Noble
ဘာကိစ္စပဲ ဖြစ်ဖြစ် အဆင်ပြေသွားမှာပါ….. ကောင်းသွားမှာပါ ဆိုပြီး ကောင်းတဲ့ဘက်ကတွေးတတ်တဲ့ အကောင်းမြင်စိတ်ဟာ လူတိုင်းမှာ လိုအပ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ လိုအပ်တာထက် အကောင်းမြင်စိတ်များလွန်းရင် ဒါဟာ စိတ်ပိုင်းဆိုင်ရာအတွက် ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါကို toxic positivity လို့ ပြောပါတယ်။
ကျွန်မတို့ နေ့စဉ် ရှင်သန်ရတဲ့ နေ့ရက်တွေမှာ အကောင်းတွေချည်းပဲ ရှိနေမှာ မဟုတ်ပါဘူး။ နိမ့်တခါ မြင့်တလှည့် အဆိုးအကောင်း တစ်လှည့်စီ ကြုံနေရမှာပါပဲ။ ဒီလို ခံစားချက်အစုံကို လူတွေဟာ အကောင်းမြင်စိတ်နဲ့ သက်သာအောင် ဖြေလျော့ကြလေ့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်းအတွက် အသုံးဝင်ပါ့မလား??
ဆိုကြပါစို့…. လူတစ်ယောက် အလုပ်ပြုတ်သွားတယ်… သူ့ရဲ့ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ အလုပ်ပြုတ်သွားတဲ့အခါမှာ သူသိပ်ခံစားရတယ်၊ စိတ်ဓါတ်ကျမိတယ်၊ စိတ်ပျက်အားငယ်မိတယ်၊ ဒီအချိန်မှာ တစုံတယောက်က သူ့ကို ‘ဟာ…. ဘာမှဖြစ်မနေနဲ့ဗျာ… ဒါက ဘာမှ မဟုတ်ပါဘူး… ကောင်းဖို့ဖြစ်လာတယ်ပဲ တွေးပါ’ လို့ ပြောလိုက်တယ်ဆိုရင်…. ဒါဟာ တကယ်ပဲ စိတ်သက်သာရာ ရစေမှာလား??
သေချာတာကတော့.. ဒီလိုနေရာမှာ အကောင်းမြင်စိတ် တစ်ခုထဲနဲ့ပဲ ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ သူအနေနဲ့ နောက်ထပ်အလုပ်တစ်ခု ရှာရမယ်၊ အလုပ်အသစ်မှာ အရင်လို အဆင်ပြေဖို့ ပြန်ကြိုးစားရမယ်၊ တကယ့်လက်တွေ့ လုပ်ရမယ့် အရာတွေ အများကြီး ရှိပါတယ်… ဒါကို တဖက်လူက ဘာမှ မဖြစ်သလို ပေါ့ပေါ့ပါးပါးနဲ့ပဲ သူ့ခံစားချက်ကို လျစ်လျူရှုတယ်ဆိုရင် သူ့အတွက် ရက်စက်ရာကျလွန်းမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ငွေကြေးဆိုင်ရာ ပြဿနာတွေ၊ ချစ်ရသူ ဆုံးရှုံးတာ၊ နာမကျန်းဖြစ်တာ ဒီလိုမျိုး ကြီးမားတဲ့ ထိခိုက်မှုတွေ ကြုံတွေ့ရတဲ့အခါမှာ တခြားသူရဲ့ ကူညီဖေးမမှုတွေက မရှိမဖြစ် လိုပါတယ်။ ဒီအချိန်မှာ ဘာမှမဟုတ်ပါဘူးကွာ….. မင်းက ပုံကြီးလာချဲ့နေတာပါ… အေးဆေးပဲတွေးပါ…. လို့အပြောခံရတဲ့အခါမှာ ခံရသူအနေနဲ့ ရှက်စရာဖြစ်လာတယ်၊ အပြစ်ရှိသလို ခံစားရတယ် ကြိုးစားချင်စိတ်၊ ပြောင်းလဲချင်စိတ်နဲ့ စိန်ခေါ်မှုတွေကို ငြင်းပယ်သလို ဖြစ်စေပါတယ်။
တချို့ကတော့ သူတို့ရဲ့ ဆိုးရွားတဲ့ ခံစားချက်တွေ၊ နာကျင်တဲ့ အတွေ့အကြုံတွေကို အကောင်းမြင်စိတ်နဲ့ ဖုံးဖိဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ တနည်းအားဖြင့် သူတို့ကိုယ်သူတို့ စိတ်ချမ်းသာတယ်၊ ပျော်ရွှင်တယ်ဆိုတာကို သူတို့ဘာသာ ယုံကြည်ချင်တဲ့ စိတ်လို့ ပြောရမှာပါ။ ဒါဟာ Toxic Positivity ရဲ့ လက္ခဏာ တစ်ခုပါပဲ။
ပြောရမယ်ဆိုရင်တော့ Toxic positivity က တခါတရံမှာ ခံစားချက်တွေကို ငြင်းပယ်တတ်တယ်၊ ကောင်းတာပဲ လက်ခံမယ်… ကောင်းတဲ့သူနဲ့ပဲ ပေါင်းမယ် မကောင်းတဲ့အရာတွေ မကြုံချင်ဘူး .. မကောင်းတဲ့ အရာတွေကို မမြင်ချင်ယောင် ဆောင်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာပြီး ဒါဟာ ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး….
