SarPhat Author
" ကိုဗဒင်..... ရှင့်ကိုဒီအရက်တွေမသောက်ပါနဲ့တော့လို့ ကျွန်မပြောထားတယ်လေ "
" ကိုယ်ကြိုက်လို့ပါ နွဲ့ရယ်... "
" ဆရာဝန်ကဒီတစ်ခါမှ မရပ်ရင် ရှင့်အသည်းကို သူကယ်လို့မရတော့ဘူးပြောတယ်လေ ရှင်မမှတ်မိဘူးလား...."
" ငါကြိုက်လို့ငါသောက်တာလို့ပြောနေတယ်လေကွာ ... "
" အဲ့ဒါဆိုလဲရှင်ထမင်းစားပြီး အိပ်လိုက်တော့.... ကိုယ့်ဒုက္ခကိုယ်ရှာရတာအားမရလို့ ကျွန်မကိုပါဒုက္ခပေးနေတယ်တဲ့ တော်ရေ..... "
အခြေခံလူတန်းစားတစ်ရပ် တစ်နေ့လုပ်တစ်နေ့စား အထည်ချုပ်စက်ရုံတစ်ခုရဲ့လူဦးရေ တစ်ရာလောက်ရှိတဲ့ အလုပ်သမားအိမ်ရာမှာပေါ့........မိန်းမဖြစ်သူကအထည်ချုပ်ကပြန်အလာ ညဂိတ်စောင့်သွားရမယ့် ယောက်ျားကအရက်တွေသောက်လာလို့ ဂရုဏာဒေါသနဲ့ ဆူပူနေတဲ့စကားသံတွေကို အတိုင်းသားကြားနေရပါတယ်...
ဒီအသံတွေကို ကိုဗဒင်တို့ ဘေးချင်းကပ်အိမ်က
မမြတ်ကတော့..
"ဟော...ဒီလင်မယား သတ်ကြပြန်ပြီထင်တယ်.....
ကိုဗဒင်ကြီးကလဲလေ.... ဆရာဝန် အတန်တန်တားနေတဲ့ကြားက ဘာလို့များ ဒီလောက်ထိသောက်နေရတာလဲမသိဘူး...."
အောက် အီးအီး အွတ်...... အရုဏ်တက် လင်းကြက်တွန်ပြီး နောက်တစ်ကြိမ် မနက်၆နာရီရဲ့ ကြက်တွန်သံ သဲ့သဲ့ကြားရတော့..
"ဒေါ်နွဲ့ရေ ....ဒေါ်နွဲ့ ပြင်ဆင်ပြီးရင် အလုပ်ဝင်ကြရအောင်လေ "
"အေးအေးလာပြီ မြတ်ရေ..."
ဒေါ်မူယာနွဲ့လဲ ထမင်းဟင်းချက်ပြီး ပြာပြာသလဲနဲ့ ဆင်းလာပါတော့တယ်....
" လမ်းလျှောက်ရင်းပဲခေါင်းဖြီးတော့ပါမယ်အေ
လာလာ"
" ဟုတ် "
" ဒေါ်နွဲ့ရယ် သပ်သပ်ရပ်ရပ်လာပါတော့လား..."
" အလို...မမြတ်ရယ် ကျုပ်ကရှင့်လို တစ်ကိုယ်ထဲနေတာမဟုတ်တော့ ကျုပ်ယောက်ျားစားဖို့အတွက် ချက်ပြုတ်ပေးနေရတာလေ မမြတ်ကသာနေ့လည်စာကိုဝယ်စားလိုက်ရင်အဆင်ပြေနေတာပဲ...."
" ဒါနဲ့ညက ဒေါ်နွဲ့ယောက်ျား ကိုဗဒင်ကြီးအရက်သောက်လာတာလား "
" မပြောချင်တော့ပါဘူး မြတ်ရယ် ဘယ်တော့မှအလိုက်သိမလဲမသိဘူး ညကဂျူတီလဲအစားထိုးလိုက်ရတယ်လေ boss ကလဲတင်းနေပြီးအလုပ်ဖြုတ်ချင်နေပြီ ကျွန်မမျက်နှာကြောင့်သာ...
ရှိတဲ့အလုပ်ကိုတော့ စိတ်ဝင်စားမှပေါ့ ဘယ်လိုယောက်ျားပျင်းမျိုးကိုရထားလဲမသိပါဘူး ... "
" အံမယ် ဒေါ်နွဲ့ပဲ ကိုဗဒင်ကြီးကိုအရင်ကြိုက်တာဆို.... သူကလဲချစ်ရှာပါတယ် "
ဟိုနှစ်ယောက် မြန်မြန်လာ...
ဟုတ်ကဲ့ ဟုတ်ကဲ့
" အမလေး အမလေး ခါးခါး...ခါးနာလိုက်တာဒေါ်နွဲ့ရယ် "
" ဟဲ့နင်တစ်ယောက်ထဲအလုပ်လုပ်နေရတာမဟုတ်ဘူး ငါလဲနာတယ် "
" ၁၂ထိုးတော့မယ်ဆိုတော့ မပုတို တို့ကိုခေါ်ပြီး ထမင်းလေးသွက်သွက်စားရအောင် ဒေါ်နွဲ့ရယ် ခါးလေးဆန့်ချင်လို့"
အထည်ချုပ်လုပ်ငန်းမှာ နေ့လည် ၁၂နာရီဆို ထမင်းစားကြပြီး ၁နာရီမှာ အလုပ်ပြန်ဝင်ကြရပါတယ် ။ ဒေါ်နွဲ့တို့အလုပ်သမတွေ ထမင်းစားကြရင်းနဲ့ ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ် အာပေါင်အာရင်း
သန်သန်နဲ့ မပုတိုက စကားစတယ်...
" တော်တို့ကြားပြီးပြီလား ကျုပ်တို့ boss ကမိန်းမနှစ်ယောက်ယူထားတာတဲ့..."
" မယားကြီးက မိဘတွေပေးစားလို့ယူထားပြီးတော့ အငယ်လေးကိုကျ သူကြိုက်လို့လက်ထက်ထားပြီး အခုနိုင်ငံခြားမှာပါ အိမ်တစ်ဆောင်မီးတစ်ပြောင်ထားပေးထားတာတဲ့...."
" အဲ့ဒါကို တော်ကဘယ်လိုလုပ်သိတာတုန်း တော်ကအဲ့အငယ်မလို့လား..."
"ဟားဟားဟားဟား...ဒေါ်နွဲ့ကတော့လေ..."
ထမင်းစားနေကြရင်း ပွဲကျကုန်တော့တယ်
" ဪ ပြီးတော့ပြောစရာရှိသေးတယ် "
" တော်ဒီနေ့ပြောလို့ပြီးဦးမှာလား "
" ပြီးတော့မှာပါ...မနေ့ညက ဂျူတီကျတာ ကိုဗဒင်ကြီးမလား ဒါပေမယ့် ကိုဗဒင်ကြီးမူးလာလို့ ကိုဖိုးဆွေတို့ကို ဂျူတီလွှဲလိုက်တယ်မလား ဒေါ်နွဲ့ "
" ဟာ့ ကြားထဲအိမ်အလုံး၂၀လောက်ခြားတာကို BBC တို့ကဒါလဲသိတာပဲဟေးးး"
" အေး....ကိုဖိုးဆွေတို့က ကျုပ်တို့လမ်းထိပ်က ဥသျှစ်ပင်ကြီး ကိုဖြတ်သွားရတဲ့ ကင်းတဲမှာကင်းကျတာတဲ့ အဲ့မှာ လမ်းမီးရောင်မှိန်မှိန်နဲ့ ဥသျှစ်ပင်အရိပ်ကျနေတဲ့ဘက် ဥသျှစ်ပင်နဲ့ အုတ်တံတိုင်းဖြူဖြူကြားမှာ လူတစ်ယောက်ဖြတ်သွားတာကိုမြင်လိုက်တယ်တဲ့။
အဲ့မှာ ကိုဖိုးဆွေကဓာတ်မီးကိုဆွဲပြီး လိုက်ရှာရတာပေါ့ သူမြင်တာကတော့ မိန်းမတစ်ယောက် အရပ်ခပ်မြင့်မြင့်က လက်မှာကြိုးရှည်ရှည်တစ်ချောင်းကိုလဲမြင်လိုက်တယ်။ ဥသျှစ်ပင်အရိပ်လဲကျ ဓာတ်မီးအရောင်နဲ့လဲဆန့်ကျင်ဘက်ကိုပြေးသွားတာဆိုတော့ သူလဲ သဲသဲကွဲကွဲ မမြင်လိုက်ရဘူး ။ အဲ့တော့သူလဲ လန့်တော့လန့်ပေမယ့် လုံခြုံရေးအရ ဆက်ရှာကြည့်ရင်းနဲ့ ဥသျှစ်ပင်အောက်ရောက်သွားရောတဲ့။ အဲ့ချိန် အုတ်တံတိုင်းရဲ့ဟိုဘက်က ခွေးအူသံကျယ်ကျယ်တစ်ချက်ကြားလိုက်ရတယ် သူလဲပြန်တော့မယ်ဆိုပြီး ကင်းတဲဘက်ကိုခြေဦးအလှည့် သူ့နဖူးပေါ်ကို တစ်ခုခုကျလာတယ်တဲ့ ကြည့်လဲကြည့်လိုက်ရော လွန်းကြိုးကြီးတဲ့... ဥသျှစ်ပင်ဆိုတာပင်စည်ရှည်တဲ့သဘောရှိတယ်လေ ဒါမယ့်လွန်းကြိုးတစ်ချောင်းက သူ့မျက်နှာပေါ်လာကျတဲ့ထိရှည်တယ်ဆိုတော့...သူလဲ ကြောက်ကြောက်နဲ့ပဲ အပင်ပေါ်ထိ မီးရောင်ထိုးကြည့်လိုက်တာ ဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက် တောင့်တောင့်ကြီးရပ်နေတာကိုတွေ့လိုက်ရပါလေရော ကိုဖိုးဆွေကြီးလဲ တစ်ကိုယ်လုံးတဆက်ဆက်နဲ့တုန်နေတော့တာပဲ အဲ့ဒါကိုမြင်ပြီးသစ်ပင်ပေါ်ကမိန်းမက
"ဝါး ဟား ဟား ဟား.....ဟားးးး ဟား ဟားဟား ငါ့ကိုမြင်ပြီမလား မြင်ပြီမလား....ဟားးးဟားဟားဟားဟ"
ရယ်သံနဲ့အတူ ကြိုးစကြီးကလှုပ်လာတယ်တဲ့ ကိုဖိုးဆွေကြီးလဲ မျက်တောင်မခက် ကြောင်ကြည့်နေ့မိတော့ " ကျွိ ကျွိ ကျွိ "နဲ့ သစ်ပင်ပေါ်ကမိန်းမတစ်ချက်ခုန်လိုက်တိုင်း ကြိုးစရှည်ကြီးကအပေါ်မြောက်လိုက်တိုင်း ကြိုးစရဲ့အစွန်းတစ်ဖက်က " ဖက် ဖက် ဖက်...." မျက်နှာကိုလာရိုက်လိုက်နဲ့တဲ့ အဲ့ချိန်မှာ သစ်ပင်ပေါ်ကမိန်းမရဲ့မျက်နှာက ကိုဖိုးဆွေကိုငုံ့ကြည့်လိုက်တဲ့တစ်ချိန်မှာ မျက်ဖြူလန်နေတဲ့မျက်လုံးရယ် ပြာနှမ်းနေတဲ့မျက်နှာကြီးနဲ့ မချိမဆန့်ခံစားနေရတဲ့ လျှာကြီးတန်းလန်းထွက်နေတာကိုမြင်လိုက်ရတယ်တဲ့ ပြီးတော့ မိန်းမကြီးရဲ့ မျက်နှာအောက်ကလည်ပင်းမှာ သွေးပြိုင်းပြိုင်းထွက်နေပြီးအသားထဲထိစိုက်ဝင်နေတဲ့ လွန်းကြိုးကြီးကိုလဲမြင်လိုက်ရရော ကိုဖိုးဆွေကြီး ခန္ဓာကိုယ်တစ်ခုလုံးအငွေ့ပျံသွားသလိုဖြစ်ပြီး ချက်ချင်းကိုသတိလစ်သွားရောတဲ့.... "
" မနက်က ကျုပ်ကို တောင်ဘက်ခြမ်းက နွေးနွေးလာပြောပြတာ"
________________________
" ဟယ် ဒေါ်မူယာနွဲ့... မမြတ်... နင်တို့တွေအသက်ကောရှိသေးလား "
မပုတိုရဲ့သတိပေးသံကြားမှ ဒေါ်နွဲ့တို့သတိပြန်ဝင်လာတယ်
" ဟုတ်လို့လား ပုတိုရယ် "
"ဟုတ်ပါတယ်ဆို ကျုပ်တောင် အလုပ်ဆင်းရင် လူနာသတင်းသွားမေးမလို့ လိုက်ခဲ့ "
"အလုပ်ပြန်ဝင်ကြမယ်ဟေး"
" မပုတို တို့ လေကြောရှည်ချက်က ကျုပ်ခါးမဆန့်လိုက်ရဘူးတော်ရေ့......"
တစ်နေကုန်ပင်ပင်ပန်းပန်းအထည်ချုပ်ပြီး ညနေ၄နာရီထိုးခါနီနီးမှာ မမြတ်တို့အုပ်စု ဖင်တကြွကြွဖြစ်နေပါပြီ။
" ဒေါ်နွဲ့ ကိုဖိုးဆွေကြီး လူနာသတင်းသွားမေးကြမယ်လေ"
" ဗျို့.....ကိုဖိုးဆွေကြီး ကြောက်ဖျားဖျားနေတယ်ဆို....."
" မမြတ်တို့ပါလား လာလာ ထိုင်ဗျာ....အဲ့လိုပဲဆိုပါတော့ ကျွန်တော်လဲသက်သာနေပါပြီ "
" ဘယ်လိုဖြစ်ရတာလဲ...."
" ကြားသင့်သလောက်တော့ကြားပြီးကြပြီထင်ပါတယ်ဗျာ...ကျွန်တော်ရွာသားပါ ပုံစံမျိုးစုံမြင်ဖူးပါတယ် ။ ဒါကြီးကတော့ပထမဆုံးပါဗျာ သူကမိန်းမသံနဲ့ ရယ်နေရင်းတန်းလန်း အသံကြီးဩသွားပြီးဗျာ လူစားလဲမယ် ငါဒီသစ်ပင်မှာမနေနိုင်တော့ဘူး ငါလူပြန်ဖြစ်ချင်တယ် အစားထိုးမယ်လို့ကြည့်ပြောနေတာဗျာ ကျွန်တော်လဲ ကြောက်ဒူးတွေတုန်ပြီးသူ့မျက်နှာကြီးမြင်လိုက်ရမှ သတိလစ်သွားတာ။"
ဒီလိုနဲ့ မမြတ်တို့ ဒေါ်နွဲ့တို့ တစ်တွေ လူနာမေးကြရင်း ည၆နာရီထိုးတော့ အိမ်ကိုအသီးသီးပြန်လာကြတယ်...
"အဲ့ဒါဆို ကျွန်မအိမ်ထဲဝင်တော့မယ်နော် ဒါနဲ့ဒေါ်နွဲ့ ကိုဗဒင်ကြီးရော ထုံးစံအတိုင်းပဲလား"
" ထုံးစံအတိုင်းပဲပေါ့အေ...."
" ဘယ်ခွေးမှလူမထင်ဘူးကွ...စိန်ဗေဒါရဲ့၇ဆက်မြောက်မြေး စိန်ဗဒင် ဆိုတာငါပဲ....ဘယ်ခွေးမှကိုလူမထင်တာကွာ..."
ကိုဗဒင်ကြီး အရက်ဆိုင်ကနေ မူးမူးနဲ့ အော်ဟစ်လာလိုက်တာ ကင်းတဲနားထိရောက်လာတော့
" ဟာ.....စိန်ဗဒင်တို့ကတော့ ကိုးနဝင်းမိုးလင်းတဲ့ထိသောက်တော့မယ်ထင်တယ်ဟေး...."
" ဗျို့.....ကိုဗဒင်ကြီး ရှေ့နားကိုဂရုစိုက်သွားဦးနော့်"
"အေးဆေးပါ ချစ်ညီရာ...အဲ့ကောင်မဘာလုပ်နိုင်မှာမို့လို့လဲ ဖိုးဆွေက ငကြောက်...."
" ဟာ...ဒီလူ မပြောသင့်တာတွေမပြောစမ်းပါနဲ့...."
ဒီလိုနဲ့ဆက်လျှောက်လာလိုက်တာ ဥသျှစ်ပင်ကြီးရဲ့အောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်
" အေ့....ဟာ ဗိုက်ဆာလိုက်တာကွာ...အုန်း.....
ဟ ဘာတုန်းဟ"
ဥသျှစ်သီး ကြီးကြီးမှည့်မှည့်တစ်လုံးက ကိုဗဒင်ရဲ့ လမ်းတည့်တည့်မှာပြုတ်ကျလာပါတော့တယ်
" ဘယ်ခွေးမသား လက်ကမျဉ်းတာတုန်း...."
" ကျွိ ကျွိ .....ဟီးဟီး ကျွိကျွိ ဟီးဟီး.....ကျွိကျွိကျွိကျွိ... ဟိဟိဟိ "
"ဘယ်ကောင်ရယ်နေတာတုန်း ငါစိတ်တိုလာပြီနော် ဘယ်ကောင်တုန်းခုထွက်ခဲ့"
ကိုဗဒင်ကြီးလဲ ပုဆိုးကိုမြောက်တင်ပြီးခိုင်နေအောင်ပြင်ဝတ်ရင်း စိန်ခေါ်နေပါတယ် လက်ထဲမှာလဲ ပုလင်းကြီးတရွယ်ရွယ်နဲ့....
" ထွက်ခဲ့.....လို့ပြောနေတယ်လေ"
အချိန်အတန်ကြာတဲ့ထိ စောင့်နေပြီးမှ ကိုဗဒင်ကြီးလဲ အိမ်ကိုပြန်ဖို့ခြေလှမ်းစတော့တယ်....
ကျွိ ကျွိ ကျွိ ကျွိ....ဘုတ်..
ကိုဗဒင် ရုတ်တရတ်ခြေလှမ်းတွေလေးလံလာတယ်....
" ငါဒီနားတင်အိပ်ပျော်လို့တော့မဖြစ်သေးဘူး အိမ်ပြန်ရဦးမယ်..."
ကျွတ်......ငှက်ဆိုးထိုးသံလိုမျိုး မကောင်းတဲ့ငှက်ရဲ့ စုတ်ချက်တစ်သံကိုကြားလိုက်ရချိန်မှာ ကိုဗဒင်တစ်ကိုယ်လုံးကြက်သီး ဖြန်းကနဲ ထသွားလေတော့...
" မဖြစ်တော့ဘူး ငါပြန်မှဖြစ်တော့မယ်..."
ဖက် ဖက် ဖက် ဖက်....ကိုဗဒင်ရဲ့နောက်ကနေထပ်ချက်မကွာအသံတစ်သံကိုကြားနေရတယ်...
သစ်ရွက်ခြောက်တွေကိုအရာတစ်ခုခုထိသွားသံနဲ့အတူ မြေကြီးပေါ်မှာတစ်ခုခုကိုပွတ်ဆွဲနေသံလဲကြားနေရပါတယ်...
" ဘာသံတွေလဲကွာ...." ဆိုတဲ့စကားနဲ့အတူ ကိုဗဒင်ရဲ့မျက်လုံးတစ်စုံဟာ သူ့ရဲ့နောက်တည့်တည့်ကိုရောက်သွားပါတော့တယ် အဲ့ချိန်မှာသူတွေ့လိုက်ရတဲ့ အရာတစ်ခုက လည်ပင်းမှာကြိုးတန်းလန်းနဲ့ သိပ်ကိုလွတ်မြောက်ချင်နေတဲ့ မိန်းမတစ်ယောက်ဟာ လည်ပင်းမှ ချည်နှောင်ထားတဲ့ကြိုးစရှည်ကိုလက်မှာကိုင်ထားပြီး သူ့နောက်ကိုတဖြည်းဖြည်းချင်းလိုက်လာနေတာကိုတွေ့လိုက်ရပါတယ်။
" ဟာ...." ကိုဗဒင်ကြီး ရင်ကွဲမတတ်ဖြစ်နေတဲ့ပုံကိုကြည့်ပြီး ထိုမိန်းမက ဟားတိုက်ရယ်ပါတော့တယ်
ဟား.....ဟားဟား....ဟား....,ဟားဟားဟားဟား
သတိလစ်မတတ်ဖြစ်နေတဲ့ကိုဗဒင်ကြီးလဲ အသိစိတ်ပြန်ဝင်လာပြီး စတင်ပြေးပါတော့တယ်။
ကိုဗဒင်ကပြေးလေ နောက်ကမိန်းမက လွန်းကြိုးအရှည်ကြီးကိုလည်မှာချည်ပြီး လည်ပင်းပြတ်ထွက်မတတ်ပြေးလိုက်လာပါတော့....
ကျွန်တော် တောင်းပန်ပါတယ်ဗျာ မလိုက်ပါနဲ့တော့ဗျာ....နွဲ့ရေ နွဲ့ရေ....ကယ်ပါဦး......
ဟားဟားဟား ဟားဟားဟား....ဘုန်းဘုန်းဘုန်း....
ကိုဗဒင်လဲ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုပြီးပြေးလာလိုက်တာ သရဲမဘယ်မှာကျန်ခဲ့မှန်းတောင်မသိဘူး အိမ်ကိုတန်းတန်းမတ်မတ်ရောက်လာပါတော့တယ်....
" ဒုန်းဒုန်း ဒုန်း....မိန်းမရေ တံခါးဖွင့်ပါဦး "
" ဘာဖြစ်လာတာတုန်း ဒီချိန်ကြီး "
" မောလို့ပါကွာ မင်းကိုနောက်မှရှင်းပြပါ့မယ် "
နောက်တစ်နေ့မနက်ရောက်တော့....
" ကိုဗဒင်ကြီးသရဲလိုက်ခံရလို့တဲ့ဟေး....." ထုံးစံတိုင်းမပုတိုအသံပါပဲ ...
" ဒေါ်နွဲ့ ကိုဗဒင်ကြီးဘယ်လိုနေသေးလဲ ..."
" မနေ့ညက ပြေးပြီးအိမ်ပြန်လာတာပဲအေ...အခုထိအိပ်ရာထဲမှာ ဗိုက်လဲအောင့်နေတယ်ပြောတယ်...ဆရာဝန်ပင့်ထားတယ် "
" အသည်းကတော်တော်ပျက်စီးနေပြီ ဆေးလိပ်လဲသောက်တယ်မလား ခြေထောက်အရွတ်ရောင်နေတာလဲတွေ့တယ် အလုပ်ကြမ်းလုပ်ရလို့လား"
" လူ့ဘော်ကျော့ပါဆရာရယ် မနေ့ကမူးမူးနဲ့ သရဲခြောက်ခံရပြီးပြေးလာတာ"
တစ်နေကုန် ကိုဗဒင်နဲ့မနွဲ့တို့အိမ်ထဲ လူနာမေးချင်တာနည်းနည်း စပ်စုချင်တာများများနဲ့ရောက်လာသမျှလူတွေကို ရေနွေးအိုးတစ်အိုးပြီးတစ်အိုးတည်ခင်းနေရပါတာနဲ့ မနွဲ့လဲပင်ပန်းနေတော့တယ်။
ဒီလိုနဲ့ ညအိပ်ရာဝင်ချိန်ရောက်လာတော့ ....
" မခေါ်ပါနဲ့ ကျွန်တော့်ကိုမခေါ်ပါနဲ့.....ကျွန်တော်ဆဲမိတာတောင်းပန်ပါတယ်ဗျာ မခေါ်ပါနဲ့....."
" ကိုဗဒင် ကိုဗဒင်....အိပ်မက်ဆိုးမက်နေတာလား ပြန်အိပ် ပြန်အိပ်"
တောင်တောင် တောင် ... မနက်သုံးချက်တီးအချိန်ပဲဖြစ်ပါတယ်...
ကျွိကျွိကျွိကျွိ..ဟဟဟား ဟဟဟား....ကျွိကျွိကျွိကျွိ
မနွဲ့လဲအိပ်ချင်မူးတူးနဲ့ မီးဖိုဘက်ကိုထကြည့်လိုက်တော့....
"ဟယ် ကိုဗဒင် ဘာလို့အဲ့လိုကြီးနေနေတာလဲ..."
ဝါးခြမ်းတွေကိုကြမ်းခင်းခင်းထားတဲ့ မီးဖိုရဲ့ အလည်တည့်တည့်မှာ ကိုဗဒင်တစ်ယောက် တဟားဟားနဲ့ရယ်ရင်း ဖြည်းဖြည်းချင်းခုန်နေတာကိုတွေ့လိုက်ရတော့ မနွဲ့ရင်ထဲပူထူသွားပါတော့တယ်။
" ကိုဗဒင်ရယ်...အိပ်ပါ...ကျွန်မ မနက်ကျပရိတ်ရွတ်ဖို့ဘုန်းကြီးပင့်ပေးပါ့မယ် ....."
မနွဲ့ရဲ့စကားသံကို နားလည်သလိုလိုနဲ့ ကိုဗဒင်ကြီးလဲ ဟားဟားဟားဟားနဲ့ရယ်ရင်း အိပ်လိုက်ရပါတော့တယ် ။
ကိုဗဒင်အိပ်ပြီးချိန်မှာကိုပဲ ....ကျွိကျွိကျွိကျွိ....
" ဒေါ်နွဲ့ရေ......ဒေါ်နွဲ့.....,ကိုယ်ကျိုးတော့နည်းပါပြီ ဒေါ်နွဲ့ရယ်.....။
" အပြင်မှာဘယ်သူတုန်းမသိဘူး ထူးလိုက်ပါကိုဗဒင်ရယ်....ဟင်...ကိုဗဒင်ဘယ်ရောက်သွားလဲ "
" ဒေါ်နွဲ့.......ကိုဗဒင်ကြီး ဆုံးပြီတဲ့........."
" ယောက်ျား....ငါ့ယောက်ျား ဘယ်မှာလဲ....ငါ့ယောက်ျားဘယ်မှာလဲလို့...."
" အုတ်တံတိုင်းဘက်က ဥသျှစ်ပင်အောက်မှာ ကြိုးဆွဲချသွားတာ.....တဲ့ "
အိမ်ပေါ်က အမောတကောဆင်းလာတဲ့ ဒေါ်နွဲ့
တစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားတော့တယ်....
"ကိုဗဒင်ရယ်..............."
" ရုပ်ပျက်ဆင်းပျက်မဟုတ်ပေမယ့် တစ်ကိုယ်လုံးပြာနှမ်းနေတာပဲတဲ့ ကင်းသမားတွေ တွေ့တုန်းကသေခါစပဲရှိသေးတယ် မနက်ရောက်မှဆုံးသွားတာဆိုတော့ ရှင်ဘာမှသတိမထားမိလိုက်ဘူးလား"
" ဒီညအတွင်းသူသုံးခါလောက်နိုးတယ် တစ်ခါကအိမ်မက်မက်တာ တစ်ခါကကြောက်ပြီးယောင်တယ်ထင်ပြီးပြန်အိပ်ခိုင်းလိုက်တာ နောက်တစ်ခါထသွားတော့ ငါလဲအရမ်းအိပ်ချင်နေတာနဲ့ အပေ့ါသွားတယ်ထင်လိုက်တာ ......ငါအမှားတွေပါ မြတ်ရယ်....ငါအမှားတွေပါ ငါ့ယောက်ျားရဲ့ အဖြစ်ဆိုးကိုငါဘယ်လို ဖြေရမလဲမြတ်ရယ်......."
" ကိုဗဒင်ကြီးက အရက်လေးပဲသောက်တာစိတ်ရင်းကကောင်းရှာပါတယ်....သူကောင်းရာမွန်ရာရောက်မှာပါ ကျွန်မတို့ကောင်းမှုကုသိုလ်လုပ်ပေးလိုက်ကြရအောင်နော်"
ဒီလိုနဲ့ ကိုဗဒင်ရက်လည်နေ့ထိရောက်လာတော့တယ်....ချီးမွမ်း ၇ ရက်ကဲ့ရဲ့ ၇ရက်ဆိုပေမယ့်
ကိုဗဒင်အကြောင်းကတော့ ရက်လည်တဲ့ထိပြောလို့မပြီးကြပါဘူး.....
" လူစားလဲခံလိုက်ရတာတဲ့..."
" ဟယ်အာ့ဆိုမကျွတ်ဘူးပေါ့...."။
တကယ်ကတော့ ကိုဗဒင်ကြီးကသူ့ရောဂါနဲ့သေခါနီးအချိန်လဲဖြစ်ပေမယ့် ပါးစပ်၏စည်းမစောင့်ခြင်းကြောင့် မကောင်းသောအငွေ့အသက်ရဲ့ သဘောကျခြင်းကိုခံသွားရလေခြင်းဖြစ်တယ်။
ကျွိကျွိကျွိကျွိ.....ဟိဟိဟိဟိ
×××××××××××××××××××××××××××××××××××××××××
#maw
#horrors
#စာအုပ်စာပေ
Keep Reading