SarPhat Author
နွေးထွေးတဲ့ ကမ်းလက်များ
=====================
မောင်ဦးနှင့် သံခဲတို့် ညီအစ်ကိုများသည် မောင်ဦးက အသက် ၁၂နှစ် ဖြစ်ပြီး၊ သံခဲ၏ အသက်သည် ၈ နှစ် ဖြစ်ကြကာ မိဘမဲ့များဖြစ်ကြသည်။ သူတို့ညီအစ်ကိုနှစ်ယောက်သည် ကျူးကျော်ရပ်ကွက်ထဲက တဲစုတ်ကလေးတွင် အဖွားဒေါ်မေကြည်နှင့်နေထိုင်ကြလေသည်။ အဖွားဒေါ်မေကြည်သည် အလုပ်လုပ်နိုင်သည့် အရွယ်က မောင်ဦးနှင့်သံခဲတို့ကို အ၀တ်လျှော်၊ မီးပူတိုက်၊ တစ်ခါတစ်လေ ပလုံကောက်ပြီးရှာကျွေးခဲ့သည်။ ယခုအချိန်တွင် အဖွားဒေါ်မေကြည်မှာ အလုပ်မလုပ်နိုင်တော့ပေ။ ထို့ကြောင့်မောင်ဦးနှင့်သံခဲတို့က အရွယ်နှင့်မလိုက်အောင် အလုပ်များလုပ်ကာ ရှာဖွေကျွေးမွေးကြလေသည်။
"ဦးလေး တစ်ရာလောက်၊ အစ်ကိုကြီး သားတို့ကို တစ်ရာလောက်၊ အန်တီ သားတို့ကို တစ်ရာလောက်"
ထိုအသံသည် မောင်ဦးနှင့် သံခဲတို့ လူစည်ကားရာ စျေးလေးမှာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တောင်းရမ်းနေကြသော အသံပင်ဖြစ်သည်။ သနားလို့ မုန့်ဖိုးပေးသူကပေး၊ ကလေးတွေကို ကြည့်မရလို့ မုန့်ဖိုးမပေးသူကလည်းမပေး၊ ဆိုင်ရှေ့ကစျေး၀ယ်လာသူများထံ လာရောက်တောင်းရမ်းကြသောအခါ နှင်လွှတ်သူက နှင်လွှတ်ကြသည်။ သို့ပေမယ့် သူတို့ညီအစ်ကိုနှစ်ယောက်ကိုတော့ လူချစ်လူငယ် ပေါများကြသည်။ ညီအစ်ကိုနှစ်ယောက်၏ ရုပ်ရည်မှာ ညစ်ညစ်ပတ်ပတ်လည်းမရှိ သန့်သန့်ပြန့်ပြန့်နှင့်၊ မခိုးတတ်မဝှက်တတ်၊ မမိုက်ရိုင်းတတ်သောကြောင့် ခင်သူမင်သူများ ပေါများခြင်းဖြစ်သည်။
စျေးလေးထဲတွင် အမြဲတမ်းလိုလို တောင်းရမ်းကြသူများက သူတို့ညီအစ်ကို နှစ်ယောက်သာရှိတတ်ပြီး တစ်ခါတစ်ရံမှသာ တစ်ခြားတစ်နေရာမှ တစ်ခြားတောင်းရမ်းသူများ လာတတ်သည်။ သူတို့ညီအစ်ကို နှစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျသိသော သူများ အနည်းငယ်သာရှိသည်။ သူတို့ညီအစ်ကိုနှစ်ယောက်သည် တောင်းရမ်းပြီးလျှင် မုန့်၀ယ်စားကြသည်။ ပြီးလျှင် ရပ်ကွက်ထဲ၀င်ပြီး တစ်ခြားကလေးများဆော့နေလျှင် ငေးကြည့်နေတတ်သလို တစ်ခါတစ်လေမှာ ၀င်ဆော့တတ်ကြသည်။ သူတို့သည် စားပြီး သောက်ပြီး ဆော့ပြီးမှ အိမ်ပြန်တတ်ကြသည်။
