အက္ခရာ - Haruki
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်ပါတယ်။ ဆံပင်ဟာ လူတစ်ယောက်ကို ရုပ်ချောအောင်လုပ်ပေးနိုင်သလို ရုပ်ဆိုးအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မလို့ ပုံမှန်ဂရုစိုက်ဖို့လိုပါတယ်။
ဆံပင်အရောင်ဆိုးတာကိုဝါသနာမပါတဲ့သူတွေအတွက်က ပြောစရာမရှိပေမယ့် ကြိုက်နှစ်သက်တဲ့သူတွေ ကတော့ ဒီဆောင်းပါးလေးကိုလေ့လာပေးစေချင်ပါတယ်။
ဆံပင်အရောင်ဆိုးတော့မယ်ဆိုရင် ကိုယ့်ရဲ့အသားအရေအပေါ်မူတည်ပြီး လိုက်ဖက်၊ မလိုက်ဖက် စဉ်းစားရမှာဖြစ်ပါတယ်။ အသားအရောင်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့်ရဲ့အသားအရောင်အမျိုးအစားကို အရင်ဆုံးသိထားဖို့ လိုပါတယ်။
ဒီကနေ့ဆောင်းပါးလေးမှာ ဒီအသားအရောင်နဲ့လိုက်ဖက်မယ့် ဆံပင်အရောင်အကြောင်းကို မျှဝေပေးထားပါတယ်။ ဒီထဲက အချက်တွေဟာ ကျွန်တော်ဖတ်ဖူးခဲ့တဲ့အချက်လေးတွေကို ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်ခင်ဗျာ။
၁။ အသားအရောင်ရင့်တဲ့သူ (Warm Skin Tone)
အသားအရောင်ရင့်တဲ့သူတွေအတွက်ကတော့ ထုံးခြောက်ရောင်၊ အဝါနဲ့ အညိုရောဖောက်ထားတဲ့ အရောင်မျိုးလေးတွေနဲ့ လိုက်ဖက်ပါတယ်။ သနပ်ခါးရောင်မျိုးနဲ့လည်းလိုက်ဖက်ပါတယ်။
နောက်ပြီးတော့ လိမ္မော်အဖျော့နဲ့ သန္တာရောင်တို့ကိုလည်း စမ်းကြည့်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အပြာရောင်၊ အစိမ်းရောင်တို့လို အရောင်မျိုးကို စွန့်စားချင် တယ်ဆိုရင်တော့ ခေါင်းအနောက်ဘက်ကိုပဲဦးစားပေးပြီး ဆိုးပေးပါ။
၂။ အသားအရောင်ဖျော့တဲ့သူ (Cool Skin Tone)
အသားအရောင်ဖျော့တဲ့သူတွေအနေနဲ့ကတော့ ရွေးချယ်စရာအရောင်များများရှိပါတယ်။ ပညာရှင်တွေရဲ့ပြော ပြချက်အရ ထူးခြားပြီးခေတ်ဆန်တဲ့အရောင်တွေကိုလက်ခံနိုင်တာဟာ အသားအရောင်ဖျော့တဲ့သူတွေပါပဲတဲ့။ ပိုပြီးလိုက်ဖက်တဲ့ အရောင်တွေကိုပြောပါဆိုရင်တော့ ရွှေရောင်၊ ငွေရောင်၊ ပန်းရောင်ဖောက်ထားတဲ့အရောင်မျိုးတွေအပြင် အစိမ်းရောင်တို့ ဖြစ်ပါမယ်။
၃။ ပုံမှန်အသားအရောင်ရှိသူ (Neutral Skin Tone)
ပုံမှန်အသားအရောင်ပိုင်ရှင်တွေကတော့ ကံအကောင်းဆုံးလူသားတွေပါပဲ။ မလိုက်ဖက်တဲ့အရောင်ဆိုတာ မရှိသလို ကိုယ်ကြိုက်တဲ့အရောင်တွေကို နှစ်ရောင်ကနေစပြီးစပ်ဆိုးနိုင်ပါတယ်။ အရောင်အားလုံးနဲ့ လိုက်ဖက်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့မျက်နှာနဲ့ လိုက်ဖက်တဲ့အရောင်ကို ဦးစားပေး ရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်ခင်ဗျာ။
နွေဦးအက္ခရာ ( May 8, 2024 . 2:50 PM )
Keep Reading