Nicolette
ဘာသာပြန်၀တ္ထုရှည်
အခန်း 1 - မှားယွင်းတဲ့ တံခါးတစ်ချပ်
ဒီပုံပြင်က ဟိုးအရင် ရှေးရှေးတုန်းက ဖြစ်ခဲ့တဲ့အကြောင်းပါ။
ဒီအကြောင်းအရာတွေ ဖြစ်ခဲ့တုန်းက အခုစာဖတ်နေသူရဲ့ အဖိုးတောင် ကလေးလေးပဲ ရှိလိမ့်ဦးမယ်။
သို့ပေမယ့် ပုံပြင်မှာ အခုကျွန်ုပ်တို့နေနေတဲ့ ကမ္ဘာနဲ့ နာနီယာ ဘယ်လိုဆက်နွယ်နေလဲဆိုတာ ပြောပြမယ့် အရေးကြီးသမိုင်းကြောင်းတွေပါတယ်။
အဲ့ဒီ့အချိန်တုန်းက မစ္စတာ ရှားလော့ဒ်ဟုန်းလဲ ဘေကာလမ်းမှာ နေနေတုန်းပဲ။
ဘတ်စ်တေဘယ်တွေလဲ လူးဝစ်ရှမ်လမ်းမှာ ရတနာတွေ လိုက်ရှာနေတုန်းပဲ။
အဲ့ဒီ့အချိန်တုန်းက မင်းသာ ယောင်္ကျားလေးဆိုရင် ကော်လံအဖြူမာတောင့်တောင့်တွေကို နေ့တိုင်းဝတ်ဆင်ရမယ်။
စာသင်ကျောင်းတွေက အခုခေတ်ထက် ပိုပြီး အဆုံးအမကြမ်းမယ်။
ဒါပေမယ့် အစားအသောက်တွေကတော့ အခုခေတ်ထက် ပိုအရသာရှိတယ်။
သကြားလုံးတွေ ဘယ်လောက်ဈေးချိုပြီး ဘယ်လောက်စားလို့ကောင်းလဲဆိုတာကိုတော့ မင်း သွားရေကျရုံ အဖတ်တင်မှာစိုးလို့ မပြောပြတော့ပါဘူး။
အဲ့ဒီ့အချိန်တုန်းက ပေါ်လီ မလမ်မာဆိုတဲ့ ကောင်မလေးတစ်ယောက် လန်ဒန်မြို့မှာနေတယ်။
ပေါ်လီက အိမ်တွေတစ်ခုနဲ့ တစ်ခုဆက်ထားတဲ့ အိမ်တန်းရှည်ကြီးတစ်ခုမှာနေတယ်။
မနက်ခင်းတစ်ခုမှာတော့ အိမ်အနောက်ဘက်က ဉယျာဉ်မှာ ပေါ်လီရှိနေတုန်း ဘေးအိမ်ဉယျာဉ်ကနေ ကောင်လေးတစ်ယောက် နံရံကိုကျော်ကာ သူမတို့အိမ်ဘက် ချောင်းကြည့်နေတာကို မြင်လိုက်တယ်။
ပေါ်လီအံဩသွားတယ်။
အဲ့ဒီ့အိမ်မှာ အရင်တုန်းက ကလေးတွေ မရှိဘူးလေ။
မစ္စတာ ကယ်တာလီနဲ့ မစ် ကယ်တာလီဆိုတဲ့ အဘိုးကြီးနဲ့ အဘွားကြီး မောင်နှမနှစ်ယောက်ပဲ နေကြတာ။
ပေါ်လီလဲ စပ်စပ်စုစုနဲ့ ကောင်လေးရဲ့ မျက်နှာကို သေချာပြန်ကြည့်လိုက်တယ်။
ထူးဆန်းတဲ့ကောင်လေးရဲ့ မျက်နှာက ညစ်ပတ်နေတာပဲ။
သူငိုပြီးတော့ မြေကြီးကို လက်နဲ့ပွတ် ၊ ပြီးတော့ မျက်နှာကို မြေကြီးပွတ်ထားတဲ့ လက်နဲ့ ပြန်ပွတ်ထားသလိုကို ညစ်ပတ်နေတာ။
ပေါ်လီထင်သလို သူငိုထားလားတော့ မသိဘူး။
“ဟယ်လို” ပေါ်လီက နှုတ်ဆက်လိုက်တယ်။
“ဟယ်လို နင့်နာမည် ဘယ်လိုခေါ်လဲ” ကောင်လေးက ပြန်နှုတ်ဆက်တယ်။
“ပေါ်လီပါ နင့်နာမည်ကရော” ပေါ်လီက မေးတယ်။
“ဒဂ်ဂရီ…..” ကောင်လေးက ပြောတယ်။
“တော်တော်ရယ်ရတဲ့ နာမည်ပဲ” ပေါ်လီက ပြောတယ်။
“ပေါ်လီဆိုတဲ့ နာမည်လောက်တော့ မရယ်ရပါဘူး” ဒဂ်ဂရီက ပြန်ပြောတယ်။
“အင်း ဟုတ်သားပဲ” ပေါ်လီက ပြောတယ်။
“ဟင့်အင်း မဟုတ်ပါဘူး” ဒဂ်ဂရီက ပြန်ပြောတယ်။
ဒါနဲ့ နင် မျက်နှာသစ်သင့်တယ်၊ ငါဆိုရင် မျက်နှာ သစ်တယ် အထူးသဖြင့်….” ပေါ်လီ ပြောနေရင်း ခဏရပ်လိုက်တယ် “ နင်ငိုထားပြီးရင် မျက်နှာသစ်ရမယ်လေ..” ဒီလိုပြောတာ မယဉ်ကျေးရာ ရောက်တယ်လို့ ပြောလိုက်ပြီးမှ ပေါ်လီတွေးမိတယ်။