အိမ်သို့ရောက်လျှင်လည်း အနားမယူ၊ အဖွားဒေါ်မေကြည်မှာ အသက်အရွယ်အားဖြင့် ၈၀ ကျော်ပြီဖြစ်သောကြောင့် အစ်ကိုဖြစ်သည့်မောင်ဦးက ထမင်းချက်သည့်တာ၀န်ကို ယူရသည်။ ညီဖြစ်သည့်သံခဲက အဖွား၏ဝေယာ၀စ္စကို ပြုလုပ်ပေးကြသည်။ အဖွားဒေါ်မေကြည်က သူတို့ညီအစ်ကိုနှစ်ယောက်ကို ငယ်ငယ်လေးကထဲက ကျွေးမွေးပြုစုစောင့်ရှောက်ထားသည်။ အစ်ကိုဖြစ်သူမောင်ဦးကို ချက်နည်းပြုတ်နည်းတစ်ချို့ သင်ပေးထားသောကြောင့် မီးရေးထင်းရေးလည်း စိတ်ချရသည့်အတွက် အဖွားကမောင်ဦးကိုသာ ချက်ပြုတ်စေသည်။ မောင်ဦးနှင့်သံခဲတို့သည် ကလေးအရွယ်သာရှိသေးသောကြောင့် အဆော့မက်၊ အစားမက်ကြသည်။ မောင်ဦးထမင်းဟင်းချက်လျှင် အဖွားကမောင်ဦးကို ဆော့နေမည်စိုး၍ ခဏခဏ အသံပေးရသည်။ အဖွားသည် အသက် ၈၀ ကျော်ပြီဖြစ်သည့်အတွက် အထိုင်အထမှာ အဆင်မပြေတော့၊ ဒူးတွေကနာကျင်ပြီး ခါးကိုင်းကာ နားလည်းထိုင်းနေပြီဖြစ်သည်။
မောင်ဦးသည် အဖွားကျေးဇူးကြောင့် အချက်အပြုတ်ဝါသနာပါသည်။ မောင်ဦးချက်သည့်ဟင်းများသည် အရသာရှိသည်။ အဖွားက မောင်ဦးကို စားသောက်ဆိုင်သော်လည်းကောင်း၊ ရပ်ကွက်ထဲက ဟော်တယ်၊ မော်တယ်အသေးစားများတွင်လည်းကောင်း ထမင်းချက် ဟင်းချက်သော အလုပ်ကို လုပ်ကိုင်စေချင်သည်။ သံခဲကတော့ ပြောမကောင်းဆိုမကောင်းမို့ အဖွားကစိတ်မချဖြစ်ရသည်။ သံခဲသည် စိတ်ဓာတ်မာသည်။ အလုပ်ခိုင်းလျှင်ပျင်းသည်။ ပေကပ်ကပ်လုပ်တတ်သည်။ သို့ပေမယ့် အဖွားဒေါ်မေကြည်သည် သူတို့ညီအစ်ကိုနှစ်ယောက်ကို ချစ်သည်။ အဖွားဒေါ်မေကြည်သည် မောင်ဦးနှင့် သံခဲတို့ညီအစ်ကိုနှစ်ယောက်ကို ယခုနေထိုင်ရာကျူးကျော်တဲစုတ်လေးသို့ ပြောင်းလာသည့်အခါတွင် သူတို့မိဘများက ပစ်ထားခဲ့ကြသည့်အတွက် ကောက်ယူကာမွေးစားခဲ့သည်။ မြေးအရင်းမဟုတ်သော်လည်း လိမ္မာကြသောကလေးများ ဖြစ်နေသောကြောင့် အဖွားဒေါ်မေကြည်မှာ သဲသဲလှုပ်ချစ်သည်။ အဖွားဒေါ်မေကြည်သည် သူ၏ယောက်ျားဦးစိန်မောင် ရှိစဥ္က ကလေးနှစ်ယောက်ကို ကျောင်းထားပေးသည်။ ဦးစိန်မောင်တိမ်းပါးသွားသောအခါ ကလေးနှစ်ယောက်ကို ဒေါ်မေကြည်တစ်ယောက် ကျောင်းဆက်၍မထားပေးနိုင်တော့ပေ။
မောင်ဦးနှင့်သံခဲတို့သည် မိမိနာမည်ကိုမိမိရေးတတ်သည်။ ဂဏန်းသခ်ျာ ပေါင်းတတ်နှုတ်တတ်ကြသည်။ မောင်ဦးက သခ်ျာညံ့သော်လည်း စာဖတ်ချင်စိတ်ရှိသည်။ မြန်မာစာလုံးများကို အတော်အသင့် စာလုံးမပေါင်းပဲ တန်းပြီးဖတ်နိုင်သည်။ သံခဲက သခ်ျာတော်သည်။ အသက်ရှစ်နှစ်နှင့်မတူ အပေါင်းအနှုတ် သွက်သည်။ အမှတ်သညာလည်း ကောင်းသည်။
