Author's Profile Photo

အက္ခရာ - Haruki

7/05/2024

လည်ချောင်းနာတာ အမြန်သက်သာစေမယ့်နည်း ၅ နည်း

2 mins read
Life Style
Health
18 Again
လည်ချောင်းနာတာ အမြန်သက်သာစေမယ့်နည်း ၅ နည်း's photo

ခုလိုရာသီအကူးအပြောင်းကာလမှာ လူတွေအဖြစ်များဆုံးပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ လည်ချောင်းနာတာက ပတ်ဝန်းကျင်ကိုတော့အနှောင့်အယှက်မဖြစ်စေပေမယ့် ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်းမသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်ပါတယ်။

လူတိုင်းနီးပါးခံစားဖူးတာကြောင့် အထူးတထွေကြီးတော့ မပြောတော့ပါဘူး။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး ၅ ခုကို ဝေမျှပေးချင်ပါတယ်။ ဒီထဲကအချက်တွေဟာ ဆရာ Ye Myo Myint ညွှန်ကြားထားတာတွေဖြစ်ပါတယ်ခင်ဗျာ။

၁။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။

ယားယံပြီး နေထိုင်ရခက်တဲ့ လည်ချောင်းအတွက် အကောင်းဆုံးဖြေဆေးကတော့ ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲတဲ့။ သဘာဝဆားမှာ ရောဂါပိုးတွေကိုသေစေတဲ့ အာနိသင်အပြင် နီရဲရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေပါတယ်။ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်အောင် ခတ်ထုတ်ပေးနိုင်လို့ ခံတွင်းရှင်းပြီး ဝေဒနာအမြန်သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ရေနည်းနည်းနဲ့ ဆားဇွန်းတစ်ဝက်လောက်ကိုရောပြီး ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပေးဖို့ပဲလိုပါတယ်။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်း သက်သာတဲ့ အကျိုးကိုရရှိမှာပါ။

၂။ ငုံဆေးသကြားလုံး ငုံထားပါ။

Lozenge လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အချိန်မှာ ခံတွင်းရှင်းစေဖို့ ငုံထားလို့ရတဲ့ ဆေးသကြားလုံးတွေကို လည်ချောင်းနာနေချိန်မှာလည်း ငုံထားပေးလို့ရပါတယ်။ သူက လည်ချောင်းထဲမှာရှိနေတဲ့ နီရဲရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို အေးမြပြီး အရောင်ကျစေတယ်၊ ပူရှိန်းပါဝင်လို့ ယားယံတာ၊ နာကျင်တာကိုလည်း သက်သာစေနိုင်ပြီး ခံတွင်းရှင်းစေတယ်။

၃။ ပျားရည်နဲ့ သံပရာရည် ရောသောက်ပါ။

ချောင်းဆိုးပြီဆိုရင် ဝေဒနာအမြန်သက်သာအောင်ဆိုပြီး သံပရာရည်ထဲကို ပျားရည် နည်းနည်းရောပြီး တိုက်တာ မြင်ဖူးကြမှာပါ။ ဒီအိမ်တွင်းကုထုံးက ချောင်းဆိုးတာအတွက်တင်မကဘဲ လည်ချောင်းနာတာအတွက်ပါ အသုံးဝင်ပါတယ်။

လည်ချောင်းယားတာ၊ လည်ချောင်းနာတာကို သက်သာစေတယ်။ ရောဂါပိုးတွေကို သေစေပြီး လည်ချောင်းထဲမှာကပ်နေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ နီရဲရောင်ရမ်းနေတဲ့ လည်ချောင်းကို အရောင်ကျစေပါတယ်။ သံပရာရည်အစား ရေနွေး နွေးနွေးလေးတစ်ခွက်ကို ပျားရည် ဇွန်းတစ်ဝက်ရောပြီး သောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။

၄။ ရေဓာတ်ပြည့်ဝပါစေ။

ခုလို လည်ချောင်းနာနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အခါ တံတွေးထုတ်လုပ်နိုင်စွမ်း ပိုများလာလို့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေကိုလည်း အပြင်ဘက်ရောက်လာအောင် ကူညီပေးတယ်။ ရောင်ရမ်းနေတာ၊ ယားယံနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

ရိုးရိုးရေကိုပဲ အနည်းဆုံး ၃လီတာခန့် သောက်ဖို့လိုသလို ရေနွေးကြမ်း၊ ရေနွေး၊ စွပ်ပြုတ်နွေးနွေးလေး သောက်ပေးရင်လည်း ရပါတယ်။ အရမ်းကြီးပူနေတဲ့အချိန်မှာတော့ မသောက်ဘဲ နည်းနည်း နွေးသွားတဲ့အထိ မှုတ်ပြီးမှ သောက်ပေးပါ။

၅။ ရေနွေးနဲ့ ရေချိုးပေးပါ။

ခုချိန်တော့ သွားမလုပ်ပါနဲ့။ ရာသီဥတုအေးနေမှ လုပ်ပါ။ ဒါကတော့ ခန္ဓာကိုယ်ပြင်ပကနေ အပူငွေ့ကို ရှူရှိုက်ပြီး လည်ချောင်းထဲမှာ ရှိတဲ့ ချွဲတွေကို ပျော်ကျလာစေတဲ့ နည်းလမ်းကောင်းပါ။ ရေကို အရမ်းပူနေတာမျိုး မဟုတ်ဘဲ ပူနွေးနွေးအနေအထားလောက်မှာ အနည်းဆုံး ၁၀ မိနစ်ခန့် ရေစိမ်ချိုးပေးတာဖြစ်စေ၊ ဒီအတိုင်း လောင်းပြီးတော့ ချိုးလို့လည်း ရပါတယ်။

အဓိကက ရောင်ရမ်းနေတဲ့ လည်ချောင်းကို အပူပေးပြီး အရောင်ကျစေတယ်။ ချွဲတွေကိုလည်း ပျော်ကျလာစေပြီး အပြင်ကို ခတ်ထုတ်ဖို့ လွယ်ကူစေတယ်။ ရေနွေးငွေ့ကို ရှူခြင်းဖြင့် နှာခေါင်းပိတ်နေတာကိုပါ ပွင့်သွားစေပြီး အသက်ရှူဝစေပါတယ်။

လည်ချောင်းနာတယ်ဆိုတာ

ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး မစိုးရိမ်ရသည့်တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တာကြောင့် ဂရုစိုက်ဖို့ပြောချင်ပါတယ်ခင်ဗျာ။

အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်လျက်

နွေဦးအက္ခရာ ( May 7, 2024 . 6:00 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး