အက္ခရာ - Haruki
"ကိုယ့်ထက်သာမနာလို" ဆိုတဲ့ ဒီစကားလေးလည်း စာဖတ်သူလေးတို့အားလုံးကြားဖူးကြမှာပါ။ လူအများက မနာလိုမှုဆိုတာ မကောင်းဘူးလို့ သတ်မှတ်ထားကြတာကို...။ ဒါနဲ့ စာဖတ်သူလေးရော မနာလိုစိတ်ကင်းပြီလား။
ကျွန်တော်တော့ ရိုးရိုးသားသားပဲ ဝန်ခံပါရစေ။ အခုလို အပြိုင်အဆိုခေတ်အတွင်း ယှဥ်ပြိုင်မှုတွေနဲ့ကျွန်တော့်ဆီမှာ မနာလိုစိတ်ရှိနေတယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ အမြဲဒွန်တွဲနေပါတယ်။
အခု မနာလိုမှုမှာလည်း ကောင်းသောမနာလိုမှုနဲ့ ဆိုးသောမနာလိုမှု ဆိုပြီး ၂ မျိုးကွဲသွားမှာပါ။ ဘယ်လိုမျိုးလဲဆိုရင် -
someone - ------------------->
you - -------------->
ဒီမျဥ်းနှစ်ခုမှာ တစ်ယောက်ယောက်က ကိုယ့်ထက်သာနေတယ်ဆိုပါစို့။ ကိုယ့်ထက်သာမှတော့ မနာလိုမှု နည်းနည်းလေးဖြစ်ဖြစ် ရှိနေမှာပါ။ ( မရှိဘူးဆိုရင်လည်း အဲ့ဒီလူကို ကျွန်တော်လေးစားပါတယ်။ )
ဒီအကြောင်းအရာလေးမှာ ကိုယ့်မျဥ်းသူ့ထက်သာအောင်လုပ်မယ်ဆိုရင် လူ ၂ မျိုးကွဲသွားပါလိမ့်မယ်။
ပထမလူမျိုးက
ကိုယ်သာဖို့ ကိုယ့်ရဲ့မျဥ်း သူများထက်ပိုရှည်ဖို့ သူများမျဥ်းကို ဖျက်တဲ့သူ၊ တိုအောင်လုပ်တဲ့သူ၊ ချောက်ချတဲ့ လူမျိုးဖြစ်ပါတယ်။
ဒုတိယလူမျိုးက
ကိုယ်သာဖို့၊ ကိုယ့်ရဲ့မျဥ်း သူများထက်ပိုရှည်ဖို့ သူ့ဆီက အတုယူသင့်တာယူ၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတိုးတက်အောင် ပိုကြိုးကြိုးစားလုပ်ပြီး ကိုယ့်မျဥ်းကို ကိုယ်ကိုယ်တိုင်ရှည်အောင်လုပ်တဲ့လူမျိုးဖြစ်ပါတယ်။
ကျွန်တော်က ဒုတိယလူမျိုးထဲက မနာလိုစိတ်ရှိသူပေါ့။
ကိုယ့်ထက်သာလို့ မနာလိုဖြစ်တယ်။ ဒါပေမယ့် သူများကို ချောက်ချဖို့ တွေးတောင်မတွေးဘူး၊ အခင်အမင်ပျက်တာမျိုးလုံးဝမရှိဘူး၊ သူ့ထက်ပြန်သာဖို့ သူ့ဆီကနည်းလမ်းယူတယ်၊ အတုယူတယ်၊ လေ့လာတယ်၊ ပြီးရင် သူ့ထက်သာအောင် ကိုယ့်လိုအပ်ချက်တွေကို အကောင်းဆုံးပြန်ပြင်ဆင်တယ်။ ပိုပြီးကြိုးစားတယ်။ အသစ်အဆန်းဖန်တီးတယ်။
ဒီလိုလုပ်ခဲ့လို့ပဲ ကျွန်တော်တိုးတက်လာတာ။
ကောင်းသောမနာလိုမှုမရှိရင် ပြိုင်ဘက်ဆိုတာလည်း ရှိလာတော့မှာမဟုတ်သလို ကိုယ့်ကိုယ်တိုင်လည်း တိုးတက်အောင် ကြိုးစားမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော့်ကို တိုးတက်စေခဲ့တာကလည်း ဒီလိုမနာလိုမှု၊ မခံချင်စိတ်က တော်တော်များများပါပါတယ်။
ကျွန်တော်ခုပြောပြလိုက်တဲ့ ကောင်းသော မနာလိုမှုဆိုတာ မခံချင်စိတ်နဲ့ ဆင်သလိုလိုရှိပါတယ်။ မခံချင်စိတ်ဆိုတာလည်း သူကကိုယ့်ထက်သာနေလို့ သူ့ထက်ကိုယ်သာအောင်ပြန်လုပ်တာမျိုးပါပဲ။ ဒါပေမယ့် ကိုယ့်ကိုကဲ့ရဲ့မယ့်သူ၊ လှောင်တဲ့သူ၊ မကောင်းပြောတတ်တဲ့သူတွေလိုလိမ့်မယ်။
တချို့ကတော့ အဲ့လိုလူတွေကြောင့်စိတ်ဓာတ်ကျပြီး ပျက်စီးတယ်။ တချို့ကြပြန်တော့ အဲ့လိုလူတွေကြောင့်ပဲ မခံချင်စိတ်မွေးပြီး ကြိုးစားရင်း အောင်မြင်တယ်။ မနာလိုမှုဆိုတာကတော့ ကိုယ့်စိတ်ပါပဲ။ ကိုယ့်ထက်သာတဲ့လူပဲလိုမယ်။
မကောင်းတဲ့မနာလိုမှုဆို ကိုယ့်ကိုအချိန်တိုင်း နှိပ်ဆက်နေလိမ့်မယ်။ ကောင်းတဲ့မနာလိုမှုဆိုရင်တော့ ကိုယ်ကအချိန်တိုင်း တိုးတက်နေပါလိမ့်မယ်။
နွေဦးအက္ခရာ ( May 14, 2024 . 9:45 PM )
Keep Reading