Author's Profile Photo

တင်ညွန့်

8/05/2024

ကိုယ်ကျင့်တရားပညာကို အဘယ်ကြောင့်သင်ကြားရန်လိုသနည်း --------------------------------------------------------------

2 mins read
Life Style
Education
ကိုယ်ကျင့်တရားပညာကို အဘယ်ကြောင့်သင်ကြားရန်လိုသနည်း
--------------------------------------------------------------'s photo


ဖင်လန်နိုင်ငံ ကိုယ်ကျင့်ပညာသင်ကြားရေးတွင် Values ဆိုသည့် သဘောတရားကို မဖြစ်မနေ ထည့်သွင်း သင်ကြားပေးကြသည်။ ခေတ်သစ်တွင် သိပ္ပံနှင့်နည်းပညာ တိုးတက်ထွန်ကားလာသည်။ “တန်ဖိုး” ဆိုသည်ကို နားမလည်လျှင် တီထွင်မှုတို့သည် အဖျက်လုပ်ငန်းဆီကို ဦးတည်သွားနိုင်သည်။ အရာရာသည် သူ့တန်ဖိုးနှင့်သူ ရှိနေကြောင်း ကလေးများကို သိထားစေသင့်သည်။

ထို့အတူပင် ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှုတွေ အမျိုးမျိုး ကွဲပြားနေကြချိန်၌လည်း လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာတို့အပေါ် တန်ဖိုးမထားတတ်လျှင် သူ့ဘာသာ ကိုယ့်ဘာသာ ပြိုင်ဆိုင်ဖျက်ဆီးခြင်း ဆီသို့ ဦးတည်သွားနိုင်သည်။

“တန်ဖိုး” သည် အရေးကြီးသည်။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် ရှုမြင်နိုင်စေရန်မှာ သူ့ဆိုင်ရာ တန်ဖိုးများကို လေးစားနိုင်မှဖြစ်မည်ဆိုသည့် သဘောတရားများကို ကျောင်းများက အခြေခံသင့်သည်။ ငါ့အမျိုး၊ ငါ့ဘာသာ၊ ငါ့သာသနာသည်သာ အကောင်းဆုံးဆိုသည့် အမြင်များသည် ကမ္ဘာအမြင်မဟုတ်၊ ကျဉ်းမြောင်းသော အယူအဆတစ်ခုဖြစ်ကြောင်း ကလေးတွေကို သိစေရန် သင်ကြားပေးခင်းမှာ ကိုယ်ကျင့်ပညာ သင်ကြားရေးအတွက် အရေးကြီးသည်။

Values and Education ဆိုသည့် သဘောတရားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် လေ့လာဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုအဖြစ် သတ်မှတ်ကြပါသည်။ Values Education, Character Education, Moral Education, Personal and Social Education, Citizenship Education, Civic Education, Religious Education, Democratic Education စသည်တို့သည် ယနေ့ခေတ် ကမ္ဘာနိုင်ငံများက ပညာရေးနှင့် ဆက်နွှယ်နေသော ဘာသာရပ်များအဖြစ် သင်ကြားနိုင်ရေးကို လေ့လာဆွေးနွေးနေကြပြီဖြစ်သည်။

ဖင်လန်နိုင်ငံတွင် “Moral Education” အနေဖြင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် စင်ကာပူနိုင်ငံ တို့တွင် “Character Education” အနေဖြင့်လည်းကောင်း၊ စကော့တလန်နှင့် အင်္ဂလန်တို့တွင် “Values Education” အနေဖြင့်လည်းကောင်း အမည်ကွဲပြားစွာ သင်ကြားကြရန် အားထုတ်နေကြသော်လည်း အားလုံးသည် ကိုယ်ကျင့်တရားဆိုင်ရာပညာများတိုးတက်ထွန်ကားလာပြီး၊ ကမ္ဘာအမြင်နှင့် မြင်တတ်၊ ကြည့်တတ်စေရန် သင်ကြားပေးနိုင်ရေးအတွက် အားထုတ်နေသော ပြည်သူ့နီတိပညာရေးပင်ဖြစ်သည်။