Toxic positivity ရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ?
ပြဿနာတစ်ခု ကြုံတွေ့ရတဲ့အခါ ရင်ဆိုင်တာထက် မေ့ပစ်လိုက်ဖို့ ကြိုးစားတယ်
ခံစားချက် အစစ်အမှန်တွေကို မတွေးမိအောင် နေတယ်
Positive altitude မရှိတဲ့ သူတွေကို အပေါင်းအသင်း မလုပ်ပဲ အမြဲအပြစ်ပြောတယ်
ဒါဆိုရင် Toxic positivity ကို ဘယ်လို ရှောင်ရှားကြမလဲ?
(၁) ခံစားမှုတွေကို လက်ခံပါ
အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် ဖြစ်လာတဲ့ ခံစားချက်တွေကို လက်ခံပါ၊ လက်ခံတတ်တဲ့ အလေ့အကျင့်ကို ယူပါ၊ တည်ငြိမ်စွာ ဖြေရှင်းပါ၊ အကောင်းမြင်စိတ်ကိုလည်း လိုအပ်သလို အသုံးပြုပါ
(၂) ရင်ဖွင့်ပါ
ကိုယ့်ရဲ့ ခံစားချက် အဆိုး အကောင်းတွေကို မျှဝေပေးဖို့ တစုံတယောက် လိုပါတယ်။ သင့်ကို နားလည်နိုင်မယ့် သင့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ချစ်သူ ဒါမှမဟုတ် မိသားစုဝင် တစ်ဦးဦးနဲ့ မျှဝေပါ။
(၃) တခြားသူရဲ့ ခံစားချက်တွေကို နားလည်ပေးပါ
အကောင်းသိပ်မြင်လွန်းတဲ့သူတွေဟာ တခြားသူရဲ့ ခံစားချက်ကို နားလည်ဖို့ တခါတရံ ခက်ခဲပါလိမ့်မယ်။ သူများရဲ့ ခံစားချက်တွေကိုလည်း မျှဝေခံစားတတ်မှ သင့်ရဲ့ ခံစားချက်တွေကိုလည်း လက်ခံတတ်လာမှာ ဖြစ်ပါတယ်။
(၄) ခံစားချက်တွေကို ချရေးပါ
ခံစားချက်တွေကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ချရေးခြင်းပါပဲ။ ချရေးတဲ့အခါ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။
(၅) Negative Altitude ရှိတဲ့ သူတွေကို မတိမ်းရှောင်ပါနဲ့
တခါတရံမှာ ကိုယ်လုံးဝ သဘောမကျတဲ့သူ၊ ကိုယ့်ရဲ့ ခံယူချက်နဲ့ ဆန့်ကျင်တဲ့သူတွေကို မဆက်ဆံချင်တာ ထုံးစံပါပဲ။ အကောင်းမြင်တတ်တဲ့စိတ်ကြောင့် negative altitude သမားတွေနဲ့ ပေါင်းသင်းရတာ ခက်ခဲမှု ဖြစ်လာနိုင်ပြီး ဒါကိုလည်း လက်ခံလေ့ကျင့်ဖို့ လိုပါတယ်။
အကောင်းမြင်စိတ် positive thinking ဟာ ကျွန်မတို့အတွက် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုဆိုပေမယ့် အစွန်းရောက်သွားတဲ့အခါမှာ အန္တရာယ် ရှိစေနိုင်ပါတယ်။ ဒါ့အပြင် လူဆိုတာ ခံစားချက် မျိုးစုံဖြစ်နိုင်တယ်ဆိုတာကို နားလည်ထားဖို့ လိုသလို ခံစားချက်တွေကို လျစ်လျုမရှုပဲ သင့်တော်သလို အတွေးတွေကို ပြောင်းလဲပြီး အတွေးနောက်ကနေ မှန်ကန်တဲ့ ဖြေရှင်းမှုတွေ လုပ်ဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။
Pharmacist Noble
#ToxicPositivity
#PositiveThinking
Reference
https://www.verywellmind.com/what-is-toxic-positivity-5093958
https://www.forbes.com/health/mind/toxic-positivity/
Keep Reading