SarPhat Author
အခင်မင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းညီမလေးနဲ့ စကားပြောဖြစ်ကြရင်း သူက သူ့အမေနဲ့ အဖေဖူးစာဆုံပုံလေးကို ပြောပြရှာတယ်။
အမ သမီး အမေက ကျောင်းဆရာမ။ အဖေက ကုန်တင်ကုန်ချလုပ်တာ။ ကုန်ထမ်းသမားပေါ့ အမရယ်တဲ့။
အဲမယ် ကိုယ်က မျက်လုံးတွေ ပြူးလို့ စိတ်၀င်စားသွားရော။ ဟမ်း ဘယ်လိုတွေ တွေ့ကြတာလဲပေါ့။
သမီး အမေက ကျောင်းဆရာမဆိုတော့ ကြိုက်တဲ့သူတွေ ပိုးပန်းကြတဲ့သူတွေ အများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ကို လာကြိုက်တဲ့ အဲလူတွေ အကုန်လုံးကို သူက ဆရာမကြီး လုပ်လို့ မရဘူးတဲ့။
အဖေကိုကြတော့ သူက ထိုင်ဆို ထိုင်တယ်။ ထဆို ထတယ်။ အဖေကို ဘာပြောပြော အဖေက " ဆရာမသဘောပါပဲဗျ။ ဆရာမ အမိန့်တော်အတိုင်းပါပဲဗျ။ ကျနော် ဆရာမအမိန့်ကိုဆို ဘာဆိုဘာမှမလွန်ဆန်ရဲပါဗျ။ " ဆိုတဲ့ အဲစကားနဲ့တင် အမေက အဖေကို ရွေးချယ်လိုက်တာတဲ့ အမလို့လည်း ပြောရော ကိုယ်က သဘောတွေကြပြီး ရယ်တော့ ညီမလေးက အမ သမီး တကယ်ပြောနေတာ ဘာလို့ရယ်တာလဲတဲ့။ သဘောကျလို့ပါ။
ညီမလေး အဖေကရော် ဘာလို့ ဆရာမကို ကြိုက်တာလဲ မေးကြည့်ဖူးဘူးလားဆိုတော့ အဖေက နှစ်ခွန်းတည်းပဲ အမြဲဖြေတယ်။ " ချစ်လို့ " တဲ့။ ကိုယ်ကလည်း ရိုးရှင်းလွန်းတယ်ကွာဆိုပြီး သဘောကျလို့ ရယ်ပြန်ရော။
အမ သူငယ်ချင်းတွေထဲမယ် ကုန်ထမ်းကြတဲ့သူတွေ ရှိတယ်။ အမတို့နဲ့ ကျောင်းတက်လည်း အတူတူပဲ။ ဖုန်းဆက်လာလေ့ရှိတယ်။ မချော ကျနော် ဒီနေ့အလုပ်လည်း အစောသိမ်းပြီးတော့ နွားချေးချ၊ ခရမ်းချဉ်သီးကားပေါ်တင်တာ ၂နာရီလောက်ပဲ။ ၂၀၀၀၀လောက်ရတယ်။ လူကတော့ နဲနဲပေတာပေါ့။ မချော ကျနော်ရာ ရှက်လည်း ရှက်တတ်ဘူးနော။ ကုန်ပါ လိုက်ထမ်းနေတယ်။ ဟား ဟား ဟားတဲ့။
ကိုယ်က သူ့ကို ပြန်ပြောလိုက်တယ်။ သမာအာဇီ၀ကျတဲ့အလုပ်ပါ။ ကာယအားကို ရင်းပြီး သန့်ရှင်းတဲ့ ပိုက်ဆံရှာတာပဲ ရှက်စရာမဟုတ်ပါဘူး။
တချို့ ကျနော့်သူငယ်ချင်းတွေဆို ကျနော် ကုန်ထမ်းနေတာ မြင်တော့ ပညာတတ်လုပ်ပြီး ကုန်ထမ်းနေတယ်။ ရှက်ဘူးလားလို့ ပြောကြတယ်။
ကိုယ်က ကုန်ထမ်းဆိုတာက နာမည်ကသာ မလှတာ။ ပိုက်ဆံက နစ်နေအောင် ရတဲ့ အလုပ်ပါ။ ဘာမှ တွေးမနေနဲ့။ လုပ်စရာ ရှိတာ ဆက်လုပ်ပါလို့ပြောတော့ အေးဗျ အဲလို့ပဲ တွေးတော့မယ် မချောရယ်တဲ့။
