SarPhat Author
အလေ့အကျင့်တွေက လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်ပါတယ်။
ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ ဒီအလေ့အကျင့်တွေကို မပြုလုပ်တဲ့နေ့ဆိုတာ မရှိပါဘူး။ တစ်ချို့က မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ တစ်ကိုယ်ရည်သန့်ရှင််းကို အရင်ပြုလုပ်ကြတာရှိသလို တစ်ချို့ကလည်း အစားအစာ စားသောက်ပြီးမှ တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။
အဲ့ဒီလိုပဲ ညအိပ်ရာမဝင်ခင် ဘုရားဝတ်ပြုရမှ အိပ်ပျော်တဲ့သူရှိသလို ဖုန်းအသုံးပြုပြီးမှ အိပ်ပျော်တဲ့သူလည်း ရှိပါတယ်။ ဒါတွေဟာ တမင်လုပ်ယူနေစရာမလိုဘဲ ကျွန်မတို့ရဲ့ ဦးနှောက်နဲ့ စိတ်နှလုံးအိမ်ထဲမှာ သံမှိုဆွဲရိုက်ထားသလို ဖြစ်နေတာပါ။
ဒီလို အလေ့အကျင့်တွေက တစ်ရက်ချင်း၊ တစ်ပတ်ချင်းစီကနေ တစ်လ၊ တစ်လကနေ တစ်နှစ်၊ ဒီလိုနဲ့ အချိန်တစ်ခုကြာလာတဲ့အခါမှာတော့ ကျွန်မတို့ရဲ့ဘဝကိုပါ ပြောင်းလဲပစ်နိုင်သွားပါတယ်။
အဲ့ဒါကြောင့် ဒီလို ကိုယ့်ရဲ့ဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်တွေကို တည်ဆောက်တဲ့အခါ ကောင်းမွန်တဲ့ဘဝတွေကို ပြောင်းလဲသွားရလေအောင် ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေကိုပဲ ပျိုးထောင်ဖို့ အရေးကြီးပါတယ်။
အဲ့ဒါကြောင့် ကျွန်မက ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းများ ပျိုးထောင်ရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်လေးတွေကို မျှဝေပေးပါရစေ။
ပထမဆုံးအချက်အနေနဲ့ ကိုယ်က ကိုယ့်ရဲ့ဘယ်အရာတွေကို ပြောင်းလဲပစ်ချင်တာလဲဆိုတာကို သေချာသိရပါမယ်။ ဥပမာ ကိုယ်က ကျန်းမာပြီးလှပတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ချင်တယ် ဆိုကြပါစို့။ အဲ့ဒါဆို အဲ့ဒီလို ခန္ဓာကိုယ်တစ်ခုရဖို့ ဘာတွေလုပ်သင့်လဲ။ ဘာတွေလုပ်နိုင်လဲဆိုတာ ကို စဥ်းစားပြီး ကိုယ့်ရဲ့ နေ့စဥ်ဘဝလှုပ်ရှားမှုထဲမှာ Routine တစ်ခုအဖြစ် အလေ့အကျင့်တည်ဆောက်လို့ရပါတယ်။ ဥပမာ အသီးအရွက်များများစားတာ၊ ရေပိုသောက်ဖြစ်တာမျိုးပါ။
ဒုတိယအချက်အနေနဲ့ကတော့ သေးငယ်တဲ့အရာလေးတွေကနေ စဖို့ပါ။ ဘယ်အရာမဆို အခြေခံအုတ်မြစ်ခိုင်မှ အမြင့်ကို တက်တဲ့အခါ ပြုတ်မကျမှာမဟုတ်လား။ ကိုယ်က ရေသောက်လေ့မရှိတဲ့သူဆိုရင် စစချင်းရက်မှာပဲ ရေနှစ်လီတာ၊ သုံးလီတာလောက် သောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာနဲ့အလှမ်းဝေးနေတဲ့ကျောင်းသားက စာ စလုပ်တဲ့ ပထမဆုံးရက်မှာ နာရီပေါင်းများစွာ တစ်ထိုင်တည်း လုပ်လို့ အဆင်မပြေသလိုပါပဲ။ အဲ့ဒါကြောင့် ကိုယ်သွားချင်တဲ့ ပန်းတိုင်ဆီကို မလောဘဲ တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း သေချာစွာ သွားဖို့ လိုပါတယ်။
တတိယအချက်အနေနဲ့ ကျွန်မပြောချင်တာကတော့ ကိုယ်နဲ့ရည်မှန်းချက်တူတွေရှိတဲ့ Network တစ်ခုကို ရှာဖွေဖို့ပါ။ ကိုယ်က Fashion Designer တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Fashion Design ကို နားလည်စိတ်ဝင်စားတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ထားသင့်ပါတယ်။ ဒါမှ ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိတာ၊ လမ်းပျောက်တာမျိုးတွေရှိရင် တိုင်ပင်ဆွေးနွေးလို့ ရနိုင်တာကြောင့်ပါ။
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် ဆုချတတ်ဖို့ လိုပါတယ်။ ကိုယ်က ဒီနေ့မှာ Yoga ကို တစ်နာရီကြာအောင် ဆော့မယ်လို့ ဆုံးဖြတ်ထားပြီး ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ အနားယူတာ၊ ရုပ်ရှင်ကြည့်တာအပြင် တစ်ခြားကိုယ်စားချင်တဲ့ အစားအစာလေးတွေ စားလိုက်တာမျိုးတွေကို လုပ်လို့ရပါတယ်။
ဒါလေးတွေက အလေ့အကျင့်တစ်ခုကို ပျိုးထောင်တဲ့အခါမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အချက်လေးတွေအများကြီးထဲကမှ ကျွန်မသိသလောက်လေးတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။
ကျွန်မမျှဝေပေးခဲ့တဲ့ အချက်လေးတွေက တစ်စိတ်တစ်နေရာကနေ အထောက်အကူဖြစ်တယ်ဆိုရင် အခြားမိတ်ဆွေတွေအတွက် Share ပေးသွားခဲ့နိုင်ပါတယ်နော်။
Keep Reading