ရိန်ဇော်
ငါ့အခန်း
ပိုင်စိုးပိုင်နင်း နေပျော်တယ်
ရာသီဥတု သူအံတုတယ်
နွေနေ့တွေမှာ နွေးစေပြီး
ဆောင်းနေ့တွေမှာ အေးတယ်
မိုးနေ့တွေမှာ ခုတင်ခြေရင်းနားမှာ
မိုးစက်လေးတွေ လာခုန်ကြတယ်
ငါမော့မော့ကြည့်မိတဲ့ခေါင်မိုးထက်မှာ
ကြွက်၀မ်းဖြူတွေ အိမ်ဖွဲ့တယ်
သူတို့က သံလွင်ဆီပုလင်း အရမ်းကြိုက်တယ်
ငါ့အခန်းကို အတန်းသားခြင်တွေ
တနေ့နှစ်ကြိမ်
ကျူ ရှင်တက်ကြတယ်
ညနေ ၆နာရီခွဲ၊ ည ၉နာရီခွဲ
သူတို့တွေ အချိန်မှန်တယ်
ငါ့ခြေထောက်ကို လာလာနမ်းတဲ့
ပျားတွေလည်း ရှိတယ်
ပျားတွေဆိုတာ အသေခံ ဗုံးခွဲသမားတွေပဲ
သူလည်း သေတယ် ကိုလည်း ထော့တယ်
နှစ်ယောက် ကောင်းကောင်းမဆန့်တဲ့ ငါ့အခန်းလေး
စကြ၀ဠာ တ၀က်ကျယ်တယ်
ပြူတင်းတံခါး တွေပိတ် မီးလုံးတွေ ပင်စင်ယူချိန်
အိပ်စက်ခြင်းဟာ ခမ်းနားတယ်
မိုးခြိမ်းလို့ တံခါးရွက်တွေ ဂျူ န်းဂျူ န်းမြည်ရင်
အင်္ဂတေကွာခါနီး နံရံထက်မှာ
ယုံကြည်ရာပုံရိပ်ကို တ တယ်
မှိုနံစွဲ ရေထိ၀တ်တွေ
ခဏခဏ သန့်စင်ခံရသလို
ငြီးစော်နံ အလုပ်တွေ
ခဏခဏ သန့်ရှင်းပေးရတယ်
မနက်နိုးလာအောင်လည်း ဘယ်သူမှ မနှိုး
ညနေပြန်လာချိန်လည်း ဘယ်သူမှမကြို
အခန်းထဲမှာ အငွေ့အသက်တွေ ရှိတယ်
ငါ မလာရင် လွမ်းတတ်တဲ့အိမ်မြှောင်ချီးတွေ
ပြန့်ကျဲလို့
လက်ပြတ်တဲ့ ကလေးတယောက်အတွက် လက်တဖက်အပြင် လက်ချောင်းတွေနဲ့တူတယ်
ငါ့အခန်းငယ် အားလုံး ပြည့်စုံတယ်
ဟိုတနေ့ကမှ နွယ်ပင်တွေ လာ အလှဆင်တယ်
ငါ့အခန်းငယ် အားလုံး ပြည့်စုံတယ်
#reinzaw
Keep Reading