“အေးပါ ငါမျက်နှာသစ်လိုက်ပါမယ်” သနားစရာ ဒဂ်ဂရီက သူငိုထားတာကို လူသိသွားတာ မစိုးရိမ်သလို လေသံကျယ်ကျယ်နဲ့ ပြန်ပြောတယ်
“တကယ်လို့ နင်လဲ မြစ်ကမ်းနံဘေးက ခြံအကျယ်ကြီးမှာ မြင်းပုလေးနဲ့ သာသာယာယာနေခဲ့ရတယ်ဆိုရင် ဒီ သားရဲတွင်းလို ကြောက်စရာနေရာမျိုးမှာ လာနေရတာ သေချင်လောက်အောင် စိတ်ပျက်မိမှာပဲ သိရဲ့လား”
“လန်ဒန်က သားရဲတွင်းကြီး မဟုတ်ပါဘူးဟ” ပေါ်လီ မကျေမနပ်ဖြစ်သွားတယ်။
ဒဂ်ဂရီက ပေါ်လီ ဘာဖြစ်နေလဲ သတိမထားမိပါဘူး။
သူ့ရဲ့အလိုမကျမှုတွေကို ဆက်ပြီး ညီးတွားတယ် “ပြီးတော့ အဖေကလဲ အဝေးကြီး အိန္ဒိယမှာမို့လို့ ဒေါသကြီးတဲ့ ဉီးလေး၊ အန်တီတွေနဲ့ လာနေရတယ်၊ အမေကလဲ နေမကောင်းဖြစ်ပြီးတော့…..ဖြစ်ပြီးတော့ သေတော့မှာ၊
အဲ့ခါကျရင် ဉီးလေးနဲ့ အန်တီဆီမှာပဲ ဆက်ပြီးနေရတော့မှာ သူတို့ကလဲ သဘောကျကြတာ မဟုတ်ဘဲနဲ့လေ” ဒဂ်ဂရီက မျက်ရည်ကျမှာစိုးလို့ ထိန်းထားရတယ်။
“ငါမသိလို့ပါနော် ငါတကယ်စိတ်မကောင်းပါဘူး…..”ပေါ်လီက တောင်းပန်လိုက်တယ်။
ဒဂ်ဂရီ စိတ်ညစ်နေမှာစိုးလို့ စကားလမ်းကြောင်းပြောင်းဖို့ ပေါ်လီ စိတ်ကူးမိတယ် “မစ္စတာ ကယ်တာလီက အရမ်းဒေါသကြီးတာလား”
“အင်း သူက ဒေါသကြီးသလို ထူးလဲ ထူးဆန်းသေးတယ်၊ သူက အမြဲတမ်း အိမ်အပေါ်ဆုံးအထပ်မှာ စာအုပ်ဖတ်တတ်တယ်၊ အန်တီလက်တီက အဲ့အပေါ်ထပ်ကို ဘယ်တော့မှ မတက်သွားဖို့ ငါ့ကို ပြောတယ်၊ ဒါက ထူးဆန်းတာရဲ့ အစပဲရှိသေးတယ်၊ နောက်ထပ်ထူးဆန်းတာက ထမင်းစားချိန်တွေမှာ ဉီးလေးက ငါ့ကို တစ်ခုခုပြောဖို့ စကားစလိုက်တိုင်း အန်တီကလိုက်တားတယ် {အန်ဒရူးရေ….. ဒဂ်ဒရီက နင်ပြောမှာကို စိတ်မဝင်စားပါဘူး ပြောမနေနဲ့} ဆိုပြီး {ဒဂ်ဒရီရေ ဉယျာဉ်ထဲသွားပြီး ကစားပါလား} ဆိုပြီး ငါ့ကို အမြဲနှင်လွှတ်တယ်လေ” ဒဂ်ဒရီက ပြောတယ်။
“ဉီးလေးက နင့်ကို ဘာတွေပြောတာလဲ” ပေါ်လီက မေးတယ်။
“ငါလဲ မသိဘူး ၊ ဉီးလေးက စကားကြာကြာပြောခွင့်ကို မရဘူးလေ၊ သူပြောချင်တဲ့ စကားအထိရောက်အောင်ကို မပြောလိုက်ရဘူး၊ ရှိသေးတယ် ညတစ်ညမှာ ထပ်ခိုးမှာရှိတဲ့ ငါ့ရဲ့အိပ်ခန်းဆီကို ပြန်တုန်း အော်သံတစ်သံ ကြားလိုက်ရသေးတယ်”
“သူယူထားတဲ့မိန်းမက ရူးသွားလို့ အပေါ်ထပ်အခန်းထဲမှာများ ပိတ်လှောင်ထားတာလား” ပေါ်လီက ခန့်မှန်းတယ်။
“အေး ဖြစ်နိုင်တယ်ဟ”
“ဒါမှမဟုတ်ရင် နင့်ဦးလေးက လူကောင်းဟန်ဆောင်ထားတဲ့ ရာဇဝင်လူဆိုးကြီးနေမယ်”
“ဒါမှမဟုတ် ရတနာကျွန်းဝတ္ထုထဲကလို ပင်လယ်ဓားပြကြီးဖြစ်မယ်၊ သူ့ရဲ့ ဓားပြတိုက်ဖော်တိုက်ဖက်တွေကို ရှောင်ချင်လို့ လာပုန်းနေတာဖြစ်မယ်”
“စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ၊ နင့်အိမ်က အဲ့လောက်စိတ်ဝင်စားစရာကောင်းမှန်း ငါမသိခဲ့ဘူး” ပေါ်လီက ပြောတယ်။
“နင်ကသာ စိတ်ဝင်စားဖို့ကောင်းနေတာ နင်သာ ငါ့တို့အိမ်မှာ လာနေရရင် နင်သဘောကျမှာ မဟုတ်ဘူး၊ ညတိုင်း ဉီးလေး အင်ဒရူးက နင့်အခန်းရှေ့မှာ လန့်စရာခြေသံကြီးနဲ့ လမ်းလျှောက်နေတာကြီးကို ကြားနေရမှာလေ၊ သူ့မှာ ကြောက်စရာ မျက်လုံးတွေလဲ ရှိသေးတယ်” ဒဂ်ဂရီက ပြောတယ်။
ပေါ်လီနဲ့ ဒဂ်ဂရီ ဒီလိုနဲ့ စပြီးရင်းနှီးသွားကြတယ်။
သူတို့ ခင်ခါစက နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီးလဲ အစပဲရှိသေးတယ်။
ဘယ်သူမှလဲ ကမ်းခြေကို အပန်းဖြေဖို့ မသွားဖြစ်ကြတော့ နှစ်ယောက်စလုံး နေ့တိုင်းနီးပါး တွေ့ဖြစ်ကြတယ်။
အဲ့ဒီ့နွေရာသီဟာ ရှားရှားပါးပါး အေးစက်တဲ့ မိုးတွေဆက်တိုက်ရွာတဲ့နွေရာသီဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းဟာလဲ နွေလယ်ခေါင်မှာပဲ စတင်ခဲ့ကြပါတယ်။
မိုးတွေအရမ်းရွာတော့ အပြင်ထွက်ဆော့လို့မရတဲ့ ပေါ်လီနဲ့ ဒဂ်ဂရီဟာ အိမ်ထဲက ပစ္စည်းတွေကို လျှောက်မွေ ၊ အခန်းတွေထဲ လျှောက်ဝင်နဲ့ အိမ်တွင်းရှာဖွေရေးလုပ်ပြီး ဆော့ကြပါတယ်။
အိမ်တန်းရှည်ကြီးထဲမှာ တစ်ခန်းပြီး တစ်ခန်းကို ဖယောင်းတိုင်တစ်ချောင်းနဲ့ လျှောက်သွားရတာ အရမ်းပျော်စရာကောင်းတယ်လေ။
ပေါ်လီက သူမရဲ့အိမ်ထပ်ခိုးမှာ ဉမင်ရှည်လေးလို ဖြစ်နေတဲ့ အခန်းလေးတစ်ခန်းရှိတာ ရှာတွေ့သွားတယ်။
အမိုးစောင်းစောင်းလေးနဲ့ အုတ်တွေနဲ့ တည် ဆောက်ထားတဲ့ ဉမင်လေးက ကြမ်းခင်းတွေတော့ မခိုင်တော့ပါဘူး။
ကြမ်းခင်းရဲ့ တချို့နေရာတွေကို ဂရုတစိုက်နင်းရတယ်။
ဉမင်အတွင်းထဲမှာ ကြမ်းခင်းလွတ်ပြီး ဘာမှမခင်းထားတဲ့နေရာတွေလဲ ရှိတာကြောင့် သေချာမလျှောက်ရင် အောက်ကို ပြုတ်ကျသွားမှာပါ။
အလင်းရောင် တစွန်းတစလဲ ဉမင်ထဲဝင်တယ်။
ပေါ်လီက အဲ့ဒီ့ဉမင်အခန်းလေးမှာ သူမရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေ၊ သူမရေးထားတဲ့ စာအုပ်လေးတွေနဲ့ ပန်းသီးအချို့ကို ထားထားတယ်။
ထိုင်ခုံ၊ စားပွဲခုံအစုတ်တွေကို ယူပြီး နေချင်စရာအခန်းလေးတစ်ခုဖြစ်အောင် သူမ ပြင်ဆင်လိုက်တယ်။
ဘယ်သူနဲ့မှ မတွေ့ချင်တဲ့အခါမျိုးမှာ ဒီဉမင်လေးက သူမရဲ့ ပုန်းခိုရာနေရာလေးဖြစ်လာတယ်။
ဒဂ်ဂရီလဲ ဉမင်လေးကို သဘောကျတယ်။
ပေါ်လီက သူမရေးထားတဲ့ စာအုပ်တွေကိုတော့ ဒဂ်ဂရီ့ကို ပေးမဖတ်ပါဘူး။
သို့ပေမယ့် ဉမင်ထဲ ဝင်ရရင်ကို အဆင်ပြေတယ်လေ။
“ကြည့်စမ်းပါဦး ဒီဉမင်က ဘယ်လောက်တောင်ရှည်တာလဲ နင့်အိမ်နေရာအတွင်းပဲ ဉမင်က ရှိတာလား တခြားကိုရော သွားလို့ရသေးလား” ဒဂ်ဂရီက မေးတယ်။
“မသိဘူး ငါ့အိမ်နေရာအတွင်းမှာပဲ မဟုတ်လောက်ဘူး၊ ဆက်ပြီးရှည်သေးတယ်၊ ဘယ်လောက်ရှည်လဲတော့ ငါမသိဘူး”
“ဒါဆိုရင် ဒီဉမင်နဲ့ ငါတို့အိမ်တန်းရှည်တစ်ခုလုံး အပေါ်ကို လျှောက်သွားလို့ရလောက်မယ်ထင်တယ်”
“အင်းပေါ့ ရတာပေါ့….၊ ဟယ် မဟုတ်သေးပါဘူး” ပေါ်လီက ပြောတယ်။
“ဘာလို့လဲ”
“ငါတို့တခြား အိမ်တွေပေါ်ပါ လျှောက်သွားလို့ ဘယ်ဖြစ်မလဲ သူခိုးတွေဆိုပြီး ဖမ်းခံရဦးမယ်၊ မသွားဘူး”
“အတွေးမလွန်စမ်းပါနဲ့၊ ငါ့အိမ်ဘေးက အိမ်ကိုပဲ သွားမှာပါ၊ ဘယ်လိုလဲ”
“ဘာလို့လဲ နင့်ဘေးအိမ်က အလွတ်ကြီးလေ ဘယ်သူမှ မနေဘူး၊ ငါ့အဖေပြောတာတော့ လူမနေတာ တော်တော်ကြာပြီ ငါတို့မရောက်ခင်ကတည်းကတဲ့”
“အဲ့တာကြောင့် သွားကြည့်သင့်တာပေါ့” ဒဂ်ဂရီက ပြောတယ်။
သူ့လေသံက အရမ်းကို တက်ကြွနေတယ်။
ဘေးအိမ်က ဘာလို့ အချိန်ကြာတဲ့အထိ လူတွေလာမနေကြတာလဲဆိုတာ အရမ်းကို စပ်စုချင်နေတယ်။
ပေါ်လီလဲ သိချင်နေတယ်။
သူတို့နှစ်ယောက်စလုံးက “သရဲခြောက်လို့” ဆိုတဲ့ စကားကို မေ့ထားကြပြီး အကြံတစ်ခုရတာနဲ့ မဖြစ်မနေလုပ်ချင်တဲ့ အကျင့်လေးတွေလဲ ရှိကြတယ်။
“ဒါဆို ငါတို့ အခုသွားကြမလား”
“အေး သွားတာပေါ့” ပေါ်လီက ပြောတယ်။
“နင်မသွားချင်ရင်လဲ ရတယ်နော်” ဒဂ်ဂရီက ပြောတယ်။
“ဒီကစားပွဲအတွက် ငါကအသင့်ပဲ”
“ဒါနဲ့ ငါတို့ ဒီဉမင်ကနေ ဘေးအိမ်ဉမင်ထဲ ရောက်နေပြီဆိုတာ ဘယ်လိုလုပ်သိမလဲ”
သူတို့နှစ်ယောက် ပေါ်လီရဲ့ အိမ်ထဲကို လျှောက်သွားပြီး ခြေလှမ်းတွေကို ရေတွက်တယ်။
ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းရင် ပေါ်လီတို့ အိမ်ထဲကနေ အပြင်ရောက်မလဲဆိုပြီး။
အိမ်တန်းတွေက အတူတူပဲဆိုတော့ ပေါ်လီတို့အိမ်အကျယ် ခြေလှမ်းအရေအတွက်နဲ့ တခြားအိမ်တွေရဲ့အကျယ် ခြေလှမ်းအရေအတွက်လဲ အတူတူပဲလေ။
ခြေလှမ်းအရေအတွက် နှစ်စလှမ်းလိုက်ရင် ဒဂ်ဂရီတို့ အိမ်ရောက်ပြီ။
ဒဂ်ဂရီတို့ အိမ်ကိုကျော်ရင် လူမနေတဲ့ အိမ်ကိုရောက်ပြီ။
“ဒါနဲ့ ငါကတော့ အဲ့အိမ်က လုံးဝ လူမရှိဘူးလို့ မထင်ဘူးနော်” ဒဂ်ဂရီက ပြောတယ်။
“နင်က ဘယ်လိုထင်လို့လဲ”
“ငါထင်တာက တစ်ယောက်ယောက် အဲ့အိမ်ထဲမှာ တိတ်တိတ်လေး ဝင်နေနေတယ်ထင်တာပဲ၊ ကံကောင်းရင် ငါတို့တွေ ဆုကြေးထုတ်ထားတဲ့ လူဆိုးတွေကိုတောင် ဖမ်းမိဦးမယ်ထင်တယ်၊ အိမ်တစ်လုံးက အကြောင်းမရှိဘဲ အကြာကြီး လူလာမနေတာတော့ မဖြစ်နိုင်ဘူးလေ”
“ငါ့အဖေကတော့ ရေမြောင်းမကောင်းလို့ လူမနေတာတဲ့” ပေါ်လီက ပြောတယ်။
“လူကြီးတွေက အမြဲတမ်း စိတ်ဝင်စားဖို့မကောင်းတာတွေပဲ ပြောနေကြတာ” ဒဂ်ဂရီ ညီးတွားတယ်။
