SarPhat Author
အပူရာသီနဲ့ ကျန်းမာရေး
အပူရာသီလို့ပြောလိုက်ရင် နွေရာသီကိုပဲ တန်းမြင်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နွေရာသီကို ပြောချင်တာမဟုတ်ပါဘူး။ ဆောင်းအကုန် နွေအကူးနဲ့၊ နွေအကုန် မိုးအကူးကာလကို ပြောချင်တာဖြစ်ပါတယ်။
ဒီလိုရာသီအကူးအပြောင်း ကာလမှာ ပူအိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အအေးသောက်ခြင်း၊ ရေခဲရေသောက်ခြင်း၊ မဆင်မခြင်ရေချိုးခြင်း၊ ရေဆွတ်ခြင်းများကို အများစုက ပြုလုပ်တတ်ကြပါတယ်။ အချိုရည် (သို့မဟုတ်) အအေးသောက်ခြင်းက ဆီးချို၊ သွေးချိုရောဂါကို ဖိတ်ခေါ်နေတဲ့ လက္ခဏာတခုပါ။ တနေ့တဗူးနှုန်းနဲ့ ခြောက်လလောက် တရက်မှမပြတ်ပဲ သောက်ကြည့်ပါ။ ပြီးရင် ဆေးခန်းသွားပြီး ဆီးချိုသွေးချိုစစ်ကြည့်ပါ။ ရေခဲရေသောက်ခြင်းကလည်း သောက်တုန်းခဏသာ ရေးသွားပြီး ခန္ဓာကိုယ်တွင်း အပူအအေး မမျှဖြစ်သွားတဲ့အခါ လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ မဆင်မခြင် ရေချိုးခြင်း၊ ရေဆွတ်ခြင်းကလည်း အခန့်မသင့်ရင် heat stroke ဖြစ်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
တခါ ဒီလိုကာလမှ အပူအစပ် စားချင်သူများကလည်း ရှိကြပါတယ်။ အစားမတော်တလှမ်းတဲ့။ ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ စားသောက်ပါမှ အဆင်ပြေပါလိမ့်မယ်။ တချို့သော ဈေးသည်များဟာ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စကားလိုမျိုး လုပ်နေကြတာတွေလည်း ရှိပါတယ်။ ကျနော်ဆိုရင် လမ်းဘေးက အသုပ်ဆိုင်တွေကို မစားရဲတော့ပါဘူး။ ငရုတ်သီးမှိုတက်တွေ၊ ဆိုးဆေးပါတဲ့ အချဉ်ရည်တွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကြုံတွေ့ ခံစားဘူးခဲ့တာကြောင့်ပါ။
စာဖတ်သူတို့လည်း အပူရာသီမှာ ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ကြပါလို့ပြောရင်း ဒီဆောင်းပါးတိုလေးကို ဒီနေရာမှာပဲ ရပ်နားလိုက်ရပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာကြပါစေ။ ။
ကိုမျိုး (၁၅.၅.၂၀၂၄)
Keep Reading