----------
အဖွားဒေါ်မေကြည်တို့သည် ကျူးကျော်တဲများဖြစ်သည့်အတွက် အိမ်သာရှိသည့် အိမ်က ၃ အိမ်သာရှိသည်။ ထိုအိမ်များသည်နေ့ဘက်တွင် အသုံးပြုစေသော်လည်း၊ ညရေးညတာတော့ အများသူငါကို ပေးမသုံးကြပေ။ ထို့ကြောင့် စျေးနှင့်နီးသည့်အတွက် စျေးအိမ်သာ၊ ဘုန်းကြီးကျောင်းနှင့်နီးသည့်အတွက် ဘုန်းကြီးကျောင်းကအိမ်သာ၊ ၎င်းနေရာများသို့မသွားလိုပါက နီးစပ်သည့် လူမမြင်ကွယ်ရာနေရာတွင် အညစ်အကြေးများစွန့်ရသည်။ နေ့ဘက်တွင်လည်း အိမ်သာရှိသောအိမ်များတွင် အိမ်သာမရှိသောသူများက အသုံးပြုမှု နည်းပါးပါသည်။ အဘယ်ကြောင့်ဆိုသော် ကြီးကြီးကျယ်ကျယ်သမားများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အင်မတန်အခက်ကြုံမှ အသုံးပြုကြသည်။
ရာသီဥတုက မိုးရာသီဖြစ်သည်။ မောင်ဦးနှင့်သံခဲတို့သည် နေ့အချိန်တွင် ငွေရှာ ဆော့ကစား စားသောက်ပြီး ညအချိန်တွင် မောမောပန်းပန်းနှင့် တုံးလုံးပက်လက် အိပ်မောကျနေကြသည်။ အဖွားဒေါ်မေကြည်မှာ အိပ်ခါနီး အညစ်အကြေးစွန့်ရန် ဒုတ်တစ်ချောင်းကို ကိုင်စွဲပြီး အိမ်အောက်ကို ဆင်းလာခဲ့သည်။ မိုးတိတ်ကာစမို့ ရွှံ့ဗွက်များရှိသည်။ ကျူးကျော်တဲများမို့ မီးမရှိသည့်အိမ်အရေအတွက်က များသည်။ ညဦးပိုင်းတွင်တော့ တစ်ချို့အိမ်များက မိမိတို့အိမ်ရှေ့လမ်းမပေါ် မီးထွန်းကြသည်။ ညဆယ်နာရီ၊ ဆယ့်တစ်နာရီခန့်ကျတော့ မီးထွန်းကျသော တစ်ချို့အိမ်များက မီးပိတ်ပြီးအိပ်ကြသောကြောင့် လမ်းသည် အနည်းငယ် မှောင်ကျသွားသည်။
တစ်ခဏအကြာတွင် ကြားလိုက်ရသော အော်သံကြီးတစ်ခု။
"အား!!!"
ကျူးကျော်တဲထဲမှ လူတစ်ချို့က အော်သံကြောင့် ထွက်လာကြည့်ကြသည်။ ပြီးနောက် တဝ်ယောက်တဝ်ပေါက်နှင့် ဆူညံနေကြသည်။ သံခဲအရွယ်သာသာရှိသည့် ကလေးတစ်ယောက်က မောင်ဦးနှင့် သံခဲတို့ထံပြေးသည်။
"ဟေ့ကောင် သံခဲ၊ သံခဲ ထပါဦးဟ"
သံခဲကိုနှိုးသည့်အသံကြောင့် မောင်ဦးအရင်နိုးလာသည်။ သံခဲကတော့ အင်း ဆိုကာ ညီးညူပြီး ပြန်အိပ်ပျော်သွားသည်။
"ဘာလဲကွ မောင်မဲရ၊ ငါ့ကိုပြောခဲ့လေ"
"ဟို၊ ဟိုေလ၊ အဖြား၊ ကိုဦးတို့ရဲ့အဖြား"
"အေး၊ ငါတို့အဖွားဘာဖြစ်လည်း၊ မင်းကလည်း စကားပြောတာက တစ်ဟိုဟိုနဲ့ ပြောစရာရှိ မြန်မြန်ပြောကွာ၊ ငါအိပ်ချင်သေးတယ်"
"ဟုတ်၊ ဟုတ် ကိုဦး၊ အဖွား ချော်လဲလို့"
"ဘာ...!"
သံခဲလည်း အော်သံကြောင့် လန့်နိုးလာသည်။
"ဟာကွာ...၊ ဟေ့ရောင်ကိုဦး ဘာတွေထအော်နေတာလဲကွာ၊ ငါတောင်လန့်တယ်၊ ဝါး.... အိပ်ချင်သေးတယ်ကွာ"
သံခဲက သမ်းပြီး ပြောသည်။
"အိပ်ချင်သေးတယ်မလုပ်နဲ့ အဖွားချော်လဲတယ်တဲ့၊ ထ ကွာ၊ သွားကြည့်ရအောင်၊ "
"ဟာ...၊ ဒီအဖွားတစ်ယောက်နဲ့တော့ ခက်ပါတယ်၊ ညဘက်ကြီးကို ဘယ်သူနဲ့များ သွားချိန်းတွေ့တာလဲမသိဘူး၊ လူကတုံတုံချိချိနဲ့ အခုတော့ချော်လဲပြီ၊ ကဲ ကိုဦး၊ ငမဲ သွားမယ်"
အလူးအလဲထပြီး မောင်ဦး၊ သံခဲနှင့် ငမဲတို့ အဖွားချော်လဲရာနေရာသို့ ထွက်လာခဲ့ကြတော့သည်။
----------
မောင်ဦးတို့ရောက်သောအခါ အဖွားမှာ သွေးထွက်လွန်ပြီး သတိမေ့နေသည်။ ရပ်ကွက်ထဲမှ လူကြီးများက တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေသည်။ ရပ်ကွက်ထဲမှ လူကြီးတစ်ယောက်က အသံအောင်စွာဖြင့်အော်ဟစ်ကာ လမ်းရှင်းစေသည်။ လူမှုကူညီရေးအသင်းမှ အဖွားအား ဆေးရုံပို့ရန် ရောက်ရှိလာသောကြောင့်ဖြစ်သည်။
"အားလုံး ဘေးကပ်ပေးဟေ့၊ ဘေးကပ်ကြ"
လူမှုကူညီရေးအသင်းမှ အဖွားရဲ့မိသားစု၀င်များကို ခေါ်စေသည်။ မိသားစု၀င်များမှာ ကလေးငယ်များသာရှိသောကြောင့် လူမှုကူညီရေးအသင်းမှ လူငယ်များက မောင်ဦးတို့ညီအစ်ကိုများကို အဖွားကိုပို့မည့် ဆေးရုံသို့ လိုက်ပါလိုလျှင် ဤကားပေါ်တက်ရန် ပြောသောကြောင့် ကလေးများက ယောင်လည်လည်ဖြင့် လူနာတင်ယာဉ်ပေါ် လိုက်ပါသွားသည်။
-----
အဖွားသည် ဆေးရုံရောက်သော်လည်း သတိမရသေး၊ ထို့ကြောင့် လူမှုကူညီရေးအသင်းမှ လူငယ်များက မောင်ဦးတို့ညီအစ်ကိုနှစ်ယောက်ကို ကျွေးမွေးစောက်ရှောက်ထားသည်။ အတန်ငယ်ကြာသောအခါ ဆရာ၀န်တစ်ယောက်ရောက်လာပြီး လူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦးကို အဖွား၏အခြေအနေအကြောင်း ပြောပြသည်။ မောင်ဦးသည် ဆရာ၀န်ပြောသည်ကို နားစွင့်နေရင်း သံခဲကိုလှည့်ကြည့်လိုက်တော့ သူ့ဘေးကခုန်တန်းလျားလေးမှာ အိပ်ပျော်နေသည်ကို တွေ့ရှိရသည်။ မောင်ဦးကတော့ လူမှုကူညီရေးအသင်းကပေးတဲ့ ပေါင်မုန့်ထုတ်ကလေးကို ဖောက်တောင်မဖောက်ပဲ ကိုင်ထားသည်။ လူမှုကူညီရေးအသင်းက လူငယ်လေးက ဆရာ၀န်နှင့်စကားပြောပြီးနောက် မောင်ဦးကို ကြည့်လိုက်သောအခါ မုန့်ထုတ်ကလေးကို မစားပဲကိုင်ထားသည်ကို တွေ့လိုက်ရသောကြောင့် မောင်ဦးထံသွားကာ အားပေးစကားပြောသည်။
