Author's Profile Photo

SarPhat Author

9/05/2024

“အကောင်းမြင်မှ အမြင်ကောင်းတာလား”

1 min read
Life Style
General Knowledge
“အကောင်းမြင်မှ အမြင်ကောင်းတာလား”'s photo


ကိစ္စတစ်ခု၊အဖြစ်အပျက်တစ်ခုဖြစ်ပြီဆိုရင် ကျွန်တော်တို့ တတွေ ဘယ်ရှုထောင့် ဘယ်အမြင်ကနေ မြင်ကြသလဲ။

ကောင်းတဲ့အမြင်ဘက်ကလား၊ မကောင်းတဲ့အမြင်(အဆိုးမြင်)ဘက်ကလား။

ရိုးသားစွာဝန်ခံရရင် အရာရာကို အကောင်းမြင်ဘက်ကနေ
ကြည့်ရှုဖို့ ကြိုးစားသော်လည်း အဆိုးမြင်က အရင်ရောက်လာသည်။

ကိုယ့်ထက်အောင်မြင်နေရင် သူအောင်မြင်နေတာ ခဏပါ။
ငါ့လောက် မအောင်မြင်သေးပါဘူး။ ငါဆို သူ့ထက်အောင်မြင်နိုင်အောင် လုပ်နိုင်တယ် သို့မဟုတ် အောင်မြင်နိုင်သေးတယ် စသဖြင့်ပေါ့။

အဲဒီလိုတွေ တွေးမိပြီးမှ မဟုတ်သေးပါဘူး။ငါတွေးနေတာ
အဆိုးမြင်ဖြစ်နေတယ်။ သူ့အောင်မြင်မှုကို မုဒိတာပွါးပေးရမယ်။ ချီးမွမ်းပေးရမယ်ဆိုပြီး ပြန်တွေး ပြန်ပြောင်းရှုမြင်ရတယ်။

ဒီလို အတွေးတွေ ဘာကြောင့် ဖြစ်တာလဲ။
လောကဓံတရား ရှစ်ပါးကို နားမလည်လို့လား။
ကိုယ့်ရဲ့ စိတ်ဓါတ်အတွေးအခေါ်က နိမ့်ကျနေလို့လား။
မနာလိုဝန်တိုစိတ်တွေ ကြီးစိုးနေလို့လား။

ဒါမှမဟုတ် ကိုယ်လုပ်တိုင်း မအောင်မြင်၊ မဖြစ်မြောက်တော့ တပါးသူရဲ့ အောင်မြင်မှုဟာ ကိုယ့်အတွက် မျက်စိဆံပင်မွှေး စူးသလို ဖြစ်မိနေတာလား။

ဘယ်သူမဆို ကိစ္စတစ်ခုကို မြင်ရင် ကိုယ့်ကိုယ်ကို
အရင် နှိုင်းယှဉ်တွေးမိတတ်ကြတယ်။

အရမ်းပူနေတဲ့ ကတ္တရာလမ်းမပေါ်မှာ ကိုယ်က ဆိုင်ကယ်နဲ့
မီးပွိုင့်မိလို့ စောင့်နေတုန်း ဘေးကကားတစင်းလာရပ်ပြီး
အတူတူ စောင့်နေတဲ့အချိန်မှာ အရင်ဆုံးတွေးမိတာက
အားကျတဲ့စိတ်။ပြီး မနာလိုတဲ့စိတ်။ နောက် အဆိုးမြင်တဲ့စိတ်တွေ ဖြစ်လာရော။

ကားထဲက သူတွေကို အားကျလိုက်တာ။
ငါရော ဘာလို့ ကိုယ်ပိုင်ကားမစီးနိုင်တာလဲ။
သူတို့က ဘာဖြစ်နေလို့ ငါ့ဘေးနားလာရပ်တာလဲ၊ ပူကပူနဲ့။
ပြီး ကားကြီးစီးပြီး ဘာတွေလောနေတာလဲ စသဖြင့် အဆိုးမြင်အတွေးနဲ့အတူ နွေလယ်ပူမှာ အပြင်ပူ အတွင်းပူ ဖြစ်နေပါရော။

အဆိုးမြင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ပဲ ဒုက္ခပေးနိုင်တယ်မထင်နဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာပါ ထိခိုက်နိုင်တယ်။

ကိုယ်ရဲ့ အကောင်းမမြင်တဲ့စိတ်ကြောင့် မိတ်ဆွေ အပေါင်းအသင်းတွေကြား နောက်ဆုံး မိသားစုကြားမှာ
ပြဿနာတက်နိုင်တယ်။

ဒီလိုခေတ်ကာလကြီးမှာ အဆိုးမြင် စိတ်ဓါတ်တွေလျှော့ကြဖို့ အရေးကြီးတယ်။

အကောင်းမြင်စိတ်တွေ အတွေးတွေ များလာမှ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်အတွက်ပါ ပိုကောင်းလာမယ်။

အရာရာတိုင်းကို အကောင်းမြင်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။

အဲသလိုပဲ ကိစ္စတိုင်းကို အဆိုးချည်းပဲ မြင်နေရင်တော့ ပိုမိုဆိုးရွားပြီး ဒုက္ခပိုများနိုင်ပါတယ်။

ဒါကြောင့် သူ့ဘက် ကိုယ့်ဘက်ကြည့်ပြီး အကောင်းမြင်နိုင်မှ လူတိုင်းအတွက်လည်း အမြင်တွေကောင်းလာမှာပါ။

မြန်မာပြည်မှ လူတွေလည်း အကောင်းမြင်စိတ် များများမွေးနိုင်ကြပြီး ဒုက္ခသုက္ခတွေက မြန်မြန် လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပြည့်လို ပြည့်ငြား ရွတ်ဆိုမိရင်း။

May 10,2024.
12:15AM
ကေတို
Photo credit:https://www.livermoreschools.org/Page/8982

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း