Monologue By Mon
တခါတလေ ကျမတို့တွေ တစုံတရာကြောင့် ဒါမှမဟုတ် တစုံတယောက်ကြောင့် ဆိုပြီး ကိုယ့်ရဲ့ မူလပုံစံအမှန်ကို ပြောင်းလဲဖို့ပဲဖြစ်ဖြစ် ဖုံးကွယ်ဖို့ပဲဖြစ်ဖြစ် ကြိုးစားမိတက်တာမျိုးတွေရှိပါတယ်။
ဒါပေမယ့် သေချာပြန်ကြည့်ရင် ကျမအတွက်တော့ မအောင်မြင်ခဲ့ဖူးပါဘူး။ အချိန်တခုရောက်တဲ့အခါ ကျမ က ကျမရဲ့ မူလပုံစံအစစ်အမှန် ကိုပဲ ပြန်ရောက်သွားတက်တယ်။
ဥပမာပြောရရင် ကျမက အရယ်သန်တယ်။ ပြီးတော့ လူတွေကို ခင်ခင်မင်မင်နဲ့ ပေါင်းတက်တယ်။ ကျမတက်နိုင်တာလေးတွေဆိုရင် ကူညီပေးတက်တယ်။ ဒါပေမယ့် အဲ့လိုနေရင်း တစ်ချို့လူတွေက အသုံးချစရာတစ်ခုလို ဆက်ဆံသွားတာမျိုးတွေ ၊ ကျမအပေါ်မှာ လေးစားမှု မထားတာမျိုးတွေကြုံလာရတော့ ကျမ ခပ်တည်တည်နေပြီး ခပ်တန်းတန်း နေတဲ့ပုံစံမျိုး ပြောင်းလဲကြည့်ခဲ့တယ်။ အဲ့လိုဆိုရင် ကျမအတွက် မလိုလားတဲ့ စိတ်ရှုပ်စရာတွေ မခံစားရတော့ဘူးဆိုတဲ့ စိတ်နဲ့ပါပဲ။
ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ နဂိုကျမပုံစံပဲ ပြန်ရောက်သွားတယ်။ အဲ့တော့ ကျမတွေးကြည့်တာပေါ့။ ငါ့ပုံစံကပဲ လူမှုပတ်ဝန်းကျင်အတွက် အဆင်မပြေတဲ့ ပုံစံဖြစ်နေတာလားဆိုတော့ ကျမပုံစံမှာ ဘာပြသာနာမှ ရှိမနေဘူး။ ဒါဆိုရင် ကျမ အတွက် ကျမမလိုချင်တဲ့ အပြုအမူမျိုးတွေ ကျမ လက်မခံရအောင် ဘယ်လို ကိုယ့်ကိုယ်ကို ကာကွယ်မလဲ ဆိုတာကိုပဲ အရင်တွေးလိုက်တယ်။
ကျမ ဘယ်လို ဆုံးဖြတ်လိုက်လဲဆိုတော့ ကျမအနေနဲ့ ကျမအပေါ် အသုံးချစရာတစ်ခုလို ဆက်ဆံသွားတာမျိုးတွေ ၊ ကျမအပေါ်မှာ လေးစားမှု မထားတာမျိုးတွေ လာလုပ်တဲ့သူတွေကို သိသိချင်း ချက်ချင်း ခွာလိုက်တယ်။ အေးအေးဆေးဆေးပဲ စည်းလေးထားပြီးနေလိုက်တယ်။
ကျမကိုယ်တိုင်လည်း သဘောကျတဲ့ ကျမရဲ့ မူလပုံစံအစစ်အမှန်လေးကို ကျမ မပြောင်းလဲတော့ဘူး။
အခုတော့ အဲ့လို မပြောင်းလဲခဲ့မိတာကိုပဲ တကယ်သဘောကျလို့ မဆုံးပါဘူး။
ပြီးတော့ ကျမရဲ့ ပုံစံအမှန် အတိုင်းကို နားလည်ပြီး မိသားစုလိုမျိုး ခင်မင်ရတဲ့ သူတွေလည်း ကျမ မှာ ရှိနေပါပြီ။ ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ ကျမရဲ့ ပုံစံအမှန်လေးအတိုင်းနေဖို့ ကျမကိုယ်ကျမ အမြဲအားပေးပါတယ်။ ဘယ်သူ့ကိုမှ အဆိပ်အတောက်မဖြစ်နေစေတဲ့ ကျမရဲ့ ပုံစံကို လက်မခံနိုင်တဲ့ လူတွေ နေရာတွေအတွက် ကျမကိုယ် ကျမတော့ မစွန့်ပစ်ရက်ပါဘူး။ အချိန်တန်ရင် ထွက်သွားမယ့် အရာတွေဟာ ထွက်ကို ထွက်သွားမှာဖြစ်ပြီး ကျန်ခဲ့မယ့် အရာတွေကလည်း ကျန်ကို ကျန်ခဲ့မှာပါပဲ။
ဒါက အသက် သုံးဆယ် အရွယ်မှာ ကျမ နားလည်လိုက်တာပါ။
တကယ်လို့ ဒီစာကိုဖတ်နေတဲ့ထဲမှာ ငယ်ရွယ်သေးတဲ့ လူငယ်တွေပါမယ်ဆိုရင် ကျမရဲ့ ဘဝအတွေ့အကြုံအရ ကျမ ပြန်ပြီး ပြောပြပေးချင်တာလေးတစ်ခုက ကျမလည်း ငယ်ရွယ်ချိန်တုန်းက တစ်ခြားသူတွေရဲ့ အကြိုက်နဲ့ ကိုက်ညီအောင် လိုက်လုပ်ရင်း ဘောင်ဝင်ချင်စိတ်နဲ့ အချိန်တွေကုန်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘာအတွက်ကြောင့်မှ ကိုယ့်ရဲ့ အကောင်းမွန်ဆုံး ကိုယ်တိုင်သဘောကျပြီး တည်ဆောက်ထားတဲ့ ပုံလေးကို ဘယ်လိုဘောင်မျိုးကိုမဆို ဝင်ဆန့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မပြောင်းလဲလိုက်ပါနဲ့။ အဲ့လို မပြောင်းပဲ ကိုယ့်ပုံစံအတိုင်းနေလဲ ကိုယ်နဲ့ ထပ်တူကျတဲ့ သူတွေ ၊ နေရာတွေကတော့ ရှိကိုရှိနေမှာမို့ ကိုယ့်ရဲ့ ပုံစံလေးအတိုင်း နေပြီး လောကကြီးမှာ ဘယ်သူ့ကိုမှ အဆိပ်အတောက်မဖြစ်ပဲ ရှင်သန်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ဘောင်က ဒီဘောင်ဆိုရင် ကိုယ်ကအတင်းကြီးမကြိုးစားလည်း အလိုအလျောက် ဘောင်ဝင်နေမှာပါပဲ။ လူတစ်ယောက်မှာ စစ်မှန်မှုဆိုတာလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘာအကြောင်းကြောင့်မှ ကိုယ့်ကိုယ်ကို မပစ်ထားပဲ ပိုပြီး ချစ်ပေး ဂရုစိုက်ပေးဖို့ အကြံပေးချင်ပါတယ်ရှင်။
Keep Reading