်းရောက်အောင်လာခဲ့နော် ကို....၊ ဒါဘဲနော်။"
ဖုန်းစကားပြောပြီးနောက် ဖုန်းချလိုက်ပြီး၊ ဆေးခန်းပြရန် ဆေးစာအုပ်နှင့် လိုအပ်သည်များကို ပြင်ဆင်လိုက်သည်။
"ဖြူရေ.....၊ ရယ်ဒီဘဲနော်။"
"ဪ..... ကို၊ ရောက်လာပြီလား။"
ဖြူဖြူလွင်တယောက် နောက်ဖေးဘက်ကနေ အိမ်ထဲအဝင်တွင် အောင်သူ၏ စကားသံကို ကြားလိုက်ရသောကြောင့် ဆေးခန်းသွားရန် ပြင်ဆင်ထားသော လက်ဆွဲအိတ်ကလေးကို ကိုင်ကာထွက်လာခဲ့သည်။
"ဖြူ.....၊ ဆိုင်ကယ်ပေါ် ဖြည်းဖြည်းတက်နော်၊ ဖြူ အဆင်သင့်ဖြစ်ပြီဆိုမှ ကို ဆိုင်ကယ်စက်နှိုးမယ်နော်။ ဖြူ... ရပြီလား။"
ဂရုတစိုက်နှင့် အောင်သူက ဖြူဖြူလွင်ကို မေးလိုက်သည်။
"ဟုတ်...၊ ကို ရပြီ"
"ဒါဆိုမောင်းပြီနော်"
အောင်သူက စက်နှိုးပြီးသောအခါ ဆိုင်ကယ်ကို ဂရုတစိုက်ဖြင့် မောင်းနှင်လိုက်သည်။ ဖြူဖြူလွင်ကိုလည်း ဆိုင်ကယ်၏နောက်ကြည့်မှန်မှ ဂရုစိုက်စွာ ကြည့်လိုက်သေးသည်။ သူတို့လင်မယား စီးနင်းလာသော ဆိုင်ကယ်လေးသည် ဖြည်းညှင်းစွာဖြင့် တရွေ့ရွေ့ ထွက်ခွါသွားတော့သည်။
×××××
အိမ်နှင့် ဆေးခန်းသည် အနည်းငယ်တော့ဝေးလှသည်။ ဆေးခန်းမရောက်မီ ဈေးတခုကိုဖြတ်ရသေးသည်။ ထိုဈေးနားအရောက်တွင် သူတို့၏ ဆိုင်ကယ်ဘေးသို့ အခြားဆိုင်ကယ်တစီး ဝင်ကပ်လာသည်။ ဆိုင်ကယ်တစီး ကပ်လာသည့်အတွက် အောင်သူက လမ်းဘေးကို ကပ်သည်ထက် ကပ်ပြီးမောင်းသည်။ ခဏအကြာ ကပ်လာသောဆိုင်ကယ် နောက်ထိုင်ခုန်မှ အမျိုးသားတဦးက ဖြူဖြူလွင်၏ လည်ပင်းပေါ်မှ ဆွဲသီးပါသော ဆွဲကြိုးကို သူ၏လက်ကြမ်းကြီးဖြင့် အားကုန်ဆွဲကိုင်ကာ ဖြတ်ယူလိုက်သည်။
ဖြူဖြူလွင်က အနည်းငယ်ကိုယ်ကို ယိမ်းလိုက်သည်။ အောင်သူ၏ ဆိုင်ကယ်သည်လည်း အနည်းငယ် ယိမ်းယိုင်သွားသည်။ ဖြူဖြူလွင်၏ ဆွဲကြိုးဖြတ်သွားသည်ကို သိလိုက်သောကြောင့် အောင်သူသည် ယိမ်းထိုးနေသည့်ကြားက လိုက်ရန်ပြင်သည့်အခါ ဆွဲကြိုးလှမ်းကာ ဖြတ်ခံလိုက်ရသောအရှိန်၊ ဆိုင်ကယ်ယိမ်းထိုးနေသော အရှိန်ကြောင့် ဖြူဖြူလွင်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျရတော့သည်။ ဖြူဖြူလွင် ဝမ်းယားမှောက်ကျသည့်အတွက် ဆေးရုံ တင်လိုက်ရတော့သည်။
×××××
ဆေးရုံတွင် ဖြူဖြူလွင်၏ မိသားစုများနှင့် အောင်သူ၏ မိသားစုများ စုံစုံလင်လင် ရောက်ရှိနေကြသည်။ ဆရာဝန်ထွက်လာမည်ကို စောင့်ကာနေကြသည်။
ခဏအကြာဆရာဝန် ထွက်လာသည်။
"ဖြူဖြူလွင်ရဲ့ အမျိုးသားက....."
ဆရာဝန်က ဖြူဖြူလွင်၏ အမျိုးသားကို ခေါ်လိုက်သည်။
"ကျနော်ပါဆရာ။"
အောင်သူက ဆရာ့နားကပ်ကာ တိုးတိုးညင်သာစွာဖြေသည်။
"စိတ်မကောင်ပါဘူးဗျာ။ ကလေးကိုတော့ မကယ်လိုက်နိုင်ဘူးဗျာ။"
ရုတ်တရက် မိုးကြိုးတွေပစ်ချခံရ လိုက်သလို အောင်သူ ခံစားလိုက်ရသည်။ ကလေးရူး ရူးနေသည်က သူတို့လင်မယား၊ သို့ပေမယ့် လူ့ဘဝထဲကို ဝင်လာတော့မည့် ကလေးလေးက ဥမမယ် စာမမြောက်ပဲ ဘဝထဲက ပြန်လည် ထွက်ခွါသွားရသည်။ လူ့လောကထဲသို့ ရောက်မလာသေးသည့် မိမိတို့၏ ရင်သွေးလေး သေဆုံးခဲ့ရခြင်းမှာ အတိတ်ကပြုခဲ့သည့် ဝဋ်ကြွေးများ ရှိခဲ့လေသလား၊ ထိုဝဋ်ကြွေးများ ရှိခဲ့ပါလျှင် ဒီဘဝမှာ ကြေပါစေတော့ဟုသာ အောင်သူတယောက် ဆုတောင်းနေမိပါတော့သည်။ ။
ကိုမျိုး
Keep Reading