ကိုယ်က ဒီအကြောင်းတွေကို ညီမလေးကို ပြောပြလည်း ပြီးရော ညီမလေးက အမရယ် သိပ်မှန်တယ်။ အိမ်မှာ အဓိက ပိုက်ဆံ၀င်အများဆုံးက အဖေပါ။ အမေကျောင်းဆရာမ၀င်ငွေက အဖေလောက် မများဘူးရယ်။
ကိုယ်က ဒါပဲလေ။ လူတွေမှာက ကာယအား ဉာဏအားနဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေကြတဲ့ လူတွေချည်းပဲ။ လုပ်နိုင်ရင် လုပ်နိုင်သလောက် ၀င်ငွေတွေက ကွာသွားကြတာပဲလေ။ ဘယ်သူ့ကိုမှ ဒါက ဂုဏ်ယူရတဲ့ အလုပ်။ ဒါက နိမ့်ကျတဲ့အလုပ်ဆိုပြီး မနိမ့်ချသင့်ပါဘူး။ တချို့တွေက ဘာလုပ်လုပ် " အကောင်းဆုံးဖြစ်အောင် စေတနာတွေထားပြီး လုပ်ပေးကြတဲ့သူတွေ " ရှိပါတယ်။
ညီမလေးက ကိုယ့်ကိုယ်ကြည့်ပြီး အမက အကောင်းဘက်အရမ်းပြောပေးတတ်တာပဲနော်တဲ့။ အမ ငယ်ငယ်တုန်းက အိမ်ဘေးဦးလေးက ထင်းခွဲရင် သန့်ရှင်းပြီး သူ့ထင်းက သွားဆွဲယူရင်တောင် လက်မရှဘူး။ အမြဲတမ်းပြောင်လက်ပြီး သပ်ရပ်လှပနေလေ့ရှိတယ်။ အမ အစ်ကို ထင်းခွဲတာကြတော့ မသပ်ရပ်ဘူး။ ထင်းမှာ အမျှင်တွေ အများကြီးပဲ။ သူ့ထင်းယူရင် လက်ရှလေ့ရှိတယ်။
အမက အစ်ကိုကို ဦးလေးလို သပ်သပ်ရပ်ရပ်ထင်းခွဲပါလားလို့ ပြောတော့ အစ်ကိုက ကိုယ်တိုင်ထင်းလာခွဲကြည့်။ ကိုယ့်မယ် ပေါက်ဆိန်ကိုတောင် မနည်းမြောက်လိုက်ရတယ်။ ထင်းပေါ်လည်း ရောက်ရော ထင်းက မကွဲလာဘူး။ အဲမယ် ကိုယ်က ထင်းခွဲတာ တော်တော်ခက်တာပဲနော။ မလွယ်ကူဘူးပဲလို့လည်း ပြောရော အစ်ကိုက ကိုယ်တိုင်လုပ်ကြည့်မှ သိတာမလား။ လာပြီး ဆရာမကြီး လာမလုပ်နဲ့။ လာမဝေဖန်နဲ့ပါတဲ့။
ငယ်ငယ်ကတည်းရင်း အမ အစ်ကိုက အမကို ကာယအားနဲ့ အလုပ်လုပ်နေတဲ့သူတွေကို အထင်မသေးရဘူး။ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာတဲ့သူတွေမှ ကာယအားနဲ့ အလုပ်လုပ်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပြဖူးတော့ အမ အရိုးထဲထိ စိမ့်၀င်ပြီး သိသွားတယ်။ အဲကတည်းရင်း ဘယ်သူ့ကိုမှ အထင်မသေးရဲတော့ဘူး။ မဝေဖန်ရဲတော့ဘူး။
လူတိုင်း လူတိုင်း သမာအာဇီ၀ကျတဲ့ အလုပ်ဆိုရင် ကာယအားနဲ့ပဲဖြစ်ဖြစ် ဉာဏအားနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ကြပါစေ။
ခင်ခင်ချော
Photo from goggle
Keep Reading