"ညီလေး၊ အဖွားကတော်တော်နဲ့ သတိရဦးမှာမဟုတ်ဘူးတဲ့၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ အစ်ကိုတို့က ညီလေးတို့အဖွား သတိရမှ တစ်ခြားအလုပ်တွေ သွားလုပ်မှာပါ။ ညီလေးအိပ်ချင် အိပ်လေ"
"ရပါတယ် အစ်ကိုကြီး၊ ကျွန်တော် မအိပ်ချင်ဘူး၊ ဆရာ၀န်က ဘာတွေပြောသွားလည်း"
"လတ်တလော အဖွားအခြေအနေက သွေးသွင်းရမယ်တဲ့၊ ပြီးတော့ အဖွားရဲ့ ခါးရိုးက ဒဏ်ရာတစ်ခုဖြစ်သွားတယ်တဲ့၊ စိတ်မပူပါနဲ့ အစ်ကိုတို့အဖွဲ့က အားလုံးကို အဆင်ပြေအောင် ကူညီပေးမှာပါ"
"ဟုတ်ကဲ့ အစ်ကိုကြီး"
ဆရာ၀န်ပြောသွားသည်က အဖွားဒေါ်မေကြည်မှာ သွေးထွက်လွန်နေ၍ သွေးသွင်းဖို့လိုကြောင်း၊ အဖွားခါးရိုးအက်သွားပြီး စတီးလ်ရိုးထည့်ရမည်ဖြစ်ကြောင်း ဖြစ်သည်။ သို့ပေမယ့် မောင်ဦးတို့ညီအစ်ကိုမှာ ကလေးအရွယ်များသာဖြစ်သောကြောင့် ဆရာ၀န်ပြောပြသွားသော အကြောင်းစုံကို လူမှုကူညီရေးအသင်းမှ လူငယ်လေးကပြောမပြတော့ပေ။ တစ်ခဏအကြာတော့ စကားပြောသံများတိတ်သွားသည်။ ပြီးနောက်မောင်ဦးကို စကားဆက်ပြောသည်။
"အဖွားက အသက်ကြီးပြီဆိုတော့ မင်းတို့မှာ တစ်ခြားအမျိုးတွေရောရှိသေးလား"
မောင်ဦးက ခဏတာ စဉ်းစားပြီး ပြန်ဖြေသည်။
"ကျွန်တော်တို့မှာ တစ်ခြားအမျိုးတွေ မရှိပါဘူး၊ အဖွားကပဲ ကျွန်တော်တို့ကို ကျွေးထားတာဗျ"
"ဟင်...၊ အဖွားက အသက်ကြီးနေပြီဟာကို သူက အလုပ်လုပ်တုန်းလား"
"အဖွားက အလုပ်လုပ်နိုင်တုန်းက ကျွန်တော်တို့ကို ကျွေးထားတာပြောတာပါ။ ကျွန်တော်တို့မှာ အဖေနဲ့ အမေကို ငယ်ငယ်ထဲက မမြင်ဘူးခဲ့တော့ အဖေလည်း အဖွား အမေလည်းအဖွားပဲလေ၊ အခု သူအလုပ်မလုပ်နိုင်တော့ ကျွန်တော်တို့ကပဲ တစ်လှည့်ပြန်လုပ်ကျွေးရတာပေါ့"
"မင်းတို့အရွယ်လေးတွေနဲ့ အဖွားကို ပြန်လုပ်ကျွေးတာကို အစ်ကို၀မ်းသာတယ်ကွာ၊ မင်းတို့က စျေးရောင်းတာလား"
"မဟုတ်ပါဘူးဗျာ.....၊ ကျွန်တော်တို့က စျေးထဲမှာ တောင်းရမ်းစားသောက်ကြရတာပါ"
"ဟင်..."
လူငယ်လေးမှာ စိတ်မကောင်းဖြစ်သွားသည်။ ကလေးတွေက တစ်ခြားကလေးတွေလိုမဟုတ်ပဲ မျက်နှာမြင်လျှင် ချစ်ခင်ကြင်နာဖွယ် ကောင်းသောကြောင့် တောင်းရမ်းစားသောက်ကြရသည်ကတော့ မနှစ်မြို့ဖွယ်ကောင်းလှသည်။ လူငယ်လေးက ဆက်၍မေးပြန်သည်။
"ကျောင်းရော တက်ကြသေးလား"
"ငယ်ငယ်တုန်းကတော့ တက်ခဲ့ပါတယ်၊ အဖွားကလည်း အလုပ်မလုပ်နိုင်တော့ ကျွန်တော်တို့လည်း ကျောင်းဆက်မတက်ဖြစ်တော့ပါဘူးဗျာ"
"ကျောင်းဆက်ထားပေးမယ့်လူရှိရင် တက်ချင်သေးလား"
"တက်ချင်တာပေါ့ အစ်ကိုကြီးရာ၊ အဖွားက အသက်ကြီးနေပြီး ပင်ပင်ပမ်းပမ်းမလုပ်နိုင်တော့ ဘယ်သူက ပိုက်ဆံရှာပေးမှာလည်းဗျာ"
"အလုပ်ကောင်းကောင်း ရရင်ကော မလုပ်ချင်ဘူးလား"
"လုပ်ချင်တာပေါ့ အစ်ကိုရာ ကျွန်တော်တို့ကလည်းငယ်သေးတော့ လက်ဘက်ရည်ဆိုင် စားပွဲထိုးလောက်ပဲရမှာဗျ၊ စားပွဲထိုးတော့ မလုပ်ချင်ပါဘူးဗျာ၊ ဆိုင်ရှင်ကကျွေးလိုက်၊ လာစားတဲ့သူတွေကကျွေးလိုက်နဲ့၊ ကျွန်တော်တို့နေ့တိုင်း မြင်နေရတယ်၊ အကျွေးမခံရတဲ့ ရက်ဆိုတာ မရှိဘူး၊ နေ့တိုင်းကျွေးတာ"
"ဒါဆိုမင်း ဘာဝါသနာပါလည်း"
"ကျွန်တော် ဘာဝါသနာပါလည်းတော့ မပြောတတ်ဘူးဗျ၊ အဖွားကပြောဖူးတာရှိတယ်၊ ကျွန်တော် ဟင်းချက်တာကောင်းတယ်တဲ့ ဟော်တယ်တွေဘာတွေမှာ အလုပ်ရရင် ဒီထက်တောင် ပိုကောင်းဦးမယ်တဲ့၊ ကျွန်တော်ပညာမတက်တော့ ဟော်တယ်တွေဘာတွေက ကျွန်တော့ကို ခေါ်ပါ့မလားမသိဘူး၊ အဖွားက အဲ့နေရာတွေမှာ အလုပ်သင်စာဖိုမှူးဆိုလား အဲ့ဒါတွေ ခေါ်တယ်လို့တော့ ပြောဘူးတယ်ဗျ၊ တစ်ခါမှတော့ မစုံစမ်းဖူးဘူး၊ ဘယ်စုံစမ်းအားမလဲဗျာ၊ တစ်နေ့တစ်နေ့ စျေးထဲမှာ ဟိုလူကတစ်ရာပေး၊ ဒီလူကတစ်ရာပေးနဲ့ ညီအစ်ကိုနှစ်ယောက်ပေါင်းလိုက်ရင် ခြောက်ထောင် တစ်သောင်းကအသာလေးပဲ၊ ရတဲ့ ပိုက်ဆံနဲ့ မုန့်၀ယ်စား ဂေါ်လီပစ် ပိုက်ဆံထောင်ပစ်၊ တစ်ခါတစ်လေများ နိုင်လိုက်ရင် အများကြီးပဲ၊ ကျွန်တော်တို့နိုင်ရင် ညစ်တဲ့ ဘဲကြီးတွေတော့ရှိတယ်ဗျ၊ သူတို့တွေက ကျွန်တော်တို့နိုင်ရင် နိုင်တဲ့ပိုက်ဆံကို ညစ်ယူပြီး အရက်သွားသောက်ကြတာ"
သူတို့တွေ ညလုံးပေါက်စကားပြောဖြစ်ကြသည်။ မနက်ရောက်တော့ ပရဟိတလူတွေ၊ ရပ်ကွက်လူကြီးတွေ ဆေးရုံမှာရောက်နေကြပြီး အလုပ်တွေရှုပ်နေကြသည်။ အဖွားကတော့ သတိမရသေးဘူးဟု ပြောကြပါသည်။ ညက မောင်ဦးနှင့် စကားပြောဖြစ်တဲ့ လူငယ်လေးက ယနေ့တစ်ခြားတစ်နေရာမှာ တာ၀န်ကျနေပါသည်။
