Author's Profile Photo

SarPhat Author

11/05/2024

ကမ္ဘာနှစ်ခုကြားက စီးသောဆန်ရေ

6 mins read
Life Style
General Knowledge
Culture
ကမ္ဘာနှစ်ခုကြားက စီးသောဆန်ရေ's photo


ဖြစ်ရပ်မှန် ဆောင်ပါးရှည်တစ်ပုဒ်ပါ

အပိုင်း (၁)

ဒေးဗစ်ဂွတ်၏ မိဘများသည် တစ်ဦးနှင့် တစ်ဦး နိုင်ငံတူ လူမျိုးတူတွေ မဟုတ်ကြပေ။ သို့ပေမဲ့လည်း ဒေးဗစ်ဂွတ် ကြီးပြင်းရာအမေရိကန်တွင် ထိုအခြင်းအရာက အထူးအဆန်း တော့မဟုတ်။ဒါ့အပြင် သက်တမ်း ၂၅ ရှိနေပြီဖြစ်သော သူတို့မိသားစုကလေးသည် အများနဲ့မတူ တမူထူးခြားလို့နေသည်။ ဖခင်ဖြစ်သူက အမေရိကန်၊ မိခင်က အင်မတန်ဝေးလံခေါင်သီလှသော အမေဇုန်တောနက်ထဲမှ လူမျိုးစုအမျိုးသမီးတစ်ယောက်ပင် ဖြစ်သည် ။မိခင်ဖြစ်သူထွက်သွားခဲ့ပြီး နှစ်၂၀ လောက်အကြာလာချိန်မှာတော့ ဒေးဗစ်ဂွတ်သည် မိခင်ဖြစ်သူကို ရှာဖွေရမယ်ဆိုတဲ့အသိဝင်လာခဲ့သည်။

သုံးရက်ကြာ အိုရိမ်နိုကို မြစ်ကိုဖြတ်မောင်းနေချိန်မှာပဲ ဒေးဗစ်ဂွတ်မှာ အဖျားဝင်ပြီးနေမကောင်းဖြစ်လာခဲ့သည်။

မှက်ခြင်ကြီးများက သူ့ကို အရှင်လပ်လပ် အငမ်းမရ ဝိုင်းကိုက်ကြတာကြောင့် မောပန်း ရေငတ်လည်းဖြစ်ခဲ့ရသည်။ တိုက်ခတ်လာသော လေက စိမ့်စိမ့် အေးအေး နဲ့ စိုစိုစွပ်စွပ်ရှိနေသည်။ ပြင်းထံလှသော နေရောင်ခြည်တို့သည် အသားစားငါးများပေါလှသော မြစ်ရေပြင်ပေါ်၌ တလှပ်လှပ် ပြေးလွှားနေကြသည်။ မြင်းကောင်ရေ ၄၀ ပါဝါရှိသော မော်တာစက်နှင့် ခုတ်မှောင်းပြီး ပိုမိုနက်ရှိုင်းလှသော အေမဇုန်မြစ်၏ မြစ်ညှာပိုင်းသို့ ဆန်တက်ခဲ့ကြသည်။ ဒေးဗစ်ဂွတ်သည် စိတ်ထဲတွင် မတင်မကျဖြစ်နေမိသည်။ ယခင်ညတွေကလည်း သူလုံးဝ အိပ်မပျော်ခဲ့ပေ။

ဒေးဗစ်ဂွတ်သည် နဂိုကတည်းက သဘာဝခရီးသွား စူးစမ်းလေ့လာသူတစ်ယောက်တော့ မဟုတ်ပါ။ အမေရိကန်၏ ပြည်နယ်တစ်ခုဖြစ်သော ပင်ဆေဗေးနီးယားပြည်နယ် အရှေ့ပိုင်းသည် သူနေထိုင်ရာ အရပ်တစ်ခုဖြစ်ခဲ့သည်။ ၂၀၁၁ ဇူလှိုင်လမှာ ဗင်နီဇွဲလားနိုင်ငံ အမေဇုန်တောထဲသို့ သွားရောက်ခဲသော ထိုခရီးသည် ခလေးဘဝကပင် စလိို့ ပြည်ပနိုင်ငံတစ်ခုကို ပထမဆုံး ထွက်ဖူးသော ခရီးလည်းဖြစ်သည်။