ဖင်လန်နိုင်ငံမှ ဆရာများသည် ကျောင်းသင် သင်ခန်းစာတိုင်းတွင် “Values” ဆိုသည့် သဘောတရားများကို ထည့်သွင်းသင်ကြားပေးကြသည်။ ကျောင်းသား ကျောင်းသူများကို လူမှုဝန်းကျင်တွင် မည်သို့တက်ကြွစွာ ပါဝင်လှုပ်ကြမည်နည်း၊ ပြည်သူထဲတွင် နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် မည်သို့ ပါဝင်နေထိုင်မည်နည်း ဆိုသည့် သဘောတရားတွေကို သင်ပေးသည်။ တန်ဖိုးဆိုသည့်သဘောတရားကို အကဲဖြတ်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ဝေဖန်ခြင်း၊ ဆန်းစစ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ညှိနှိုင်းခြင်းတို့ဖြင့် အလေးထားတတ်စေရန် သင်ကြားပေးနိုင်ရေးမှာ ဆရာတို့၏ တာဝန်သာဖြစ်ကြောင်းလည်း သူတို့က ခံယူထားကြသည်။

နိုင်ငံတော်ဗဟိုသင်ရိုးညွှန်းတမ်းအဖွဲ့အနေဖြင့် ၂၀၁၄ ခုနှစ်လောက်ကတည်းက ကျောင်းသားလူငယ်များကို “Good Education” ဖြစ်စေရန် ဘာတွေသင်ကြားပေးကြမည်နည်းဆိုသည်ကို ဆွေးနွေးကြသည်။ တိုးတက် စေရန် နည်းပညာဘက်ကို ဦးတည်သင်ကြားပေးသင့်သည်မှာ မှန်သော်လည်း “အကောင်း” နှင့် “အဆိုး” ဆိုသည့် ထိုသဘောတရားနှစ်ခုကို ကောင်းစွာခွဲခြားနိုင်ခြင်း မရှိလျှင် ပညာရေးအောင်မြင်မည် မဟုတ်ဟု သူတို့ မြင်ကြသည်။ ထို့ကြောင့်လည်းလူသားတို့၏ ကောင်းမြတ်ခြင်းတရား၊ ပေါင်းသင်းဆက်ဆံရေး၏ အဓိပ္ပာယ်၊ မိတ်ဆွေအချင်းချင်း အတူလက်တွဲနေထိုင်ရေးတို့ကို ငယ်စဉ်ကတည်းက ကျောင်းသား ကျောင်းသူများ စိတ်ထဲတွင် စွဲနေအောင် ထည့်ပေးလိုက်ရန် လိုသည်ဟု မြင်ကြသည်။

ကလေးသူငယ်မျး ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖြစ်မှ အောင်မြင်မည်။ လူကို လူလို မမြင်သည့် တစ်ဖက်စောင်းနင်း အတွေးအမြင်များဖြင့် သာယာသောလူ့ဘောင်တစ်ခုကို မတည်ဆောက် နိုင်ပေ။ အချင်းချင်း တန်ဖိုးထားလေးစားပြီး ပူးပေါင်းဆောင်ရွက်တတ်မှုတွေကို အခြေခံသော ကိုယ်ကျင့်တရား တွေကို ကျောင်းတွေက ပျိုးထောင်ပေးနိုင်မှသာလျှင် အနာဂတ်တွင် သာယာသောကမ္ဘာကြီးတစ်ခုကို ဖြစ်စေနိုင်မည်ဆိုသော သဘောတရားသည် Values Education ၏ အရေးကြီးသော အချက်ဖြစ်သည်။

နည်းပညာဖြင့် ကမ္ဘာလောကကြီးကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်မှာ မှန်ပါသည်။ လူသားကို လူသားလို တန်ဖိုးမထားတတ်သူများဖြင့် ပိုပြီးတိုးတက်သော နိုင်ငံလူမျိုးဘဝကို မဖန်တီးနိုင်ပါ။

လူကိုလူလိုမြင်ကာ လူနှင့်လူချင်း တန်ဖိုးထားတတ်စေရန် ကိုယ်ကျင့်တရားပညာ သင်ကြားရေးကလည်း အရေးပါသည်။

(Ref: Ethical Education in Finland from the Values Perspective)

(Photo Credit: Abundance Coaching)

တင်ညွန့်

၁.၅.၂၀၂၄

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)