နေ့ခင်းပဲရှိသေးတာကြောင့် ဉမင်ထဲမှာ ဖယောင်း တိုင်ထွန်းစရာမလိုဘဲ လင်းထိန်နေတယ်။
ဒီလိုလင်းနေတာကြောင့် သရဲခြောက်လိမ့်မယ်ဆိုတာမျိုးလဲ သူတို့ မတွေးမိကြဘူး။
နှစ်ယောက်စလုံး ခဲတံတစ်ချောင်းစီနဲ့ အိမ်အလွတ်ဆီရောက်ဖို့ ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းရမလဲဆိုတာ တွက်ကြတယ်။
တွက်လို့ရတဲ့အဖြေတွေ မတူဘဲ ထွက်လာကြတယ်။
သို့ပေမယ့်လဲ စွန့်စားခန်းထွက်ဖို့ကို စိတ်လောနေတာကြောင့် သေချာ ပြန်မတွက်ကြတော့ဘူး။
“ငါတို့တွေ အသံလုံးဝမထွက်မှ ဖြစ်မှာနော်” ရေစင်နောက်က ဉမင်ထဲကို စပြီးခရီးထွက်တဲ့အခါ ပေါ်လီက ပြောတယ်။
ခရီးရှည်ကြီး ဖြစ်နိုင်တာကြောင့် ဉမင်ထဲမှာ ပေါ်လီသိမ်းထားတဲ့ ဖယောင်းတိုင်တွေကိုလဲ လုံလုံ လောက်လောက်ယူခဲ့ကြတယ်။
ဉမင်ကြီးက အရမ်းကို မဲမှောင် ဖုန်ထူပြီး ရှည်လျားလွန်းတယ်။
သူတို့နှစ်ယောက် အရေးကြီးတဲ့ စကားတွေကလွဲရင် ဘာမှ မပြောဖြစ်ကြဘူး။
“ငါတို့တွေ နင့်အိမ်ဉမင်အပြင်ကို ရောက်ပြီ” ဒါမှမဟုတ် “အခုဆက်ပြီးသွားရင် ငါတို့အိမ်တစ်ဝက်လောက်ကို ရောက်ပြီ” ဆိုတဲ့ အရေးကြီးစကားတွေပေါ့။
သူတို့နှစ်ယောက်စလုံး ဖယောင်းတိုင်တွေ မငြိမ်းအောင် ၊ ဉမင်ထဲကနေ ချော်မကျအောင် သတိထားနိုင်ကြတယ်။
နောက်ဆုံးတော့ သူတို့ရဲ့ညာဘက် ဉမင်အုတ်တ်နံရံတွေကြားမှာရှိတဲ့ လက်ကိုင်မပါတဲ့ တံခါးသေးသေးလေး တစ်ချပ်ကို ရှာတွေ့သွားကြတယ်။
လက်ကိုင်မပါတော့ တံခါးက အဝင်အထွက်လုပ်ဖို့ တပ်ထားတာ ဟုတ်ဟန်မတူဘူး။
ဖွင့်လို့တော့ရလောက်တယ်လို့ နှစ်ယောက်စလုံးတွေးမိကြတယ်။
“ငါဖွင့်ပြီး ဝင်ကြည့်ရမလား” ဒဂ်ဂရီက မေးတယ်။
“ဒီကစားပွဲအတွက် ငါကအသင့်ပဲ” ခုနက သူမပြောခဲ့တဲ့စကားကိုပဲ ပေါ်လီထပ်ပြောတယ်။
နှစ်ယောက်စလုံး အရမ်းကိုတက်ကြွနေကြတယ်။ သူတို့ကို ဘယ်သူမှ လာတားလို့ကို ရတော့မှာ မဟုတ်ဘူး။
ဒဂ်ဂရီက တံခါးကို ခက်ခက်ခဲခဲ တွန်းဖွင့်လိုက်ရတယ်။
တံခါးပွင့်လာတော့ အခန်းထဲက လင်းထိန်နေတဲ့ နေရောင်ခြည်ကြောင့် သူတို့မျက်လုံးတွေ ပြာဝေသွားကြတယ်။
သူတို့ဝင်လာတဲ့အခန်းကို သေချာကြည့်လိုက်တဲ့အခါမှာ တအံ့တဩဖြစ်သွားရတယ်။
အခန်းက စွန့်ပစ်ထားတာ မဟုတ်ဘဲ သေချာ ပြင် ဆင်ထားတဲ့ နေရာတစ်ခုဖြစ်နေတယ်။
တိတ်ဆိတ်ပြီး ရှင်းလင်းနေတဲ့အခန်းထဲကို ပေါ်လီ ကြွက်တစ်ကောင်လို အသံမထွက်ဘဲ ဖြည်းဖြည်းချင်း ဝင်လာလိုက်တယ်။
အခန်းနံရံပေါ်မှာ စင်တွေ သေချာရိုက်ထားပြီး စင်တိုင်းက စာအုပ်တွေနဲ့ ပြည့်နေတယ်။
အေးစက်စက်မိုးတွေရွာနေတဲ့ နွေရာသီဖြစ်တာကြောင့် မီးလင်းဖိုမှာလဲ မီးဖိုထားသေးတယ်။
မီးလင်းဖိုရှေ့မှာ လက်ကိုင်နဲ့ ကျော်မှီပါတဲ့ ထိုင်ခုံတစ်လုံးရှိတယ်။
ပေါ်လီနဲ့ ထိုင်ခုံကြားထဲ အခန်းအလယ်တည့်တည့်လောက်မှာ ရေးလက်စ စာရွက်တွေ ၊ဖတ်လက်စ စာအုပ်တွေ၊ မှင်အိုးနဲ့ ကလောင်တံ၊ အနုကြည့်မှန်ပြောင်း နဲ့ စာအိတ်ချိတ်ပိတ်တဲ့ ဖယောင်းခဲ စတဲ့ပစ္စည်းတွေ အများကြီး တင်ထားတဲ့ စားပွဲခုံတစ်လုံးရှိတယ်။
ပစ္စည်းတွေထဲကမှ ပေါ်လီ ပထမဆုံးသတိထားမိသွားတာ စားပွဲပေါ်သေချာတင်ထားတဲ့ တောက် တောက်ပပ အနီရောင် သစ်သားဗန်းလေး၊ လက်စွပ်လေးတွေက သစ်သားဗန်းလေးထဲမှာ စီစီရီတင်ထားတယ်။
လက်စွပ်တွေက အစုံလိုက်လေးတွေ၊ အဝါရောင်နဲ့ အစိမ်းရောင်တစ်စုံ ပြီးရင် နေရာ နည်းနည်းလေးခြားပြီး နောက်ထပ် အဝါရောင်နဲ့ အစိမ်းရောင်တစ်စုံ ထားထားတယ်။
လက်စွပ်တွေက ပုံမှန်လက်စွပ် အရွယ်အစားလောက်ဆိုပေမယ့် အရမ်းကို တောက်ပလွန်းတာကြောင့် ဘယ်သူမဆို သတိမထားမိဘဲကို နေနိုင်မယ်မထင်ပါဘူး။
အခန်းက အရမ်းတိတ်ဆိတ်လွန်းလို့ နာရီသံတစ်ချက်ချက်ကို ကြားနေရတယ်။
တိတ်ဆိတ်လွန်းတာအပြင် တခြားအသံတိုးတိုးလေးရှိနေတာကို ပေါ်လီခံစားမိတယ်။
တကယ်လို့ အဲ့ဒီ့ခေတ်ကသာ ဟူးဗားတံဆိပ် ဖုန်စုပ်စက်တွေကို တီထွင်ခဲ့ပြီးသားဆိုရင် ဒီအသံဟာ ဟူးဗားဖုန်စုပ်စက်အသံ တိုးတိုးလေး ဖြစ်တယ်လို့ ပေါ်လီ ပြောမိမှာပဲ။
ဒါပေမယ့် ဖုန်စုပ်စက်အသံလို နားထောင်လို့ မကောင်းတာမျိုးလဲ မဟုတ်ပြန်ဘူး။
တူရိယာတစ်မျိုးမျိုးကို တီးခတ်လိုက်လို့ တုန်ခါလာတဲ့အသံမျိုး။
အရမ်းတိုးလွန်းလို့ သေချာနားထောင်မှ ကြားရတယ်။
“ဒီအခန်းမှာ ဘယ်သူမှလဲ မရှိပါလား” ပေါ်လီက ဒဂ်ဂရီကို တိုးတိုးလေးကပ်ပြောတယ်။
ဒဂ်ဂရီရဲ့ ပုံစံက ဖုန်အလူးလူးနဲ့ ညစ်ပေနေတာပဲ။
ပေါ်လီလဲ သူ့လိုပဲ ညစ်ပေနေတယ်။
“ဒါသိပ်တော့ မကောင်းဘူး၊ လူမနေတဲ့ အိမ်ကို ရောက်တာလာ မဟုတ်ဘူးထင်တယ်၊ ဘယ်သူမှ ရောက်မလာခင် ငါတို့ပြန်ထွက်ကြရအောင်” ဒဂ်ဂရီက ပြောတယ်။
“နင်အဲ့တာလေးတွေကို ဘယ်လိုထင်လဲ” ပေါ်လီက ရောင်စုံလက်စွပ်လေးတွေကို ညွှန်ပြတယ်။
“လာစမ်းပါဟာ” ဒဂ်ဂရီက ပြောတယ် “တော်ကြာ တစ်ယောက်ယောက် ရောက်လာရင်”
သူ့စကားတောင် မဆုံးလိုက်သေးပါဘူး။
အခန်းထဲမှာ ထူးဆန်းတာ တစ်ခုဖြစ်သွားတယ်။
မီးလင်းဖိုရှေ့က ထိုင်ခုံက ရုတ်တရပ် မြောက်တက်သွားပြီး ပြဇာတ်တွေကတဲ့အခါမှာ နတ်ဆိုး သရုပ် ဆောင် ထွက်လာသလို လူတစ်ယောက် ထိုင်ခုံအောက်က ထောင်ချောက်တံခါး (အောက်ကနေ ဖွင့်လို့ ပိတ်လို့ရတဲ့ တံခါး) ကနေ ထွက်လာတယ်။
အဲ့ဒီ့လူက ဦးလေး အင်ဒရူးပဲ။
ပေါ်လီနဲ့ ဒဂ်ဂရီက အိမ်အလွတ်ဆီရောက်နေတာ မဟုတ်ဘဲ ဒဂ်ဂရီ အိမ်အပေါ်ထပ်က မသွားရဘူးလို့ တားမြစ်ထားတဲ့ စာဖတ်ခန်းထဲ ရောက်နေကြတာပဲ။
သူတို့နှစ်ယောက်စလုံး “အိုး…..” လို့ အလန့်တကြား ထအော်လိုက်ကြတယ်။ သူတို့တွေ အမှားကြီး လုပ်မိပြီ။
ထွက်ပြေးလို့လဲ မရတော့ဘူး။
ဦးလေး အင်ဒရူးက ပိန်ပိန်ပါးပါးဖြစ်ပြီး မုတ်ဆိတ်တွေ နှုတ်ခမ်းမွှေးတွေကိုလဲ သပ်သပ်ရပ်ရပ် ရိတ်သင်ထားတယ်။
ချွန်ထက်နေတဲ့ နှာခေါင်းရှိတယ်။
ငွေရောင်ဆံပင်တွေ ဦးခေါင်းထက်မှာ ရှုပ်ပွနေတယ်။
အရမ်းကို စူးရှတဲ့ မျက်လုံးတွေလဲ ရှိတယ်။
အရင်က တွေ့ဖူးတာက ပိုတင်းမာပြီး ကြောက်စရာကောင်းနေတဲ့ ဦးလေး အင်ဒရူး ပုံစံကြောင့် ဒဂ်ဂရီတစ်ယောက် ကြောက်လန့်ပြီး ထောင့်ကပ်နေတယ်။
ပေါ်လီကတော့ အရမ်းမကြောက်သေးပါဘူး။
ဦးလေးအင်ဒရူးက တံခါးကို သေချာပြန်ပိတ် သော့ပြန်ခတ်တယ်။
ပြီးမှ ပေါ်လီနဲ့ ဒဂ်ဂရီတို့ဘက်လှည့်ကာ သူ့သွားတွေ အားလုံးပေါ်တဲ့အထိ ပြုံးပြတယ်။
“ကဲ အခုတော့ ငါ့ရဲ့ အရူးညီမလဲ မင်းကို တားမရတော့ဘူးပေါ့” ဦးလေးအင်ဒရူးက ပြောတယ်။
သူစကား စပြောတာနဲ့ ပေါ်လီ အသည်း ပါးစပ်ထဲက ထွက်ကျမတက် ထိတ်လန့်လာတယ်။
ဒဂ်ဂရီလဲ သူတို့ဝင်လာတဲ့ တံခါးဆီ ဖြည့်ဖြည့်ချင်း ပြန်သွားဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူ့ထက် ပိုလျင်တဲ့ ဦးလေးအင်ဒရူးက တံခါးဆီ ဦးအောင်သွားပြီး ပိတ်ပစ်လိုက်တယ်။
တံခါးရှေ့မှာ ပိတ်ရပ်နေရင်း သူ့ရဲ့ ဖြူဆွတ်ဆွတ် လက်ချောင်းပိန်ရှည်ရှည်တွေကို လက်ဆစ်ချိုးနေတယ်။
“မင်းတို့ကို တွေ့ရတာ အရမ်းဝမ်းသာတာပဲ၊ ငါကလေးနှစ်ယောက်လိုနေတာလေ” ဦးလေးအင်ဒရူးက ပြောတယ်။
“သမီး ညစာစားရမယ့် အချိန်ရောက်နေပြီမို့လို့ အိမ်ပြန်ပါရစေ မစ္စတာ ကယ်တာလီရယ်” ပေါ်လီက ပြောကြည့်တယ်။
“မပြန်ရပါဘူး၊ ငါအခု စမ်းသပ်ချက်တစ်ခုလုပ်နေတာ အဲ့စမ်းသပ်ချက်အတွက် ကလေးနှစ်ယောက်လိုတယ်၊ ဒါက လက်လွတ်မခံသင့်တဲ့ အခွင့် ကောင်းပဲကွ” ဦးလေးအင်ဒရူးက ပြောတယ်
“ငါ ခွေးတူဝက်တူကောင်တွေနဲ့ စမ်းသပ်နေတာ အလုပ်တော့ဖြစ်တယ်၊ ဒါပေမယ့် ခွေးတူဝက်တူကောင်တွေက ဘာတွေတွေ့ခဲ့တယ်၊ ဘယ်လိုပြန်လာရမယ်ဆိုတာ ငါ့ကို ရှင်းမပြနိုင်ဘူးလေ”
“ဉီးလေးအင်ဒရူးရေ ၊ ညစာက စားကြရတော့မယ် ၊ ကျွန်တော်တို့ပျောက်နေရင် အိမ်ကလူတွေ စိတ်ပူပြီး လိုက်ရှာကြလိမ့်မယ်၊ ကျွန်တော်တို့ကို သွားခွင့်ပေးရမယ်” ဒဂ်ဂရီက ဝင်ပြောတယ်။
“သွားခွင့်ပေးရမယ် ဟုတ်လား” ဦးလေးအင်ဒရူးက ပြောတယ်။
ပေါ်လီနဲ့ ဒဂ်ဂရီတို့ အသံမထွက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် လှမ်းကြည့်ကြတယ်။
“ပိုကြောက်စရာကောင်းလာပြီနော် ငါတို့သူ့ကို ဖျောင်းဖျရမယ်” ဆိုပြီး မျက်ရိပ်မျက်ခြေပြကြတယ်။
