SarPhat Author
'စည်းကမ်း' အိမ်မှာမိဘတွေအမြဲပြောလေ့ရှိသောစည်းကမ်း။ကျောင်းမှာဆရာ၊ဆရာမတို့ဆုံးမလေ့ရှိသောစည်းကမ်း။'စည်းကမ်းဟူသည်လူ့တန်ဖိုး' 'စည်းကမ်းရှိမှ တိုးတက်မည်' 'စည်းကမ်းအစ စာသင်ကျောင်းက' စသဖြင့်ကျောင်းသားဘဝတွင် စည်းကမ်းနှင့်ပတ်သက်၍ခေါင်းစဉ်အမျိုးမျိုးနှင့်အကြောင်းပေါင်းများစွာကျွန်မတို့ရေးဖူးကြသည်။ထို့ကြောင့်စည်းကမ်းဟူသည်ကျွန်မတို့အားလုံးနှင့်မစိမ်းပေ။စည်းကမ်းအကြောင်းအလွတ်ရအောင်ကျက်ပြီးစာအုပ်တွင်တခမ်းတနားကျွန်မတို့ရေးခဲ့သော်လည်း တကယ့်လက်တွေ့ဘဝစာမျက်နှာတွင်ကား ထိုစည်းကမ်းကျင့်သုံးဖို့ကျွန်မတို့မေ့နေတတ်ကြသည်။ 'စည်းကမ်းရှိမှတိုးတက်မည်' ကြားလည်းကြားဖူးသည်။ကျက်လည်းကျက်ဖူးကြသည်။သို့သော်ဘဝနှင့်ဆက်စပ်မတွေးမိကြပေ။ထို့ကြောင့် စည်းကမ်းမရှိ၍ဘဝတွင်ပရမ်းပတာဖြစ်နေသောသူများကားလက်ချိုး၍ကုန်နိုင်လိမ့်မည်မထင်ပါ။စည်းဟူသည့်သဘောသည် မကျော်ရအောင်သတ်မှတ်ထားသော အကာအရံတစ်ခုဖြစ်သည်။တစ်နည်းအားဖြင့် ၎င်းကိုကျော်မိလျှင်၊ချိုးဖျက်မိလျှင် ဘဝ၌အန္တရာယ်တစ်စုံတစ်ရာ၊မကောင်းတာတစ်ခုခုဖြစ်လာလိမ့်မည်ဟု သွယ်ဝိုက်ပြောထားခြင်းဖြစ်ပေသည်။ထို့ကြောင့်စည်းကမ်းသည် ကလေး၊လူငယ်၊လူကြီး အရွယ်သုံးပါးလုံးစောင့်ထိန်းရမည့်တရားပင်ဖြစ်ပေသည်။ နိုင်ငံတော်ကချမှတ်ထားသော၊အများပြည်သူလူထုကသတ်မှတ်ထားသော စည်းကမ်းများစွာရှိပေသည်။စာသင်ကျောင်းများတွင်ရေးထားလေ့ရှိသော 'ဆေးလိပ်မသောက်ရ' public area တို့တွင်မြင်ရလေ့ရှိသော 'အမှိုက်မပစ်ရ' 'ကွမ်းတွံတေးမထွေးရ' စသည်တို့မှာစည်းကမ်းပင်ဖြစ်ပေသည်။ မည်သည့်အတွက်ကြောင့်ထိုကဲ့သို့ ရေးထားရပါသနည်း ဟုမေးလာခဲ့သော် ထိုအပြုအမှုများက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေသောကြောင့်၊ညစ်ညမ်းစေသောကြောင့်ချမှတ်ထားခြင်းဖြစ်ပါသည်။ ဆေးလိပ်သောက်မည့်သူတစ်ယောက်က ထိုစည်းကမ်းဆောင်ပုဒ်လေးကိုဖတ်မိလိုက်ခြင်းဖြင့်သူ့အပြုအမူကိုဆင်ခြင်လိုက်နိုင်သည်။မိမိစိတ်၊အပြုအမူကိုတစ်ချက်ဆင်ခြင်လိုက်နိုင်ခြင်းသည် ပတ်ဝန်းကျင်ကိုကူညီရာရောက်ပေသည်။ကိုယ့်ကြောင့်ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မညစ်ညမ်းမသွားသည့်အတွက်မိမိကိုယ်ကိုဂုဏ်ယူသင့်ပေသည်။
နောက်တစ်မျိုးက ကိုယ်ပိုင်စည်းကမ်း ဖြစ်ပေသည်။ ဤကားပို၍အရေးကြီးသည်။ မည်သည့်နေရာ၊မည်သည့်အခြေအနေတွင်ဖြစ်စေ စနစ်တကျပြုလုပ်တတ်အောင် ကိုယ်ပိုင်စည်းကမ်းများထားရှိသင့်ပေသည်။ ဖိနပ်စင်၌ဖိနပ်ကိုသပ်သပ်ရပ်ရပ်စီတာလေးကအစ သူတစ်ပါးနှင့်စကားပြောလျှင် နှုတ်မကျွံမိအောင် စည်းနှင့်ကမ်းနှင့်ပြောတာလေးမှာအဆုံး အရာရာတွင်ကိုယ်ပိုင်စည်းကမ်းနှင့်လုပ်တတ်ရပေမည်။ထို့မှသာအမှားနည်းကာ တန်ဖိုးရှိသောလူတစ်ယောက်ဖြစ်လာပေလိမ့်မည်။လောကီ၌သာမဟုတ်ဘဲ
လောကုတ္တရာ၌လည်းစည်းကမ်းများစွာရှိပေသည်။ မြတ်စွာဘုရားရှင်ထားရှိခဲ့သော 'သူတစ်ပါးဥစ္စာမခိုးရ၊သူ့အသက်ကိုမသတ်ရ ၊လိမ်လည်လှည့်ဖျားသောစကားကိုမပြောရ' စသည့် ငါးပါးသီလတို့မှာလည်း သာသနာတော်၏စည်းကမ်းပင်ဖြစ်ပေသည်။ မိမိကမပေါက်မပြားစောင့်ရှောက်နိုင်မှသာ သူ့အသက်မသတ်ခြင်းကြောင့် အသက်ရှည်ခြင်း၊သူ့ဥစ္စာမခိုးယူခြင်းကြောင့် ပစ္စည်းဥစ္စာချမ်းသာခြင်းစသည့်ချမ်းသာသုခများကိုရရှိပေလိမ့်မည်။ထို့ကြောင့်ကျွန်မတို့အနေဖြင့် လောကုတ္တရာစည်းကမ်းပင်ဖြစ်စေ၊လောကီစည်းကမ်းပင်ဖြစ်စေ လိုက်နာနိုင်သောလူတစ်ယောက်ဖြစ်အောင်ကြိုးစားသင့်ပေသည်။'ပညာဖြစ်စေ၊ငွေဖြစ်စေ မည်သည့်အရာမဆို ကိုယ်ကသူ့ကိုတန်ဖိုးထားမှသူလဲကိုယ့်ဆီလာလိမ့်မည်' ကျွန်မ၏အမေအမြဲဆုံးမလေ့ရှိသောစကားပင်ဖြစ်သည်။၎င်းကိုကျွန်မစည်းကမ်းနှင့်ဆက်စပ်၍စဉ်းစားကြည့်မိသည်။စည်းကမ်းမရှိသူသည်ပညာပဲသင်သင်၊ငွေပဲစုစု ဘယ်အရာကိုမှတန်ဖိုးထားရကောင်းမှန်းသိမည်မဟုတ်။ လက်ထဲ၌ငွေရောက်လာလျှင် သုံးစရာများကိုသာစဉ်းစားနေမည်ဖြစ်ပြီး ပညာသင်လျှင်လည်းစိတ်ဝင်စားခြင်းမရှိဘဲ အမြဲလိုလိုပျင်းရိနေလိမ့်မည်။စည်းကမ်းမရှိခြင်းကြောင့်ထိုကဲ့သို့ယောင်ဝါးဝါး၊ယောင်ချာချာနှင့် ဘဝကိုလည်ပတ်နေလိမ့်မည်။
ထို့ကြောင့်"လူမိုက်နှင့်ငွေအတူမနေ၊ပညာနှင့်လူမိုက်ပေါင်းသင်း၍မရ"ဟုရှေးလူကြီးတို့ပြောစမှတ်ပြုကြခြင်းဖြစ်လိမ့်မည်။ထိုကဲ့သို့ဖြစ်နေခြင်းသည် တစ်နည်းအားဖြင့် ကိုယ်ပိုင်စည်းကမ်းမရှိခြင်းကြောင့်ဖြစ်ပေသည်။ မိမိဘဝတိုးတက်ရာလမ်းကြောင်းအတွက် ကိုယ်ပိုင်စည်းကမ်းလေးတွေချမှတ်ထားသူတို့သည် သူများလုပ်တိုင်းလိုက်မလုပ်ဘဲ ကိုယ့်စည်းကမ်းလေးနှင့်ကိုယ် တစိုက်တမတ်ကြိုးစားသွားကြသည်။ ကိုယ်၊နှုတ်၊စိတ် (၃)ပါးကိုကိုယ်ပိုင်စည်းကမ်းလေးနှင့်သတိကပ်စောင့်ထိန်းနေသောသူသည်တဖြည်းဖြည်းအမှားနည်းလာပြီး လိုချင်သည့်ပန်းတိုင်ကိုလည်းဖြောင့်ဖြောင့်ဖြူးဖြူးရောက်မည်မှဧကန်မုချဖြစ်ပေသည်။ထို့ကြောင့်အောင်မြင်ကြောင်းတရားဖြစ်သည့်စည်းကမ်း ရှိသောလူတစ်ယောက်ဖြစ်လာရန်လူတိုင်းဂရုပြုသင့်ပေသည်။
Keep Reading