SarPhat Author
"သီတာဒေဝီကိုလိုချင်လို့ လေးတင်ပွဲ လာကြတဲ့
ဘုရင်တွေထဲမှာ သီတာဒေဝီကို ဒဿဂီရိလိုမျိုး ချစ်မိတဲ့ဘုရင်တစ်ပါးရှိမယ် ဒါပေမဲ့သူက အဋ္ဌစန္ဒာလေးတော်ကို မ,နိုင်စွမ်းမရှိသလို ဒဿဂီရိလိုလည်း သိမ်းပိုက်ဖို့အင်အားမကြီးဘူးဆိုရင် သူ့အနေနဲ့ဘာဆက်လုပ်မလဲ"
မိတ်ဆွေတစ်ယောက် ကျနော်နဲ့စကားပြောရင်း
သူမေးတာလေး သဘောကျလို့ပါ။
ဟုတ်တယ်ဗျ။ ကျနော်စဥ်းစားကြည့်တယ်။
ထိုသူဟာ သီတာဒေဝီကိုချစ်မိတယ်။ ထိုသူဟာ
အချစ်အတွက် လေးတော်ကိုကြိုးစားပမ်းစား မ,ပေမဲ့
မ,မနိုင်တဲ့အခါ သီတာဒေဝီကိုလက်လွတ်ရချေပြီ ဆိုပြီး နာကျင်စွာပဲ ကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်ရတယ်။
နောက်တော့ ဒဿဂီရိကြီးရောက်ချလာပြီး
လေးတော်ကိုမ,နိုင်လိုက်တဲ့အချိန်မှာ ထိုသူဟာ
ချစ်ရသူသီတာဒေဝီလေး ဒီလူကြမ်းကြီးရဲ့လက်ထဲရောက်ရချေတော့မယ် ဆိုပြီး စိတ်ထဲ အလွန်တရာမှ
စိုးရိမ်ပူပန်နေတယ်။ နောက်တော့ ဒဿဂီရိက
လေးညို့ကိုမတင်နိုင်တဲ့အခါတော့မှ
ရင်ထဲကအပူလုံးကြီးကျသွားရတယ်။
တော်ပါသေးတယ်ပေါ့...။ ဒါပေမဲ့လည်း
ရာမမင်းသားက ပြိုင်ပွဲကိုအနိုင်ရရှိသွားတဲ့အခါမှာ
ထိုသူဟာ တဖန် နာကျင်စွာပဲ ကိုယ့်နေရာမှာပဲကိုယ်
ငြိမ်ငြိမ်လေးထိုင်နေရတယ်။ ဒဿဂီရိလို အတင်းအဓမ္မသိမ်းပိုက်ဖို့ အကြံအစည်ရှိစေဦးတော့၊ ဒဿဂီရိလို
အင်အားမရှိတဲ့အခါ ထိုသူဘာမှမတတ်နိုင်လေဘူး။
ထိုသူဟာ ရာမမင်းသားလို တရားသဖြင့်လည်း
မဆောင်ရွက်နိုင်သလို၊ ဒဿဂီရိလိုမျိုး
မတရားသဖြင့်လည်း မဆောင်ရွက်နိုင်ချေဘူး။
ထိုကဲ့သို့ သူဟာ သူရဲ့ အချစ်ကို ဘယ်နည်းဘယ်ပုံဖြင့်
ရာဇဝင်မှာ စာတင်အောင် ပြသရပါ့မလဲ။
တစ်ဆက်တည်း စဥ်းစားမိတာက ယမင်းသူဇာကို
နန်းနွယ်လို ချစ်မိပေမဲ့ နန်းနွယ််လိုမချမ်းသာလို့
ယမင်းသူဇာရဲ့ညတွေကို နန်းနွယ်က ကာကွယ်သလိုမကာကွယ်နိုင်တဲ့သူဆိုရင်ရော ဘယ်လိုလုပ်မလဲ။
ထိုသူဟာ ဇာတ်သမလေး ယမင်းသူဇာကို
နန်းနွယ်လိုမျိုးပဲ အရေပြားပေါ်က သာယာမူတဏှာနဲ့မဟုတ်ဘဲ ဖြူစင်တဲ့မေတ္တာစစ်နဲ့ချစ်မိတယ်။
ချစ်ရသူဇာတ်သမလေးဟာ ဖျော်ဖြေမှုပြီးလို့
အဆောလတ်မြို့ကနေ နေပြည်တော်ကို
ပြောင်းရွေ့သွားတဲ့အခါ ထိုသူဟာလွမ်းရစ်စွာနဲ့ပဲကျန်ရစ်နေတယ်။ ထိုသူဟာ နေပြည်တော်ကိုတောင်
လိုက်သွားနိုင်စွမ်းမရှိလေဘူး။ နောက်တော့
ချစ်ရသူဟာ ပြည်၏တန်ဆာ ပြည့်တန်ဆာဆိုပြီး
ခန္ဓာသည်မှန်းသိတဲ့အခါ ထိုသူဟာ နန်းနွယ်ကဲ့သို့
လွန်စွာနာကျင်ရတယ်။ ဒါပေမဲ့ ထိုသူဟာ
နန်းနွယ်လို ပိုက်ဆံမချမ်းသာတဲ့အခါ အချစ်အတွက်
ယမင်းသူဇာရဲ့ညတွေမကာကွယ်နိင်လေဘူး...။
အဲ့အပြင် ထိုသူဟာ နန်းနွယ်လို ပါရမီမပါတော့ ပိုပြီး
ဘာမှမတတ်နိုင်ဘူး...။
ထိုသူသည်ရော သူရဲ့ အချစ်ကို ဘယ်နည်းဘယ်ပုံဖြင့်
ရာဇဝင်မှာ စာတင်အောင် ပြသရပါ့မလဲ။
"What would you do for love? " လို့
ကြားဖူးတာလေး ခေါင်းထဲဝင်လာတယ်။
ချစ်မိသူတွေ အချစ်အတွက် ဘာလုပ်ကြသလဲ။
ချစ်မိသူတွေဟာ အချစ်အတွက် တတ်စွမ်းရှိသလောက်ကြိုးစားဆောင်ရွက်ကြသော်လည်း တစ်ချိန်တည်းမှာပဲ ချစ်မိပေမဲ့ အချစ်အတွက် ဘာဆိုဘာမှမတတ်နိုင်တဲ့သူတစ်ဦးအနေနဲ့ နာကျင်စွာ လက်လျော့ရုံပဲရှိတော့တာပဲမဟုတ်လား။
အချစ်အတွက် ဘာမှမတတ်နိုင်လေခြင်းဆိုပြီး
နာကျည်းစွာ ငိုကြွေးရုံပဲရှိတော့တာပါလား...။
အချစ်ကို ထုတ်ဖော်ပြသနိုင်စွမ်း ဒါမှမဟုတ်
အချစ်အတွက် ပေးဆပ်နိုင်စွမ်း စိုးစဥ်းမျှမရှိတဲ့သူဟာ
မချစ်ပါဘူးလို့ ဆိုနိုင်ပါ့မလား။
ထိုကဲ့သို့ အချစ်အတွက် တစ်စုံတစ်ရာ
ဘာမှမတတ်နိုင်လို့ ဝမ်းနည်းနာကျင်စွာပဲ
လက်လျော့ရတဲ့သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ တစ်စုံတစ်ရာတတ်စွမ်းသ၍ ပေးဆပ်ကြသူတို့လောက် အသိအမှတ်ပြုမခံရပါလား...။
Keep Reading