လူအများက ပြောနေကြသလောက် ခက်ထန်ကြမ်းတမ်းမှုမရှိ အရာအားလုံးအဆင်တပြေချောမွေ့ခဲ့သည်။

ပုံမှန်အားဖြင့် အိုရိမ်နိုကို မြစ်လက်တက်သို့ သွားလာကြရသော ခရီးသည်များသည် Guajaribo Rapids ခေါ် ရေစီးထန်ပြီး ဝဲဂယက်ထသော နေရာတွင် ရပ်တန့်ကြရပြီး သူတို့စီးလာတဲ့လှေတွေကို ကြိုးနဲ့ဆွဲကာ အန္တာရာယ် အရိပ်အယောင်များရှိနေတဲ့ ကျောက်ဆောင်တွေကို မကျော်ဖြတ်ခင် ဝန်စည်စလယ်များကို ထုပ်ပိုးကာ ကမ်းစပ်ပေါ်သို့ ဆွဲတင်ကြရသည်။

ဒေးဗစ်ဂွတ်သည် သူ၏မိခင်ရွာကလေးဆီ ရောက်ရှိဖို့အတွက် အမေဇုန်မြစ်တစ်လျှောက်မှာ၊ လှေငယ်လေးဖြင့် ကိလိုမီတာ ရာနဲ့ချီပြီး ခရီးဆက်ခဲ့ရသည်။ သဲသဲမဲမဲရွာချနေသော မိုးကလည်း ရွာလိုက် ၊စဲလိုက်နဲ့။ မြစ်သည် နဂိုပုံမှန်ထက်အများကြီး မြင့်တက်လာနေသလား အောင့်မေ့ရသည်။ ဒါကြောင့် တက်မကျင်(တက်မကိုင်) တာဝန်ယူထားသော ဒေသခံ ဌာနေတိုင်းရင်းသား ဂျေဆင်တိုသည် လီဘာကို အပြင်းအထန် အဖွင့် အပိတ်လုပ်ရင်း ကျောက်ဆောင်များကို ဘယ် ၊ ညာကွေ့ကာ ရေစီးမြန်နေသော ဝဲဂယက် တို့ကို ကျော်တက်နိုင်ခဲ့ကြသည်။

နောက်ထပ်တစ်နာရီ၊ နှစ်နာရီ လောက်အကြာတွင် ဂွေ့တစ်ခုကိုရောက်လာခဲ့ကြသည်။
ထိုဂွေ့ကနေ လှေကို လှည့်လိုက်သော အချိန်တွင် အော်ဟစ်သံများသည် ရုပ်ရုပ်သဲသဲ မြစ်ကမ်းနဘေးကနေ ထွက်ပေါ်လာနေသောအသံပလံများကို ကြားကြရသည်။ ယခုလိုဝေးလံလှသော မြစ်ညှာအရပ်၌ မည့်သည့် လူဖြူများမှ နေထိုင်ကြလိမ့်မည်မဟုတ်တာကြောင့် ထိုအသံဗလံများသည် ယာနိုမာမီ လူမျိုးစုတို့၏ အသံဗလံဖြစ်နိုင်လောက်သည်ဟု သူကတွေးထားသည်။

''စက်လှေ ၊စက်လှေ '' ဟူ၍ မြစ်ကမ်းနဘေးကနေပြီး လှမ်းအော်ကြသည်။

''သူတို့တွေအဖို့ စက်လှေ ခုတ်မောင်းသံကို ဆယ်မှတစ်ခါ ရာမှတစ်လှည့် ကြားဖူးကြုံဖူးကြတာမို့ အထူးအဆန်းကြီးသဖွယ်ဖြစ်နေကြရတာပေါ့ '' လို့ ဒေးဗက် ဂွက်က ဆိုသည်။

သူမျော်လင့်သလို လေးတွေ ၊မျှားတွေကိုင်ပြီး တွေ့ရလိမ့်မည်ဟု ထင်ထားပေမည့်လည်း လက်တွေ့တွင် ဘာလက်နိတ်မှမပါပဲ ထွက်လာကြသည်။ သူတို့တွေဆီမှ ထွက်လလာတဲ့ စကားအသွားအလာအရ လှေကလေးကို လိုချင်နေပုံရသည်။

''ကျွန်တော်တို့ အလာကို မြစ်ကမ်းနဘေးကနေ ရပ်စောင့်နေကြတဲ့ ကလေး၊လူကြီး-ယောက်ကျား၊ မိန်မတွေကို မြင်တွေ့ခဲ့ရတယ်။ အမျိုးသမီးတွေမှာတော့ အပေါ်ပိုင်းမှာ ဗလာကျင်းနေကြပြီး အမျိုးသားတွေမှာဆိုလည်း အင်းကျီတွေကိုတော့ ဝတ်ဆင်ထားတယ်ဆိုရုံလောက်ပါပဲ။ " ဟူ၍ဒေးဗက်ကဆိုသည်။

