Author's Profile Photo

SarPhat Author

10/05/2024

မင်းမသိလို့ပါသရဲကမင်းရဲ့ဘေးမှာ

1 min read
Art
မင်းမသိလို့ပါသရဲကမင်းရဲ့ဘေးမှာ's photo

သရဲခြောက်ခံရဖူးလား?

Horror နဲ့ပတ်သတ်ရင်
စိတ်မဝင်စားတဲ့လူမရှိပါဘူး။ လူတစ်ယောက်က အနည်းဆုံး horror movie တစ်ပုဒ်လောက်တော့ ကြည့်ဖူးမှာပါ။ ငယ်ငယ်က သစ်ပင်ကြီးအောက်မှာ ကိုယ်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ သရဲကြောင်းတွေ လျှောက်ပြောနေရင်းက ကြောက်လို့ အော်ပြေးကြတာတွေနဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ ငယ်ဘဝကိုပိုင်ဆိုင်ထားကြပါတယ်။

လူတစ်‌ရာမှာ ကျွန်တော့်လိုလူမျိုးတစ်‌ယောက်‌တော့ရှိမယ်ထင်တယ်။ ကျွန်တော်က horror စွဲလန်းနေတဲ့လူလို့ ပြောလို့ရတယ်။ တစ်နေ့ကို horror story တစ်ပုဒ်မဖတ်ရရင် movie တစ်ပုဒ်မကြည့်ရရင်မနေနိုင်ဘူး။ တကယ် မကြောက်ဘူးလားဆိုတော့ ကြောက်တာပေါ့ဗျ။

ကျွန်တော်ငယ်ငယ် ၃ နှစ် ၄ နှစ်လောက်ကဆို ညနေ ၆ နာရီဆို ညစာစားရပြီ။ တစ်ခါတလေဆို အဲထက်စောတယ်။ အဲအချိန်ဆို ကျွန်တော်က မစားချင်ဘူးပြောရင် ထမင်းခွံ့တဲ့ မေမေက အရှေ့ဘက်တည့်တည့်ကို လက်ညှိုးထိုးပြီး အဲဘက်မှာ ဒေဝေါကြီးရှိတယ်။ သမီးထမင်းတွေလုစားလိမ့်မယ်လို့ အမြဲခြောက်တယ်။ ဒေဝေါကြီးက ဘာကြီးလဲတော့ခုထိမသိဘူး။ ၃နှစ်‌ကလေးဦးနှောက်နဲ့တွေးတာကတော့ အမည်းရောင် မြူခိုးကြီးအကြီးကြီးထဲမှာမျက်လုံးနှစ်လုံးကိုပဲမြင်နေရတာပဲ။ ပြီးရင်
ဒေဝေါ....ဒေဝေါလို့ အော်နေတာ သိတယ်မလား။ ဒီကတိရိစ္ဆာန်တော်တော်များများကသူ့နာမည်သူအော်ကြတာလေ။ ကျွန်တော့်စိတ်ကူးထဲက ဒေဝေါကလဲ သူ့နာမည်သူအော်တာပဲ။

Horror နဲ့ပတ်သတ်ပြီး First impression ကတော့မောင်ဒေဝေါပါပဲ။
ကျွန်တော်ကြားဖူးတဲ့သတ္တဝါတစ်ခုအကြောင်းလဲပြောပြမယ်။ ဘယ်သူပြောတာလဲမမှတ်မိတော့ဘူး။ သတ္တဝါနာမည်လဲမမှတ်မိဘူးဗျာ။ နိုင်ငံခြားက ဆင်းသက်လာတဲ့ အိပ်ရာဝင်ပုံပြင်လို့လဲထင်တာပဲဗျ။ Story line ကိုလဲ‌ သေချာမမှတ်မိဘူး။ ဒါမယ့်‌စိတ်မပူပါနဲ့။ ကျွန်တော်ပြောချင်လွန်းလို့ကို ပြောပြပါ့မယ်။

အဲ့သတ္တဝါက ထူးဆန်းတယ်။ သူက ကျန်တဲ့အချိန်မှာ သူရှိနေတယ်လို့ မထင်ရပေမဲ့ ခင်ဗျားညအိပ်ရာဝင်ခါနီးအချိန်မှာတော့ ခင်ဗျားက သူသဘောကျတဲ့လူဖြစ်နေပြီဆိုတာနဲ့ ရောက်လာလိမ့်မယ်။ ခင်ဗျားဆီကို ဝုန်းဆိုပြီး ရောက်လာမယ်တော့မထင်နဲ့ပေါ့ဗျာ။ ပထမရက်‌မှာ ခင်ဗျားကို သူရှိနေကြောင်းပြလိမ့်မယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ သူ့ရဲ့ရှည်လျားတဲ့လက်သည်းရှည်တွေနဲ့ ခင်ဗျားမျက်နှာမူပြီး အိပ်နေကျဖြစ်တဲ့ နံရံရဲ့အပြင်ဘက်တည့်တည့်မှာလာပြီး ကုတ်ခြစ်လိမ့်မယ်။ ခင်ဗျားကအိပ်ပုတ်တဲ့လူဆိုရင်တော့ ဘယ်ကြားမလဲ။ ဒါ‌ပေမဲ့ မပူပါနဲ့။ နေ့တိုင်းလာမှာပါ။

ဒုတိယမြောက်နေ့လဲလာလိမ့်မယ်။ ခင်ဗျားအိပ်ရေးကြမ်းပါတယ်ဆိုရင်တောင် တတိ‌ယနေ့လောက်ရောက်တဲ့ချိန်မှာတော့ဗျာ ကိုယ့်ဘေးနားနံရံအပြင်ဘက်က တဂျိဂျိနဲ့ အသံကြီးကိုခံစားနိုင်သေးရဲ့လား။ အနည်းနဲ့အများတော့ နိုးမှာပဲ။ ခင်ဗျားကသူရှိနေမှန်း သတိထားမိပြီဆိုတာနဲ့ သူခင်ဗျားဆီကိုလာဖို့ကြိုးစားလိမ့်မယ်။ အဲ့သတ္တဝါက အရမ်းစိတ်ရှည်တာနော်။ ဪ...သူ့အသွင်ပြင်ကို ပြောဖို့မေ့သွားတယ်။ အရပ်က ၈ ပေကျော်တယ်။ အရိုးပေါ်အရေတင်ဗျ။ တကယ်လဲ အရိုးနဲ့အရေပဲရှိတာပါ။

သူခင်ဗျားဆီကိုဝင်လာဖို့ ကြိုးစားနေတဲ့ချိန်မှာ သူ့အရပ် ၈ ပေနဲ့ဗျာ...ခင်ဗျားရဲ့အိမ်ဝင်ပေါက် ၆ ပေပဲရှိတဲ့တံခါးကို သူဘယ်လိုဝင်နိုင်မှာလဲ။ လေးဘက်တော့ထောက်လာမှာမဟုတ်ဘူးနော်။ သူဘယ်လိုလုပ်လဲသိလား။ သူ့ခြေထောက်ကို သူဖြတ်ပစ်တာ။ ပထမတစ်ရက်တစ်ဆစ်ဖြတ်တယ်။ ဝင်မရဘူးမလား။ ဒုတိယတစ်ရက် နောက်တစ်ဆစ်ထပ်ဖြတ်ပစ်တယ်။ အဲလိုနဲ့ ခင်ဗျားဆီကို ဝင်လာနိုင်ဖို့ သူအရမ်းကြိုးစားပြီးမှ နောက်ဆုံး‌သူ့အတွက်ရလဒ်ကတော့ ခင်ဗျားပေါ့ဗျာ။ စိတ်မပူပါနဲ့။ သူကကိုက်မစားပါဘူး။ ညရောက်တိုင်း ခင်ဗျားအိပ်ရာဝင်တိုင်းမှာ ခင်ဗျားတို့ကို မျက်ဆံအနက်မရှိတဲ့မျက်ဖြူစိုက်နေတဲ့ မျက်လုံးတစ်စုံကခင်ဗျားရဲ့ လှပတဲ့အိမ်မက်တွေကို အိပ်မက်ဆိုးအဖြစ် ပြောင်းပေးဖို့ကြည့်နေလိမ့်မယ်....။

#maw
#horror

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့