ညနေဘက်ရောက်သည့်အခါ အဖွားကို ခွဲစိတ်ဖို့လုပ်ကြသည်။ သံခဲကတော့ အပြင်ခဏထွက်သွားလိုက် ပြန်လာလိုက်နှင့် ပြီးတော့ မောင်ဦးအတွက်လည်း စားစရာမုန့်တစ်ချို့လည်း ပါလာသေးသည်။
----------
ဒီနေ့ဟာ အဖွားဆေးရုံရောက်တာ သုံးရက်ရှိပါပြီ။ အဖွားသတိမရသေးသည့်အတွက် မောင်ဦး မျက်နှာမကောင်း၊ စိတ်ကလည်း စပ်စပ်ထိမခံ ဒေါသလည်းထွက်နေသည်။ နေ့လည် ၁၂ နာရီကျော်အချိန်ဖြစ်သည်။ သံခဲက စျေးထဲက စျေးသည်အချို့နဲ့ ဆေးရုံသို့ ပြန်လာသည်။ စျေးသည်အချို့က မောင်ဦးကို အကြောင်းစုံပြန်မေးသည်။ မောင်ဦးလည်း သူသိသလောက်ဖြေသည်။ စျေးသည်တစ်ချို့ ရောက်ပြီး မရှေးမနှောင်းတွင် ပရဟိတလူမှုကူညီရေးအသင်း ရောက်လာသည်။
လူမှုကူညီရေးအသင်းမှ မောင်ဦးနှင့် စကားပြောဖူးသည့် လူငယ်လေးက မောင်ဦးကို လူကြီးတစ်ဦးနှင့် မိတ်ဆက်ပေးသည်။
"ဆရာ ဒါကျွန်တော်ပြောပြတဲ့ ကောင်လေးပါ၊ ညီလေး နှုတ်ဆက်လိုက်ပါဦး"
မောင်ဦးက ဘာမှန်းမသိပေမယ့် နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော့နာမည် မောင်ဦးပါ၊ ဟိုကောင်က ကျွန်တော့ညီ သံခဲပါ"
သံခဲက အနားရောက်လာပြီး ဦးလေးကြီးကို လက်ဆွဲနှုတ်ဆက်သည်။
"ကိုဦးကလည်း...၊ ဒီလိုနှုတ်ဆက်ရတယ်ဟ"
"အေးပါကွာ၊ အေးပါ"
ပြီးနောက် ဦးလေးကြီးက မောင်ဦးကိုစကားပြောသည်။
"မောင်ဦးရေ...၊ မင်းအကြောင်းကိုတော့ ဟောဒီက ပရဟိတလုပ်တဲ့ မောင်မျိုးပြောပြလို့ သိပြီးပါပြီ၊ ဦးလေးက မောင်မျိုးတို့ဟိုဘက်ရပ်ကွက်က ဟော်တယ်က မန်နေဂျာပါ၊ မောင်မျိုးပြောပြလို့ ဦးက မောင်ဦးအကြောင်းကို စိတ်၀င်စားသွားတာ၊ ဒါနဲ့ ဦးက မင်းတို့အမြဲတမ်းရှိနေတတ်တဲ့ စျေးထဲလည်း ၀င်ပြီးစုံစမ်းသေးတယ်၊ မင်းတို့ညီအစ်ကိုက ရိုးသားတယ်၊ ယဉ်ကျေးတယ်၊ ဘဝပေးအခြေအနေမကောင်းလို့ တောင်းရမ်းစားသောက်နေပေမယ့် မခိုးတတ်၊ မဝှက်တတ်ကြတော့ ပိုပြီးစိတ်၀င်စားလာမိတယ်၊ ပြီးတော့ စျေးထဲမှာ သံခဲရယ် စျေးသည်တစ်ချို့ရယ်ကို ထပ်တွေ့ခဲ့ပြီး သံခဲရဲ့ ပျော်ပျော်နေတတ်ပုံ စျေးသည်တွေက မောင်ဦး ဟင်းချက်ဝါသနာပါတာကို ပြောပြပုံတွေကြောင့် ဦးက မင်းတို့မြေးအဖွားကို အလုပ်လည်းပေးမယ်၊ နေစရာလည်းပေးမယ်လို့ စိတ်ကူးလိုက်တယ်၊ အဲ့ဒါ မောင်ဦးရော ဘယ်လိုသဘောရလည်း လုပ်ချင်စိတ်ရှိလား မောင်ဦး"