တကယ်တော့ ထိုသူများသည် ဟစ်ဆိုပွာတာရီဆိုသော ရွာကနေလာကြသူများပင်ဖြစ်သည်။ ဒေးဗက်သည် လှေပေါ်က ဆင်လိုက်သည်ဆိုတာနဲ့ ယာနိုမာမီ ဘာသာစကားနဲ့ တရစပ် ပြောဆိုကာ သူ့ကို ဝိုင်းအုံနေကြသည်။

''ကျွန်တော်အနားကို အမျိုးသမီးတွေ၊ ကလေးတွေက အုံနဲ့ကျင်းနဲ့ ဝိုင်းအုံထားကြတယ်။ ကျွန်တော်ရဲ့နားရွက်ကိုဆွဲလိုက်၊ နခေါင်းကို တော့ကြည့်လိုက်၊ ဆံပက်တွေကို ထိကြည့်လိုက်နဲ့ ကျွန်တော်ကို ဝိုင်ကိုင်နေကြတဲ့ လက်တွေက အများကြီးပါပဲ '' ဟု ဒေးဗက်က ပြန်ပြောပြသည်။

အရပ် ၅ပေ၅ လက်မရှိသော ဒေးဗက်သည် သူ့အဖွဲ့ထဲ့မှာ အသေးဆုံးဖြစ်လေ့ရှိ ပေမည့် ကမ္ဘာပေါ်က အရပ်အတိုဆုံး လူမျိုးစုလို့ သတ်မှတ်ထားကြသော ယာနိုမာမီ လူမျိုးစုတွေနဲ့ ပူးကပ်ရပ်လိုက်ချိန်မှာ သူ့ကိုယ်သူလည်း အံ​သြမဆုံးဖြစ်နမိသည်။

ဒါသည်ကား ဟစ်ဆိုပွာတာရီရွာသားတို့၏ လူဖြူများနှင့် ပက်ပင်းကြုံတွေကြရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သူတို့က လူဖြူများကို ''နာဘူချ်'' ဟူ၍ခေါ်ဆိုကြသည်။ ဟစ်ဆိုပွာတာရီရွာသားများ တွေ့ဆုံဖူးသော လူဖြူများသည် သာသနာပြုအဖွဲ့များ ၊အလုပ်သင်ဆရာဝန်များ နှင့် မနုဿဗေဒပညာရှင်များလည်းပါဝင်ကြသည်။

သူတို့က ဒေးဗက်ဂွတ် တမူထူးခြားနေသည်ကို သိနေကြသည်။ ဒေးဗက်ဂွတ် အနေနဲ့ ၎င်းတို့၏ ဘဝတွေကို စောင်မပေးဖို့ လာခြင်းမဟုတ်သလို ထူးထူးဆန်းဆန်းမေးခွန်များကိုလည်း မေးမြန်းဖို့လာခဲ့ခြင်းလည်းမဟုတ်ပါ။ သူလာရခြင်းအကြောင်းတရားသည် သူ၏မိခင်ကို ရှာဖွေဖို့သာဖြစ်သည်။

ယာနိုမာမီလူမျိုးစု တို့သည် ဗင်နီဇွဲလား-ဘရာဇီးနယ်စပ်တစ်လျှောက် စတုရန်းမိုင် ၆၀၀၀၀ ကျယ်ဝန်းသော တောတွင်းဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၂၀၀ ၊ ၂၅၀ တို့ဖြင့် ပျံ့ကျဲ နေထိုင်လျှက်ရှိကြသည်။

ထိုဒေသအား အင်္ဂလိပ်စွန့်စားသူ ဆာဝဲလ်လတာ ရာလင်ချ်က အံဖွယ် မရေမတွက်နိုင်သော ကြွယ်ဝမှုများကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ဖူးသည်။ သူသည် ၁၅၉၅ နှင့် ၁၆၁၆ ကာလများတွင် အိုရင်နိကိုဒေသကို စူးစမ်းလေ့လာခြင်း နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သူလည်ဖြစ်သည်။

