SarPhat Author
2020 ဒီဇင်ဘာမှာ
ခုလက်ရိှကိုင်နေတဲ့ Huawei ဖုန်းလေးကို
စ၀ယ်ခဲ့ပါတယ်။
ကိုဗစ်အလယ်ကာလပေါ့။
မှတ်မှတ်ရရ အင်တာနက်တွေ မပြတ်တောက်မီှ ၂လအလိုလောက်ပေါ့။
ဒီဖုန်းစ၀ယ်တဲ့ အချိန်မှာ အမေရိှသေးတယ်။
ကိုဗစ်ကြောင့် မန္တလေးတက္ကသိုလ်ထဲက ကျမရဲ့ဓာတ်ပုံဆိုင်ပိတ်လိုက်ရပြီးနောက် အပြင်မှာ အိမ်လေးငှားပြီး အွန်လိုင်းကနေ အစားအစာလေးတွေ စပြီး ရောင်းခဲ့ချိန်လေးပေါ့။
ရောင်းရခဲ့ပါတယ်။ စျေးရောင်းကောင်းနေရင်း ရုတ်တရက် အင်တာနက်လိုင်း ပြတ်သွားခဲ့တယ်။ အဲ့ဒီနေ့ကျမှ အော်ဒါတွေကို စာရွက်ထဲ လိပ်စာဖုန်းနံပတ် မှတ်ဖို့မေ့ခဲ့တယ်။
ကိုဗစ်နောက်ပိုင်း အမှတ်တရတွေက အများကြီးပါပဲ။ ရုတ်တရက် ရပ်သွားရတဲ့ onlineshop လေးကတော့ မှတ်မှတ်ရရပေါ့။ boost မထိုးရဘဲ 5K ကျော်တဲ့ ကိုယ်ပိုင် page လေးပေါ့။
အဲ့ဒီနောက် ကိုဗစ်ထပ်ဖြစ်တော့ အမေဆုံးပါတယ်။
အမေဆုံးပြီး အကြောင်းအမျိုးမျိုးကြောင့် ဘားအံ ပြောင်းခဲ့တယ်။
အဲ့ဒီအချိန်က ဘားအံသာ ပြောင်းခဲ့တာ လက်ထဲ ငွေဆယ်သိန်းတောင် ပြည့်အောင်မရိှခဲ့ဘူး။
အတူရင်ဆိုင်ဖို့ ဘေးမှာ လက်တွဲဖော်ကောင်း ရိှခဲ့တော့ အခက်အခဲတွေဟာ အသေးအမွှား တစ်ခုပါပဲ။
မချမ်းသာပေမယ့် လွတ်လွတ်လပ်လပ် ရယ်မောခွင့်တွေ ရခဲ့တယ်။ ခက်ခဲခဲ့ပေမယ့် ဘာ့ကြောင့်မှန်းမသိ ပျော်ရွှင်နေခဲ့တာပဲ။
ညဘက်ဆို ဆိုင်ကယ်လေးနဲ့ ဘားအံတောင်၀ိုင်းဘက်ကနေ ကမ်းနားညစျေးထိ သွားပြီး တကူးတက မုန့်တွေစားကြပြီး မှောင်ရီပျိုးချိန်ကျော် မိုးစုန်းစုန်းချုပ်မှ မီးလွတ်နေတဲ့ ဆိုင်ကယ်လေးနဲ့ အိမ်ကို စမ်းတ၀ါး၀ါး ပြန်ခဲ့ကြတယ်။
ဆိုင်ကယ်လေး စီးနေပေမယ့်လည်း အဲ့ဒီချိန်မှာလည်း ပျော်နေခဲ့တာပါပဲ။
၂၀၂၂ ဘားအံမြို့ထဲ ပြောင်းခဲ့တယ်။
၂၀၂၃ ပိုပြီးရောင်းအားကောင်းပြီး ပိုပြီး အဆင်ပြေလာခဲ့တယ်။ GE6 2012 အနီ လေး၀ယ်ခဲ့တယ်။ အဆင်ပြေတဲ့အချိန် မန္တလေးပြန်လာပြီး ရွှေတိုရွှေစလေးတွေ ၀ယ်ပြီးစုနိုင်ခဲ့တယ်။
တစ်ပတ်ကို တစ်ရက် ဆိုင်ပိတ်ပြီး မိသားစု၃ယောက် အတူတူ လျှောက်လည်ကြတယ်။ အတူတူတောင်တွေတက်တယ်။ အတူတူခရီးတိုလေးတွေ သွားတယ်။
ဘ၀ရဲ့ အပျော်ဆုံးအချိန်ဟာ ဘားအံမှာနေခဲ့တဲ့အချိန်ပဲဖြစ်ခဲ့တယ်။
အခုချိန်တွေးမိတိုင်း ဘားအံမှာနေခဲ့တဲ့ ၃နှစ်ကျော်ကာလကို လွမ်းမိတိုင်း ငိုတုန်းပဲ။
၂၀၂၄ ဧပြီလ မောင် ဘန်ကောက် ပြောင်းသွားတယ်။
သားနဲ့ကျမ မန္တလေးပြန်လာခဲ့တယ်။
နှစ်၃၀ လောက်နေခဲ့တဲ့ အဖေ့အိမ် ပြန်လာခါစအချိန်ဟာ မိသားစုတွေ အတူဆုံလို့ သားရဲ့ ပျော်ရွှင်တဲ့ အချိန်ပါပဲ။
သားက ဆွေမျိုးတွေကို ချစ်တယ်လေ။
၂၀၂၄ သင်္ကြန်အပြီး အဖေနဲ့ ညီမလေးတွေက
မြို့သစ်က ဒီအိမ်ကြီးကို ထားခဲ့ပြီး နန်းရှေ့က တိုက်ခန်းမှာ ပြောင်းနေကြတယ်။
နှစ်၃၀လောက် နေခဲ့တဲ့ အိမ်မလို့ ကျမအတွက် လူတွေမစုံတော့ပေမယ့် နေလို့ အဆင်ပြေနေဆဲပါပဲ။
ဒါပေမယ့် သားအတွက်တော့ မိသားစု မစုံတဲ့ ဒီအိမ်ကြီးမှာ သူ့အဒေါ်တွေကို လွမ်းလို့ ညတိုင်း ငိုနေတုန်းပဲ။
ဒီအိမ်ကြီးမှာ အရင်ကဆို စကားနိုင်လုသံ၊ ဟင်းချက်သံ၊ မုန့်တွေလုစားကြတဲ့ ပုံရိပ်တွေ၊ ဧည့်ခန်းက ဆိုဖာမှာ ကျကျနနထိုင်နေတဲ့ အဖေနဲ့ အမေရဲ့ ပုံရိပ်တွေ၊ အတူဖြတ်သန်းဖူးတဲ့ မွေးနေ့တွေ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ခဲ့တဲ့အချိန်တွေ အားလုံးကို မျက်လုံးထဲ မြင်ယောင်မိသလို Huawei ဖုန်းလေးထဲမှာလည်း ၄နှစ်တာ ဘ၀မှတ်တမ်းပုံတွေ၊ စျေးရောင်းခဲ့တာတွေ၊ သင်တန်းတွေတက်ခဲ့တာတွေ မှတ်တမ်းအဖြစ်ရိှနေတုန်းပဲ။ ၂၀၂၄ မှာ ဖုန်းအသစ်၂လုံး ၀ယ်ခဲ့ပေမယ့် ဖုန်းအဟောင်းလေးကို သံယောဇဥ္ မဖြတ်နိုင်လို့ ခုထိ အသုံးပြုနေတုန်းပဲ။
အရာရာဟာ မမြဲဘူးဆိုပေမယ့်
အမှတ်တရပုံရိပ်တွေ ပြန်ကြည့်ရင်း ငိုမိတယ်။
မန္တလေးကနေ ထွက်သွားတဲ့အချိန်နဲ့
မန္တလေးကို ပြန်လာချိန် အခြေအနေမတူပေမယ့်
အရင်ကထက် ပိုပြီး အဆင်ပြေနေသေးလို့
လွမ်းဆွေးခြင်းေ၀ဒနာကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေပါတယ်။
၂၀၂၄ မေလ ၆ရက်နေ့ တနင်္လာနေ့ဟာ ကျမရဲ့ မွေးရက်မွေးလ ထပ်တူကျတဲ့ နှစ်ပါပဲ။
အပြောင်းအလဲတွေအများကြီး ကြုံခဲ့ရပြီး ကြမ်းတမ်းတဲ့ ရာသီခွင်ကို မနည်းရင်ဆိုင်နေရတဲ့ အမျိုးသမီးရဲ့ မွေးနေ့ပေါ့။
အသက်၃၃ နှစ်ပြည့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မွေးနေ့ဟာ ပိုလို့တောင်အထီးကျန်နေပါတယ်။
၁၃ နှစ်တာ အတူရိှခဲ့တဲ့ အတူဖြတ်သန်းခဲ့တဲ့၊ ကောင်းခြင်း ဆိုးခြင်း လောကဓံကို အတူရင်ဆိုင်ခဲ့တဲ့ ချစ်ရသူအေ၀းရောက်နေတဲ့ မွေးနေ့လေးပေါ့။
၃၃ နှစ်ပြည့်မွေးနေ့အဖြစ် မှတ်မှတ်ရရ ဒီစာလေးကို ကျမရေးပါတယ်။
၀မ်းနည်းနေပေမယ့် ပြိုလဲမကျသွားဘဲ သားဘေးမှာ မားမားမတ်မတ်ရပ်တည်နေပါဦးမယ်။
၃၃နှစ်ပြည့်နှစ်မှာ ကျမရဲ့ မွေးနေ့ဆုတောင်းကို ပြောပါဆိုရင် မိသားစုလေး အမြန်ပြန်ဆုံချင်ပြီး အရင်လို အတူတူရယ်မောခွင့်လေး ရပါရစေ။
Keep Reading