Nicolette
“မင်းက သိပ်တော်တာပဲ”
“ဒီနေ့အရမ်းကြည့်ကောင်းနေတယ်နော်”
“မင်းကူညီလို့သာအဆင်ပြေသွားတာပါ” စတဲ့ စကားလေးတွေကြားလိုက်ရရင် ရင်ထဲမှာ ဘယ်လိုနေပါသလဲ။
ကောင်းတဲ့စကားတစ်ခွန်းက လူတစ်ယောက်အတွက် အများကြီး ကောင်းကျိုးသက်ရောက်မှုရှိပါတယ်။
မနက်ခင်းစောစောပိုင်း အလုပ်၊ ကျောင်း၊ ဈေး သွားရတဲ့အခါ လမ်းမှတွေ့တဲ့ အသိမိတ်ဆွေက ကိုယ့်ကို ကောင်းကောင်းမွန်မွန်စကားပြောသွားမယ်၊
ချီးကျုးတဲ့စကား၊ အကောင်းဘက်ရောက်တဲ့ နှုတ်ဆက်မှု တစ်ခုခုကိုရခဲ့မယ်ဆိုရင် တစ်နေကုန်အလုပ်လုပ်ရတာ ဘယ်လောက်ပင်ပန်းပါစေ ကျက်သရေရှိတယ်လို့ခံစားရစေမှာပါ။
မနက်ခင်းမှ မဟုတ်ဘဲ ဘယ်အချိန်မှာမဆို ကောင်းတဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်ကို စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲ ပိုတိုးပြီးတော့၊ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ ဉာဏ်ရည်ကိုလဲ ထက်မြက်စေပါတယ်။
ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး၊ လုပ်ငန်းခွင်မှာလဲ ကောင်းတဲ့စကားတွေက အများကြီးလိုအပ်ပါတယ်။
အမြဲဆူဆဲနေတတ်တဲ့ အလုပ်ရှင်၊ နားပူတတ်တဲ့ ချစ်သူ၊ အပြစ်တင်တတ်တဲ့ မိသားစုဝင်၊ အကောင်းမပြောတဲ့ သူငယ်ချင်းတွေနားမှာ လူတွေက မနေနိုင်ကြပါဘူး။
ဒါကြောင့် ကိုယ့်ရဲ့စေတနာတွေကို ချိုသာတဲ့စကားလုံးတွေဖြစ်အောင်လို့ ပြောင်းလဲပစ်တတ်ဖို့က အရမ်းကို အရေးကြီးပါတယ်။
ကောင်းမွန်တဲ့စကားတွေကို နားထောင်တတ်ရုံတင်မကဘဲ ပြောဆိုနိုင်ဖို့လဲ လိုအပ်ပါသေးတယ်။
ကိုယ်က ကောင်းတဲ့စကားများများပြောလေ ကိုယ့်ကို လူတွေ ပိုပြီး ချစ်ခင်ယုံကြည်အားကိုးလေးပါပဲ။
သို့ပေမယ့်လဲ ကိုယ်ပြောလိုက်တဲ့ ကောင်းတဲ့စကားက အတုအယောင်မဖြစ်ဖို့လဲ လိုအပ်ပါသေးတယ်။
အတုအယောင်ချီးမွန်းမှုတွေကိုလဲ လူတွေက သတိထားမိပါတယ်။
လူတစ်ယောက်မှာ မရှိတဲ့အချက်ကို အတင်းဖျစ်ညစ်ချီးကျူးနေမယ့်အစား သူလုပ်တတ်တဲ့အရာ၊ သူ့မှာရှိတဲ့ ကောင်းကွက်တစ်ခုခုကို သူပိုပြီး မြင်သာအောင် ပြောပြပေးတာက ပိုကောင်းပါတယ်။
ကောင်းတဲ့စကားတွေထဲမှာ ချီးမွန်းစကားအပြင်
ကိုယ်ချင်းစာစကား ၊ နှင့်သိမ့်စကား ၊ အားပေးစကား ၊ ဂုဏ်ပြုစကား ၊ ကြင်နာစကား၊ ဝမ်းသာစကားတွေလဲ ပါပါတယ်။
အလိမ်ခံရသူတစ်ယောက်ကို စကားပြောတဲ့အခါမှာ ကိုယ်က စေတနာဒေါသနဲ့ “နင်က အရမ်း အ တာ အဲ့တာကြောင့် အလိမ်ခံရတာ” လို့ပြောမယ့်အစား
“လူလိမ်တွေကိုက လွန်လွန်းတာပါ၊ စိတ်မညစ်ပါနဲ့ ငါလဲ တတ်နိုင်သလောက် ကူညီနိုင်မယ့် နည်းလမ်းရှာပေးပါ့မယ်” လို့ပြောပေးရင် ကိုယ့်ရဲ့ စေတနာကို သူလဲ ပိုမြင်ပြီး ကိုယ့်အပေါ်မှာလဲ ပိုအားကိုးချစ်ခင်သွားမှာပါ။
ကိုယ်က တကယ်တမ်း သူ့ကိစ္စကို မဖြေရှင်းပေးနိုင်ရင်တောင်မှ ကိုယ့်ရဲ့စကားတစ်ခွန်းက သူ့အတွက် အများကြီး အားဖြစ်စေမှာပါ။
ကိုယ့်အတွက်နဲ့ သူများစိတ်ချမ်းသာသွားတာက ပိုက်ဆံမကုန်တဲ့ ကောင်းကျိုးလုပ်ခြင်းပါပဲ။
ကောင်းတဲ့စကားပြောတဲ့နေရာမှာ သတိထားရမယ့်အချက်တွေလဲရှိပါတယ်။
အလွန်အကျွံချီးကျူးတာ - သူ့မှာမရှိတဲ့အရာတွေကို အတင်းချီးကျုးတာနဲ့ အကြောင်းအရာတစ်ခုထဲကို ထပ်ခါထပ်ခါ ချီးမွန်းနေတာမျိုးက အဓိပ္ပာယ်တစ်မျိုးပြောင်းလဲသွားနိုင်တာကြောင့် ရှောင်သင့်ပါတယ်။
မလုပ်ပေးနိုင်တဲ့ ကတိတွေပေးတာ - ကိုယ်တကယ်မလုပ်ပေးနိုင်တဲ့အရာမျိုးကို တကယ်ပဲ လုပ်ပေးတော့မှာလိုလို အာမတွေခံပြီး ကတိပေးတာမျိုးက တစ်ဖက်သားအကျိုးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
သူကတော့ ကိုယ်တကယ်လုပ်ပေးမလားဆိုပြီး စောင့်နေပေမယ့် ကိုယ့်ဘက်က မလုပ်ပေးတဲ့အခါမှာ သူ့အတွက်လဲ အများကြီးထိခိုက်ပြီး ကိုယ့်အပေါ်မှာလဲ ယုံကြည်မှု ပျက်ပြားစေပါတယ်။
မဖြစ်နိုင်တဲ့ အရာကိုအားပေးတာ - ဒါကတော့ အဆိုးဆုံးပါပဲ။
သူတကယ်လုပ်နိုင်မှာ မဟုတ်တဲ့အရာကို ကိုယ်က သွားပြီးအားပေးတာမျိုးက လုံးဝကို မဖြစ်သင့်တာပါ။
ကိုယ်ကသူ့ကို ဆိုးဆိုးဝါးဝါးမဝေဖန်ချင်ရင်တောင်မှ လမ်းမှားရောက်သွားအောင် အားပေးတာမျိုး မဖြစ်သင့်ပါဘူး။
မျှော်လင့်ချက် အမှားတွေက လူကို အဆိပ်အတောက်ဖြစ်စေပါတယ်။
တချို့တွေက အရမ်းအဆိုးပြောတတ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရှင်သန်နေရတာပါ။
ဒီလိုသူတွေအတွက် အကြံပေးချင်တာကတော့ ကိုယ့်ကိုကိုယ် အကောင်းပြောဖို့ပါပဲ။
ကိုယ်က သူများပါးစပ်ဖျားက မကောင်းတဲ့အရာတွေကို မခံယူဘဲ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်ကြားချင်တဲ့စကားတွေကို ကိုယ့်ဘာသာမှန်ကြည့်ရင်း ခပ်တိုးတိုးပြောနေလို့ရပါတယ်။
ဒီနည်းလမ်းက ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ရပေမယ့်လဲ လက်တွေ့အလုပ်ဖြစ်ပါတယ်နော်။
ကောင်းတဲ့စကားတစ်ခွန်းက ကြားရတဲ့သူအတွက်ရော ပြောတဲ့သူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့် ကောင်းတဲ့စကားများများပြောပေးဖို့မမေ့ပါနဲ့ ?
စကားအကောင်းတွေနဲ့ လောကကြီးမှာ ပျော်ပျော်နေကြတာပေါ့။
စကားစမြည်ပြောဆိုရာမှာ အထောက်အကူဖြစ်စေမယ့် စာအုပ်လေးတစ်အုပ်ကိုလဲ ညွှန်းပေးချင်ပါတယ်။
စာရေးဆရာမ Debra Fine ရေးသားထားတဲ့ The fine art of small talk စာအုပ်ထဲမှာ လူတစ်ယောက်ကို ကြင်ကြင်နာနာ စကားပြောနည်း၊
လူစိမ်းတွေနဲ့ ဘယ်လိုစကားပြောရမလဲ၊ စကားစမြည်ပြောတဲ့အခါမှာ လူတွေက ကိုယ့်ကို အကောင်းမြင်လာအောင် ပြောဆိုနည်းတွေပါဝင်တာကြောင့်
စကားစမြည်ပြောရမှာ အခက်အခဲရှိသူတွေ ဖတ်သင့်ပါတယ်။
The fine art of small talk စာအုပ်လေးကို အောက်ပါ Telegram Channel မှာ ရယူနိုင်ပါတယ် ??
https://t.me/+fDx3Hhe9OWoyZmY1
Nicolette မှ ရေးသားပါသည် ?
⛔ပြန်လည်ကူးယူခွင့်မပြုပါ⛔
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading