Default Profile Photo

SarPhat User

10/05/2024

စင် နဲ့ စဥ် *****

1 min read
Book Review
Education
General Knowledge
စင် နဲ့ စဥ်
*****'s photo


တချို့က 'စင်'နဲ့ 'စဥ်'ကို လွဲသုံးမိတတ်ကြပါတယ်။ 'ဟင်းရေတွေ အောက်ကို စင်ကုန်ပြီ' ဆိုတာမျိုး ရေးမယ်ဆို 'စင်'အသုံးက မလျော်ကန်ပါဘူး။ ဖိတ်ကျတာကို ဆိုလိုချင်ရင် 'စဥ်'နဲ့ သုံးရပါမယ်။ ဒီနေရာမှာ 'စဥ်' ဆိုတာ 'လွင့်ထွက်'တာကို ဆိုလိုပါတယ်။

* စဥ် (ကြိယာ)= လွင့်ထွက်သည်။

ဒါကြောင့် တစ်ခုခုကနေ လွင့်ထွက်သွားရင် 'စဥ်၊ ဖိတ်စဥ်၊ လွင့်စဥ်' စသဖြင့် 'စဥ်'နဲ့ တွဲရပါတယ်။ 'ရေတွေက အင်္ကျီကို လာစဥ်တယ်' ဆိုရင် ကိုယ့်ဆီကို လွင့်ထွက်လာတဲ့သဘောပါ။ 'စင်' ဆိုရင် ကင်းရှင်းတဲ့သဘော ဖြစ်သွားပါမယ်။

* စင် (နာမဝိသေသန)= အညစ်အကြေး စသည် ကင်းသော။

ဒါကြောင့် ကိုယ် သုံးတဲ့ စာလုံးပေါင်းအပေါ် မူတည်ပြီး အဓိပ္ပာယ် ပြောင်းသွားပါမယ်။

* လွယ်အိတ်က ဗွက် စင်သွားပြီ။ (ဗွက် ကင်းစင်)
* လွယ်အိတ်က ဗွက် စဥ်သွားပြီ။ (ဗွက် စွန်းပေ)

ဒီတော့ အသုံးတစ်ခုဟာ သူ့အဓိပ္ပာယ်နဲ့သူ ရှိတာမို့ သတိပြု သုံးနှုန်းတတ်ဖို့ပါပဲ။ 'စင်'နဲ့ 'စဥ်'တို့မှာ အခြား အဓိပ္ပာယ်တွေလဲ ရှိပါသေးတယ်။ 'စင်'က နာမ်လို ဆိုရင် 'စာအုပ်စင်၊ ဘူးစင်' စသဖြင့် တင်ထားစရာမျိုးကို သုံးပါတယ်။ 'စဥ်' ဆိုရင် နောက်ထပ် ကြိယာအဓိပ္ပာယ်အနေနဲ့ 'စီတန်းတယ်' ဆိုတဲ့ အဓိပ္ပာယ်မှာ သုံးနိုင်ပါတယ်။ 'နေရာတကျ စဥ်ပါ' စတာမျိုးပေါ့။ ပြီးတော့ 'စဥ်'ကို ပြုဆဲဖြစ်ဆဲ ပြတဲ့ သမ္ဗန္ဓစကားလုံးအနေနဲ့ သုံးနိုင်ပါသေးတယ်။ 'သွားစဥ်၊ လာစဥ်၊ ငယ်ရွယ်စဥ်' စသဖြင့် 'အရေးစကားပြေ'မှာ သုံးနိုင်တာမျိုးပေါ့။

အေးကျော်မင်း

ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှ​နေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining

?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ
#စင်နဲ့စဥ်

Keep Reading

ရေကန်သာကြာတိုင်းအေးVictor Hugo ဘဝအမောပြေအတ္တတကောင်ကြွက်Ernest Hemingway ဘဝဟာသများဘဝဟူသည်သည်းခြေကြိုက် စာအုပ် ၆ အုပ်The Gentleman in the Parlourနိုးတစ်ဝက်အိပ်မက်မီးလောင်မြေ