သို့သော်လည်း ၂၀ ရာစုအရောက်တွင် ဖွံ့ဖြိုးပြီးကမ္ဘာမှ သိပ္ပံပညာရှင်များ၊ ဂျာနယ်လစ်များနှင့် အနုပညာရှင်များ၏ စိတ်ကူးစိတ်သန်းများကို ရင်ခုံ စိတ်လှုပ်ရှားနေကြရသူများမှာ ယာနိုမာမီလူမျိုးစုများလည်း ပါဝင်ကြသည်။

ယာနိုမာမီလူမျိုးစုများ၌ စရိုက်သဘာဝချင်း အသွင်မတူသော အုပ်စုတစ်စုလည်းရှိနေသည်။ ၎င်းအုပ်စုသည် ခရစ်ယန် သာသနာပြုများနဲ့အတူ နီးကပ်စွာနေထိုင်လျှက်ရှိသော အနောက်တိုင်းဆန် လူ့အဖွဲ့အစည်းများနှင့်အနေများကြသူများလည်းဖြစ်သည်။ သို့သော်လည်း ပုံမှန် ပြင်ပကမ္ဘာနှင့် တိုက်ရိုက်ထိတွေ့မှုမရှိသော ကျေးရွာများအထိ ကုန်ကူးကာ လူမျိုးစုအချင်းချင်း ထိတွေဆက်ဆံမှုများရှိနေသော်ငြားလည်း ယာနိမာမီလူ့အဖွဲ့အစည်းမှာ ၎င်းတို့နှင့် စရိုက်သဘာဝချင်း မတူပဲ ကွဲပြားလျှက်ရှိကြသည်။

ရွာ၏သဘာဝသည် သစ်သားများနဲ့တည်ဆောက်ထားသော ဘဲဥပုံ (သို့မဟုတ်) အဝိုင်းပုံ စုပေါင်းနေထိုင်ရာအိမ်ကြီးတစ်ဆောင်ကို အဓိကထားတည်ဆောက်ကြပြီး ထိုဘုံအိမ်ကြီး၏ တစ်အမိုးအောက်မှာပဲ တစ်ရွာလုံး စုပေါင်းနေထိုင်ကြသည်။ ချက်ပြုသောခါ မိသားစုအလိုက် သီးသန့် ဖိုခွဲပြီးချက်ပြုတ်ကြကာ အိပ်စက်သောအခါ၌လည်း ကြိုးပုခက်စင်များနဲ့ အိပ်စက်ကြသည်။ ထိုစုပေါင်းဘုံအိမ်ကြီးသည် ရောင်းဝယ်ဖောက်ကားမှုများနှင့် ကိုးကွယ်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာများကိုလည်း ကျင်ပကြသော နေရာလည်းဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် အမေရိကန် မနုဿဗေဒပညာရှင် နာပိုလီယံချာကနင် သည် '' Yanomamo: The Fierce People'' ဆိုသော စာအုပ်ကို ရေးသား ထုပ်ဝေခဲ့ပြီး ထိုစာအုပ်သည် သူ၏အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့သည်။ သူက ထိုလူမျိုးစုတို့သည် အမျိုးသမီးများအား အကြောင်းပြုကာ ဘာမဟုတ်သော အချေအတင်အငြင်းပွားရာကနေ တစ်ရွာနှင့်တစ်ရွာ စိထက်စိပွထက်ပွကာ စစ်ပွဲများဖြစ်ကြရတဲ့အထိ တိုက်ခိုက်မှုများရှိခဲ့ကြောင်း တင်ပြခဲ့သည်။ ဒါအပြင် နာတာရှည် စစ်ပွဲများဆင်နွဲကြရင်း အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ကြပုံတို့ကို သူရေးဆွဲ့သော လောက သရုပ်ဖော် ပန်းချီးကားတစ်ချပ်မှာ ထိုလူမျိုးစုတို့၏ ဘဝ သရုပ်မှန်များ၊ အဖြစ်သနှစ်များကို တင်ပြထားခဲ့ဖူးသည်။

နာပိုလီယံ ချာကနင်၏ လက်ထောက် တစ်ဦးအနေနှင့် ဒေဗက်ဂွတ်၏ဖခင် ကင်နချ် ဂွတ်သည် ၁၉၇၅ ခုနှစ်တွင် အမေဇုန် တောနက်ထဲသို့ ပထမဆုံးခရီးအဖြစ် သွားရောက်ခဲ့သည်။ ကင်နချ်ဂွတ်သည် အိုရင်နိုကိုဒေသကို သားဖြစ်သူကြုံရသလိုမျိုး Guajaribo Rapids ဟုခေါ်သော ရေစီးမြန်သော ဝဲဂယက်ကို ကျော်ဖြတ်ကာ အရောက်သွားခဲ့ခြင်းပင်ဖြစ်သည်။ သူသွားရောက်ခါတုန်းက ဟစ်ဆိုပွာတာရီရွာနဲ့ မလှမ်းမကမ်းမှာ ယာယီတဲကို အိမ်လုပ်ပြီးနေထိုင်ခဲ့သည်။