"ဗျာ....၊ ကျွန်တော်က အဖွားလုပ်စေချင်တဲ့ အလုပ်ကို တစ်ကယ်လုပ်ရတော့မှာလား၊ အဖွားရေ၊ အဖွားမြန်မြန်သတိရပါတော့ဗျာ၊ သားဘာလုပ်ရမှန်းမသိတော့ဘူးဗျာ၊ သား ငိုလည်းငိုချင်တယ်ဗျာ"
ပရဟိတလူငယ်လေး မောင်မျိုးက မောင်ဦးကို ပုခုံးလေးသပ်ပြီး နှစ်သိမ့်ပေးသည်။
"ကိုဦးရယ်၊ အဖွား ပြန်သတိရလာမှာပါကွ၊ အားတင်းထားပါ အဖွားပြန်သတိရလာရင် မင်းရဲ့ ပျော်စရာအကြောင်းကို အဖွားကိုပြန်ပြောပြမယ်လေ၊ အဖွားလုပ်စေချင်တဲ့ အလုပ်ရပြီဆိုတဲ့အကြောင်း ပြန်ပြောကြမယ်၊ အားတင်းထား"
ငိုချင်စိတ်ကို မျိုသိမ့်ကာ မန်နေဂျာလူကြီးအား မောင်ဦး သိချင်တာ ဆက်မေးသည်။
"ကျွန်တော် ဦးလေးကို တစ်ခုလောက်ထပ်မေးလို့ရမလားဗျာ"
"တစ်ခုမဟုတ်ဘူး၊ ကိုဦး မေးချင်သလောက်မေး၊ ဦး ဖြေမယ်"
"ကျွန်တော်ရော၊ ကျွန်တော့ညီပါ စာမတတ်ဘူး၊ ပြီးတော့ ကျွန်တော်က ဟင်းချက်တာ ဝါသနာပဲပါတာ၊ သင်ပေးမယ်ဆိုရင်တော့"
"ဒါပေါ့ ကိုဦးရာ၊ မင်းက ဝါသနာပဲ ပါသေးတာလေ၊ ကောင်းကောင်းမချက်တတ်သေးတော့ ဦးက မင်းကို အလုပ်သင်သဘောနဲ့ခန့်ပြီး လစာလည်းပေးမယ်၊ ပညာလည်းသင်ပေးမှာပေါ့"
"အိုခေ၊ ဦးလေး အဲ့ဒါဆို အဆင်ပြေပြီ အိုခေတယ်၊ လက်ဝါးရိုက်မယ်၊ ဟေ့ရောင်သံခဲ လက်ဝါးရိုက်မယ်လာ"
သူတို့ လက်ဝါးရိုက်နေကြစဉ် လူနာအခန်းထဲက သူနာပြုဆရာမလေး ထွက်လာပြီး အဖွားသတိရပြီဖြစ်ကြောင်း ပြောသည်။ သံခဲက လူကြီးစကား ထပြောသည်။
"မဂ်လာရှိရာ၊ မဂ်လာ လာတာ၊ ပျော်စရာပဲဟေ့၊ လာလာ အဖွားကို သွားတွေ့ကြမယ်"
သူနာပြုဆရာမက လူနာသွားမကြည့်ခင် သတိပေးလိုက်သေးသည်။ လူနာက ခွဲစိတ်ထားသည့် အရှိန်ကြောင့် စကားမပြောစေလို၊ လူနာကို ထိခြင်း ကိုင်ခြင်း ရိုက်ခြင်း ပုတ်ခြင်း မပြုလုပ်ရန် ပြောလိုက်သည်။ မောင်ဦး၏ ရင်ထဲ အပျော်တွေ စုနေသည်။ အဖွားကိုစကားမပြောစေပဲ သူချည်းပဲ ပြောမည်ဟု စိတ်ကကြံသည်။ အဖွားလည်း ဤသတင်းကို ကြားလျှင် ပျော်ရွှင်ပါလိမ့်မည်။ အဖွားသည် မောင်ဦးတို့ ညီအစ်ကိုနှစ်ယောက် တောင်းရမ်းနေကြပုံကို မြင်ချင်တွေ့ချင်ပါသေးတယ် ဆိုလျှင်တောင် နောက်ထပ်လုံး၀ မြင်တွေ့ရတော့မည်မဟုတ်ပေ။ သူမ အမြင်ချင်ဆုံးဖြစ်သည့် ဟော်တယ်က စားဖိုမှူးကြီးအဖြစ်နှင့် မောင်ဦးကို သူမ ထာ၀ရ မြင်တွေ့ရတော့မည်သာဖြစ်ပေသည်။
ကိုမျိုး
Keep Reading