Author's Profile Photo

ပြာလဲ့ရီဝေ

17/05/2024

ကြည်နူးစရာဒဏ်ရာများ တွေးမိပြီလား

1 min read
Life Style
Personal Development
Health
ကြည်နူးစရာဒဏ်ရာများ တွေးမိပြီလား's photo

ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းအတွက် နောင်တရနေမိလား။ ပြန်တွေးမိတိုင်း စိတ်မှာ စနိုးစနောင့်ဖြစ်နေလား။ ဒါဆို ဒီသီချင်းလေးကို နားထောင်ကြည့်စေချင်ပါတယ်။

ပထမဆုံး သီချင်းလေးရဲ့ အဓိပ္ပာယ်လေးကို ဖွင့်ပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ပိုင် ခံစားမှုနဲ့ အဓိပ္ပာယ် ဖွင့်တာဆိုတော့ တစ်ဦးနဲ့ တစ်ဦး ကွာခြားမှုတော့ ရှိနိုင်ပါတယ်။

သီချင်းလေး နာမည်ကတော့ " အမှတ်တရ ဒဏ်ရာ " တဲ့။ ထူးအိမ်သင် သီဆိုပြီး မြင့်မိုးအောင် ရေးသည်လို့ ဖော်ပြထားပါတယ်။

သီချင်းစာသားလေးက

" သီချင်းတွေ ဘဝနဲ့ ငါလဲခဲ့ ဒါဟာ အမှတ်တရ ဒဏ်ရာ

အားလုံး စွန့်လွှတ်ခဲ့ ချစ်တဲ့ ဒီသီချင်းအတွက် ဒဏ်ရာတွေ ကြုံလည်း

အားလုံး စွန့်လွှတ်ခဲ့ ချစ်တဲ့ ဒီသီချင်းအတွက် ဒဏ်ရာတွေတွေ့လည်း

ဘဝနဲ့ငါလဲခဲ့ ဒါဟာ အမှတ်တရ ဒဏ်ရာ " တဲ့။


သူ့ရဲ့ ဘဝနဲ့ သီချင်းတွေနဲ့ သူလဲခဲ့တယ်တဲ့။ သီချင်းကလွဲပြီး ကျန်သောအရာတွေ ပစ်ပယ်ခဲ့ပြီး သူလဲလှယ်ခဲ့တယ်။ ဒီလို လဲလှယ်ရာမှာ ဒဏ်ရာတွေ ရှိတာပေါ့။ နာကြင်မှုတွေ ၊ ထိခိုက်မှုတွေ ရှိတာပေါ့။ ဒါ‌ပေမယ့် ဒီ ဒဏ်ရာတွေကို သူမမုန်းဘူး။ နောင်တမရဘူး။ ကျေနပ်စွာနဲ့ အမှတ်တရတွေလို့တောင် တင်စားထားပါတယ်။ " ဒါတွေဟာ အမှတ်တရလေးတွေပါပဲ " ပေါ့။

ပြီးတော့ သီချင်းအတွက် အားလုံးစွန့်လွှတ်ခဲ့ရ‌တာတောင် ရှေ့ဆက်ရာမှာ ထပ်မံ ဒဏ်ရာတွေ ကြုံနိုင်ပါသေးတယ်။ ဒါတွေဟာလည်း စိတ်‌ပျက်အားလျှော့စရာ ၊ နောင်တတွေ မဟုတ်ပါဘူး။ အမှတ်တရလေးတွေလို့ပဲ ခံယူပါတယ်တဲ့။

ဘယ်လောက် ကောင်းလိုက်လဲ။ အင်မတန် ကောင်းတယ်လို့ ဖြေချင်ပါတယ်။ ကိုယ်ရွေးခဲ့သော လမ်းကို လျှောက်လှမ်းရင်းနဲ့ စွန့်လွှတ်ခဲ့သော အရာတွေ ၊ စတေးခဲ့ရသော အရာတွေ များစွာ ရှိကြမှာပါ။ တစ်‌ခါတစ်လေ ပြန်တွေးမိရင် နောင်တလိုလို ဝမ်းနည်းစိတ်လိုလို အလိုမကျမှုတွေ ဖြစ်ပေါ်‌နိုင်ပါတယ်။ အဲ့ဒီအခါ ဒီ သီချင်းထဲကလိုပဲ ကိုယ်ချစ်တဲ့ ကိုယ် ရွေးခဲ့တဲ့ လမ်းလေးအတွက် ဒါတွေဟာ "အမှတ်တရ ဒဏ်ရာလေးတွေပါ "လို့များ ယူဆ တွေးတောလိုက်တဲ့အခါ အားအင် အပြည့်နဲ့ ရှေ့ဆက်နိုင်မယ် ထင်ပါတယ်။

ဒီလိုပဲ လျှောက်လှမ်းရင်း အခက်အခဲတွေ တွေ့ပြီဆိုလည်း ဒါတွေဟာ အမှတ်တရ ဒဏ်ရာတွေပဲ။ ကိုယ်ချစ်သော အရာတွက် ဒဏ်ရာ အမှတ်တရလေးတွေပဲလို့ တွေးတောလိုက်တဲ့အခါ အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။

သီဆိုသူ ထူးအိမ်သင်က "သီချင်း"ကို နိမိတ်ပုံ သုံးထားပါတယ်။ လူတိုင်းဟာ "သီချင်း" နေရာမှာ ကိုယ်ချစ်သော ရွေးချယ်မှု ၊ ကိုယ် ချစ်သော ဘဝ ၊ ကိုယ်ချစ်သော အရာတို့ကို အစားထိုး ခံစားကြည့်လိုက်ရင် စိတ်အေးချမ်းမှုနဲ့ အားအင်တို့ကို ရရှိမယ်လို့ ထင်မိပါတယ်။


နောက်ထပ် စာသားလေးကတော့

" သီချင်းလေး တစ်ပုဒ် ဆိုနေမယ် အမှန်တရားဖြစ်ရင် ဖြစ်နိုင်တယ်။အမှားအယွင်း တစ်ခု ဖြစ်သွားလည်း ဒီသီချင်းလေး ဆက်ဆိုမယ် "


ဟုတ်ပါတယ်။ ကိုယ်ရွေးချယ်မှုမှာ မှန်တယ်ထင်လို့ ရွေးလိုက်ပေမယ့် အမှားအယွင်းသဖွယ် အမြင်ခံရမယ်။ စွပ်စွဲသူတွေလည်း ရှိမယ်။ အပြစ်တင်သူတွေလည်း ရှိနိုင်တာပဲ။ ဒါ‌ပေမယ့် ချစ်တဲ့ ဒီသီချင်းအတွက် ဆိုသလို ချစ်တဲ့ ကိုယ့်ရွေးချယ်မှုအတွက် ဆက်လက် လျှောက်လှမ်းကြမယ်။
ဒီသီချင်းလေးက အဲ့လို ဆက် လျှောက်လှမ်းဖို့ အားပေးနေသလို ခံစားရပါတယ်။


ဒါကြောင့် ကိုယ်ချစ်တဲ့ လမ်းအတွက် အရာရာ လဲခဲ့ပြီး ရရှိခဲ့သမျှနဲ့ ၊ရလာနိုင်မယ့် ဒဏ်ရာတွေဟာ အမှတ်တရ ဒဏ်ရာလေးတွေလို့ တွေးတောကြရအောင်လို့ ပြောချင်ပါတယ်။ အမှားအယွင်း တစ်ခုလို ဖြစ်နေလည်း တားဆီးမှုတွေ ခက်ခဲမှုတွေ ရှိနေလည်း ဒီ လမ်းလေး ၊ ကိုယ်ချစ်တဲ့ ဒီ လမ်းလေးတွေကို ဆက်လျှောက်ကြရအောင်လို့ပြောချင်ပါတယ်။


အားလုံးလည်း ကိုယ်ချစ်တဲ့ အရာအတွက် လဲလှယ်ခဲ့တဲ့ ကြည်နူးဖွယ် အမှတ်တရဒဏ်ရ‌လေးတွေ ရှိမယ်လို့ ထင်ပါတယ်။


အမှတ်တရ ဒဏ်ရာလေးတွေကို ကြည်နူးစွာ တွေးတောရင်း......။


17.5.2024
ပြာလဲ့ရီဝေ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်