ကင်နချ်ဂွတ် ထိုဒေသသို့ လာရောက်ရခြင်း၏ရည်ရွယ်ချက်မှာ ဒေသတွင်း ကျေးရွာရွားသားတို့၏ တိရိစ္ဆာန် အသားစားသုံးမှုကို ၁၅ လကြာ နေထိုင် ကွင်းဆင်းလေ့လာတိုင်တာချက်တစ်ရပ် လုပ်ဆောင်ဖို့ဖြစ်သည်။ ဒါ့အပြင် ယာနိုမာမီ လူမျိုးစုများ တစ်ရွာနှင့်တစ်ရွာ စစ်မက်ဖြစ်ပွား ရခြင်းသည် အစာရေစာ ရှားပါးရခြင်းနှင့် မသက်ဆိုင်ဟူသော အများတကာက ဝေဖန်ပြစ်တင်ခံနေရသော ဆရာသမားဖြစ်သူ ချာကနင်၏ တင်ပြချက်တွေနှင့်ပတ်သက်လို့ လိုအပ်သောဒေတာ အချက်အလက်များကို ရယူစုဆောင်းရန် လာရောက်ရခြင်းလည်းဖြစ်သည် ။

သို့သော်လည်း ထိုလူမျိုးစုတို့၏ ခလေးမွေးနုန်းများကို တတ်နိုင်သမျှ လျှော့မကျသွားအောင်၊မွေးဖွားနုန်းမြင့်တက်လာအောင် ရင်းမြစ်များ ရှာဖွယ်ဖော်ထုပ်ရေး စီမံချက်သည် ၎င်းဒေသသို့ သူလာရောက်ရခြင်း၏ နောက် ထပ်အဓိက အကြောင်းရင်းတစ်ရပ်လည်းဖြစ်သည်။

ယာနိုမာမီလူမျိုးစုတွေနဲ့အတူ ဒေဗက်ဂွတ်ဖခင် ကင်နချ်ဂွတ်သည် လူမျိုးစုများ အမဲလိုက်ဖမ်းဆီးယူလာကြသော ပင်ကူမျောက်များ၊ သင်းခွေချပ်များကို စနှစ်တကျ ချိန်တွယ်ကြည့်သည်။ ယာနိုမာမိီတို့က ထိုကဲ့သော ကင်နချ်ဂွတ်၏လုပ်ရပ်ကို ကြည့်ပြီး အထူးဆန်းသဖွယ် ရယ်မောတတ်ကြသည်။ တိရိစ္ဆာန်တစ်ကောင်ဟာ ဘယ်လောက် လေးသလဲဆိုတာကို သူသိချင်ရင် ယခုလိုချိန်တွယ်ရကြောင်း ကင်နချ်ဂွတ်က သူတို့အား ရှင်းပြလျှင်

''ခင်ဗျား ဘာကြောင့် အဲဒီတိရိစ္ဆာကို ကောက်မ မကြည့်ရတာသလဲ'' လို့ သူတို့က မေးလေ့ရှိကြသည်။

၁၅လတာကုန်ဆုံးဖို့နီးကပ်လာသောအခါ ကင်နချ်ဂွတ်သည် ယာနိုမာမီဘာသာစကားကို ကောင်စွာပြောနိုင်လာသည်။ သို့သော်လည်း သူ၏သုတေသနအကျဉ်းချုပ်ကိုလောက်သာ အာရုံစိုက်နေမိတာကို အားမလိုမရမှုဖြစ်လာခဲရပြန်သည်။

"တိရိစ္ဆာန်များကို တိုင်းတာခြင်းနှင့် အသား အထွက်နှုန်းတို့ကို တွက်ချက်ရုံနဲ့ မလုံလောက်ပါ။"

"အစားအအစာများအား စုဆောင်းခြင်းနှင့် နေစဥ်စားသုံးသော ပမာဏတို့ကို ယဉ်ကျေးမှုအရ တွဲစပ်ထားရှိရန် လိုအပ်ပါသည်။" ဟု သူကရေးသားတင်ပြခဲ့သည်။

ထိုအကြောင်းအရာကို ပိုမိုပြီးဂဃနဏ သိရှိရဖို့အတွက် သူသည် ရှာပိုနို ရွာသို့ ပြောင်းရွှေ့ကာ ထုံးတမ်းစဉ်လာများကို တတ်နိုင်သမျှ နေ့စဥ်နေ့တိုင်း လေ့လာခဲ့သည်။

သူသည် ခြေလျင်ခရီးဖြင့် လိုက်လံရှာဖွေကာ အသုဘအခမ်းအနားများ နှင့် ရိုးရာထုံးတမ်းဓလေ့များကို ကြည့်ရှုလေ့လာခဲသည်။ ဟစ်ဆိုပွာတာရီ ရွာသားများက သူ့ကို ယာနိုမာမီဘာသာစကားဖြင့် ''ချိုရီ'' (ယောက္ဖကြီး)ဟုခေါ်ကြသည်။

''အဖေဟာ သူရဲ့ဆရာသမား ချာကနင် ရေးဆွဲခဲတဲ့ ယာနိုမာမီ ရုပ်ပုံများကိုပြပြီး စပ်စုကြည့်သောအခါ ယာနိုမာမီလူမျိုးစုတွေဟာ ရုပ်ပုံထဲ့မှာအတိုင်း သူ၏ဆရာ တင်ပြရေးဆွဲထားသလို ကြမ်းကြုတ်မှု မရှိလောက်ဘူးလို့ ခံယူထားကြောင်း '' ဒေးဗက်ဂွတ်က ဆိုသည်။

"ပြီးတော့ ကျွန်တော့်အဖေအနေနဲ့ အဲဒီမှာ ၁၂ နှစ်နီးပါတောင်နေခဲ့တာလေ။ အဲသလို ရက်စက်ကြမ်းကြုတ်တဲ့ လူတွေနဲ့ ၁၂ နှစ်တာ အတူနေနိုင်ဖို့ဆိုတာကို ကျွန်တော်အနေနဲ့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရပါဘူး။

"ဒါကြောင့်လည်း အဖေဟာ ယာနိုမာမီလူမျိုးစုတွေကို သံယောဇဥ်တွယ်လာခဲ့တာပေါ့။ ပြီးတော့ အဖေဟာ ကျွန်တော်ရဲ့အမေကို ချစ်မိသွားတာကြောင်လည်း ဖြစ်မှာပါ။'' ဟူ၍ ဒေးဗစ်က သူ၏အမြင်ကို ပြောပြသည်။

၁၉၇၈ နှစ် တစ်နေ့တွင်၊ ဟစ်ဆိုပွာတာရီရွာ၏ လူမျိုးစုအကြီးအကဲက ဒေဗစ်ရဲ့ဖခင် ကင်နချ်ဂွတ်ကို အကြံကောင်းတစ်ခုကို တင်ပြလာခဲ့သည်။

'' ယေက္ဖကြီးကို ကျုပ်တစ်ခုလောက် အကြံကောင်းတစ်ခုပေးချင်တယ်။ ခင်းဗျားက ကျုပ်တို့ဆီကို အချိန်အကြာကြီးလာပြီး ကျုပ်တို့နဲ့လည်းအတူနေတယ်....။ ခင်ဗျားအနေနဲ့ တစ်ယောက်တည်း နေရတာ မသင့်တော်ဘူးမဟုတ်လား.... ဒီတော့..ခင်ဗျားမှာ ဇနီးတစ်ယောက် ရှိသင့်တယ်လို့ ကျုပ်စဥ်းစားနေမိတယ်...။ '' ဟူ၍

လူမျိုးစုအကြီးအကဲက ကင်နချ်ဂွတ်အား အထက်ပါအတိုင်အကြံပေးစကားပြောဆိုခဲ့ပုံကို ၁၉၉၁ ခုနှစ်က သူရေးသားထုပ်ဝေခဲသော '' Into the Heart: An Amazonian Love Story'' ဆိုသော သူ၏ကိုယ်တွေ့မှတ်တမ်း စာအုပ်၌ ရေးသားတင်ပြခဲ့သည်။

#Kyi San Khin

By William Kremer ရဲ့ Return to the rainforest: A son’s search for his Amazonian mother ကိုဘာသာပြန်ဆိုသည်။

ဓာတ်ပုံ Google မှ ကူးယူဖာ်ပြသည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)