“ညစာလေးသွားစားခွင့်ပေးရင် ညစာစားပြီးတာနဲ့ ပြန်လာခဲ့မယ်လေ” ပေါ်လီက ပြောတယ်။
“မင်း ပြန်လာမလားဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ” ဦးလေးအင်ဒရူးက ပြုံးရင်း ပြောတယ်။
နောက်တော့ သူစိတ်ပြောင်းသွားတယ်ထင်ရဲ့။
“ကောင်းပြီလေ မင်းတို့ကလေးတွေက ငါ့လို အဘိုးအိုကြီးနဲ့ စကားကြာကြာဘယ်ပြောချင်ပါ့မလဲ" သူ သက်ပြင်းချလိုက်တယ်။
“ငါဘယ်လောက် စကားပြောဖော်လိုချင်နေလဲဆိုတာ မင်းတို့သိမှာ မဟုတ်ပါဘူး၊ မင်းတို့ညစာစားဖို့ ပြန်ချင်တယ်ဆို ပြန်ကြပေါ့၊
ငါ့ရဲ့ ခြောက်ကပ်နေတဲ့ စာကြည့်တိုက်ထဲကို ချစ်စရာကလေးမလေး လာလည်တဲ့ အထိမ်း အမှတ်နဲ့ ငါမင်းတို့ကို လက်ဆောင်လေးတော့ တစ်ယောက်တစ်ခု ပေးလိုက်ချင်သေးတယ်”
ဒီစကားကြောင့် ပေါ်လီ စိတ်သက်သာရာရသွားတယ်။
ဦးလေးအင်ဒရူးက အရမ်းစိတ်မဆိုးသွားဘူးထင်ပါရဲ့။
“မင်းလက်စွပ်လေး လိုချင်လား” ဦးလေးအင်ဒရူးက ပေါ်လီကို မေးတယ်။
“ဟို အဝါလေးနဲ့ အစိမ်းလေးကို ပြောတာလား” ပေါ်လီက ပြောတယ် “လိုချင်ပါတယ်”။
“အစိမ်းလေးတော့ မပေးနိုင်ဘူး” ဦးလေးအင်ဒရူးက ပြောတယ် “အားနာပါတယ် အစိမ်းတော့မရဘူး၊ အဝါလေးပေးမယ်လေ၊ ဝမ်းမြောက် ဝမ်းသာနဲ့ကို ပေးမှာ ၊လာဝတ်ကြည့်လိုက်”
လက်စွပ်တွေက ပေါ်လီကို ထူးထူးဆန်းဆန်း ဆွဲဆောင်နေတာကြောင့် ကြောက်တဲ့စိတ်တွေ ပျောက်သွားပြီး လက်စွပ်တင်ထားတဲ့ သစ်သားဗန်းလေးနား ကပ်သွားတယ်။
“အော် အခုသဘောပေါက်ပြီ ခုနက ကြားရတဲ့ အသံတိုးတိုးလေးက ဒီလက်စွပ်တွေနားနီးလာလေ ပိုကျယ်လာလေပဲ အသံက ဒီလက်စွပ်တွေဆီက လာတာလားမသိဘူး” ပေါ်လီက ပြောတယ်။
“ဟာသပဲ ကလေးမရဲ့” ဉီးလေးအင်ဒရူးက အော်ရယ်တယ်။
သူ့ရယ်သံက ပုံမှန်ပါပဲ။
ဘာကြောင့်မှန်းမသိ ဒဂ်ဂရီကတော့ ရယ်သံကြောင့် ကျောချမ်းသွားတယ်။
ဦးလေးအင်ဒရူးမျက်နှာက ပိုကြောက်စရာကောင်းလာတယ်။
“ပေါ်လီ လက်စွပ်တွေကို မထိနဲ့တော့ အရူးလုပ်မခံနဲ့” ဒဂ်ဂရီ အော်ပြောလိုက်တယ်။
အရမ်းနောက်ကျသွားပြီ ပေါ်လီက လက်စွပ်လေးတွေကို ထိလိုက်တယ်။
လက်စွပ်တွေကို ထိလိုက်တာနဲ့ ချက်ချင်း ပေါ်လီပျောက်သွားတယ်။
ဘာအလင်းမှလဲ မထွက် ၊ ဘာအသံမှကို မထွက်ဘဲ ဒီအတိုင်းပျောက်သွားတာ။
ဦးလေးအင်ဒရူးနဲ့ ဒဂ်ဂရီပဲ အခန်းထဲမှာ ကျန်ခဲ့တယ်။
အခန်း 1 ပြီးပါပြီ.......
????????????????
The Chronicles of Narnia Book 1, The Magician's Nephew ရဲ့ Chapter 1 - The Wrong Door ကို Nicolette မှ ဘာသာပြန်ဆိုပါတယ် ?
⛔ပြန်ကူးတင်ခွင့်မပြုပါ⛔
ဖြည်းဖြည်းချင်း ဘာသာပြန်သွားမှာမို့လို့ စောင့်ဖတ်ပေးကြပါဦးနော် ✌?
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading