Sam Myu Ter

ဗေဒါပန်းလေးတွေ မြင်တိုင်း သတိရမိတဲ့
မိန်းကလေးငယ် တစ်ယောက် ကျွန်မမှာ ရှိခဲ့ဘူးတယ်
သူ့နာမည်လေးက "ဝေ" တဲ့။
သူငယ်တန်းကို ရွာမဘက်ကမ်းမှာတစ်ခါ
ကံစုဘက်ကမ်းမှာ တစ်ခါ နှစ်နှစ်တက်ခဲ့ရတဲ့ ကျွန်မက
ပထမတန်း စတက်တော့ ကျွန်မနေထိုင်ရာ ရွာမဘက်ကမ်းမှာ ပြန်တက်ခဲ့ရတယ်။
ကို့ဘက်ကမ်းမှာပြန်တက်ရပေမဲ့ အဖော်မရှိတဲ့ ကျွန်မက
မေမေဝယ်ပေးတဲ့ ဖဲသားအစိမ်းရောင်အနားတွန့်လေးနဲ့ဘိုမရုပ်ပုံလေးတွေပါတဲ့ကျွန်မရဲ့ ထီးလေးဟာ ကျွန်မရဲ့ အဖော်ပေါ့။ကျောင်းအပ်ပေးပီး မေမေ ပြန်သွားတော့
လွယ်အိတ်ကလေးပိုက်ပီး နောက်ဆုံးတန်းက ခုံလေးမှာ
ကျွန်မ မေမေပြန်သွားလို့ ဝမ်းနည်းပီး ငိုနေခဲ့မိတယ်။
အဲ့အချိန်မှာ ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ဟာကျွန်မဆီရောက်လာခဲ့လေတယ်။
'နင့်နာမည်ဘယ်သူလဲ' ဘာလို့ငိုရတာလဲတဲ့။
'ငါ့နာမည် က ငြိမ်း ငါ့မေမေပြန်သွားတော့ အဖော်မရှိပဲဝမ်းနည်းလို့' လို့ကျွန်မပြန်ဖြေခဲ့တယ် ။
အဲ့အချိန်မှာသူ့နာမည် က 'ဝေ' တဲ့
ကျွန်မ မမေးပါဘဲ သူ့ဘာသာဖြေ ခဲ့တယ် ။ပြီးတော့
'ငါဒီနေ့က စပီး နင်နဲ့တူတူနေမှာ' ဆိုပြီး
ကျွန်မနဲ့ တူတူနောက်ဆုံးတန်းမှာ ထိုင်ခဲ့တယ် ။
ဘယ်သူမှမရှိပါပဲ နောက်ဆုံးတန်းက ခုံလေးမှာ သူနဲ့ကျွန်မ နှစ်ယောက်ထဲ..။
အဲ့နေ့က စပီး 'ဝေ' ဟာ ကျွန်မရဲ့ ပထမဆုံးသူငယ်ချင်းလေးပေါ့။တကယ်တော့ 'ဝေ'ဟာ အပေါင်းအသင်းဝင်ဆံ့တဲ့ မိန်းကလေးငယ် တစ်ယောက်။
လူတိုင်းကိုဖော်ဖော်ရွေရွေဆက်ဆံတတ်တယ်။
အပြုံးချိုချိုလေးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတယ်။
လူတိုင်းနဲ့သဟဇာတ ဖြစ်တဲ့သူက ကျွန်မမှ မဟုတ်ပါဘဲ
သူငယ်ချင်းတွေ အများကြီးနဲ့ မိန်းကလေးငယ်တစ်ယောက်။
ကျွန်မကတော့ သူမှလွဲ ဘယ်သူမှ မသိတဲ့လူတစ်ယောက်
တော်ပီလေ သူရှိနေပီပဲ ဘယ်သူမှမလိုပါဘူး ။
သင်္ချာစာ စသင်တဲ့ နေ့တစ်နေ့မှာဂဏန်းတွေ ပေါင်းတာပဲရပီး မနှုတ်တတ်နဲ့ကျွန်မ တိုင်ပတ်လေတယ်။
ဆရာမ သေလောက်အောင်သင်သင် ဘယ်လိုမှမနှုတ်တတ်တဲ့ ကျွန်မမျက်ရည်ကြီးငယ်နဲ့ပေါ့(သူငယ်တန်းနှစ်ကလည်းသင်တာပဲ ဘာလို့မရမှန်းမသိ?)။
နေ့ခင်းမုန့်စားဆင်းချိန်မှာ 'ဝေ'ဟာကျွန်မကို ဂဏန်းနှုတ်တာ
သင်ပေးခဲ့တယ် ။ဘယ်လိုနှုတ်ရတယ်ဆိုတာပေါ့(လက်ချောင်းနှစ်ဖက်လုံးထောင်ပီး ဥပမာ-၁၀ထဲက ၈ကိုနှုတ်ရင် လက်ချောင်း ၈ချောင်းကို ချိုးချလိုက် ကျန်တဲ့လက်က အဖြေပဲ ဆိုပီး သင်ပြတာ အဲ့လိုကနေ နှုတ်တတ်သွားတာပဲ??)
အဲ့အချိန်ကစ သူက ကျွန်မရဲ့ အနှုတ်ဆရာ မလေးပေါ့။
၁၀ ထက်ကြီးတဲ့ဂဏန်းတွေဆို လက်ေရာခြေရော
သူ့လက်ချောင်းငှား ကို့လက်ချောင်းငှားနဲ့ အနှုတ်သင်ရတာ
ပျော်ရွှင်စရာအတိဖြစ်ခဲ့လေတယ်။
အဲ့ဒီလိုနဲ့ ကျောင်းဆောင်အဟောင်းကနေ အသစ်ပြောင်းတော့သူငယ်ချင်းတစ်ယောက်ထပ်တိုးခဲ့တယ်သူ့နာမည်က 'ဝိုင်း' တဲ့။'ဝိုင်း' ရောက်လာပီး သုံးယောက်ဖြစ်သွားတဲ့ကျွန်မတို့ပျော်လိုက် ရယ်ငိုက် ငိုလိုက်နဲ့ စာသင်နှစ် တစ်နှစ်ပီးဆုံးခဲ့လေတယ်။
ဒုတိယတန်း စာသင်နှစ်မှာတော့ အသေးဆုံးဖြစ်တဲ့ ကျွန်မတို့ သုံးယောက် ရှေ့ဆုံးတန်းမှာ နေရာကျခဲ့တယ်။
ကျွန်မက သူတို့နှစ်ယောက်ထက်စာရင် နည်းနည်းထွားပေမယ့်'ဝိုင်း'ကကျ ဝဝပုပုလေး။
'ဝေ'ကတော့ ပိန်ပိန်သေးသေးနဲ့ အသေးဆုံးလေးပေါ့။
ကျောင်းသွားကျောင်းပြန် လမ်းတူတဲ့ ကျွန်မနဲ့ 'ဝေ'ဟာ
အမြဲတူတူ သွားခဲ့ကြတယ် ။
လူကြီးဆောင်း ဂေါက်ထီးလေး ပုခုံးမှာ အမြဲချိတ်ပီး သွားတတ်တဲ့ 'ဝေ'ဟာ
ပုပုသေးသေးနဲ့ ချစ်စရာအတိလေး။
တစ်ခါတစ်လေ 'ဝေ' နဲ့ကျွန်မ ဟာ ရန်ဖစ်လိုက် 'ဝိုင်း' ကို လုလိုက်နဲ့ အမြဲစကားများကြပေမယ့်
တခြားသူက ကျွန်မကိုအနိုင့်ကျင့်တဲ့အခါမှာလည်း
ကျွန်မကိုကာကွယ်တတ်ပြန်တယ် ။(ပြောရင်းပြော သူပဲပြောမယ် တခြားသူအပြောမခံဘူး အဲ့လို လူမျိုး)
ရန်ဖစ်လိုက်ပြန်ချစ်လိုက်နဲ့ သံသရာစက်ဝန်းလည်ပတ်ခဲ့တဲ့ ကျွန်မတို့သုံးယောက်တတိယတန်း စာသင်နှစ်မှာတော့ 'ဝေ' မရှိတော့ဘူး။
ဘယ်တော့မှပြန်မလာမယ့်လမ်းကို သူရွေးချယ်ခဲ့တာ
'ဝိုင်း' နဲ့ကျွန်မကို သူထားသွားခဲ့တာ။
ထွက်သွားသူထက် ကျန်ခဲ့တဲ့သူက ပိုခံစားရတာကို
နင်မသိလို့ ထားသွားခဲ့တာလား 'ဝေ' ရယ်။
ပန်းလေးတွေကိုသဘောကျတဲ့ 'ဝိုင်း'အတွက်
ပန်းလေးတွေအမြဲခူးလာပေးတဲ့ 'ဝေ'က
ကျွန်မတို့နှစ်ယောက်နှစ်ယောက်လုံးအတွက်
ပန်းတွေအမြဲလက်ဆောင်ပေးလေ့ရှိခဲ့တာ။
တကယ်တော့လေ ပန်းလေးတွေက
သဘာဝအတိုင်း ဖူးပွင့်နေတာက ပိုလှပါတယ် ဝိုင်း ရေ။
ငါတို့ရဲ့အတ္တတွေကိုရှေ့တန်းတင်ပီး ပန်းတွေကိုခူးတဲ့အခါ
သဘာဝကြီး မလှပရုံရှိမှာပေါ့။
ပြီးတော့ ငါတို့ကို ပန်းခူးပေးမယ့်
'ဝေ'ကလည်း လောကကြီးမှာ မရှိတော့ဘူးလေ။
'ဝေ' ကလေ သူဆုံးပီး ရက်လည် ညမှာ
ကျွန်မနဲ့ 'ဝိုင်း' အတွက် ဗေဒါပန်းလေး နှစ်ခက်စီ
အိမ်မက်ထဲမှာ ပေးပီး နှုတ်ဆက်သွားခဲ့လေတယ်။
အဲ့အချိန်ကစ အိမ်မက်ထဲမလာတော့တဲ့' ဝေ' ဟာ
ထာဝရအပြီးတိုင်နှုတ်ဆက်သွားခဲ့တယ် ထင်ပါရဲ့။
ဗေဒါပန်းလေးတွေရဲ့အဓိပ္ပာယ်ကို ငါမသိချင်ဘူး 'ဝေ'။
ဗေဒါတွေလို လောကဓံကြ့ကြံ့ခံ ရင်ဆိုင်ရဲအောင်
သင်ပေးသွားတဲ့ နင့်ကိုတော့ ငါအမြဲ သတိရနေမိတယ်။
ခင်ခဲ့တဲ့ နှစ်နှစ်တာ friendship လေးကို
ဗေဒါပန်းလေး နှစ်ခက်နဲ့ နှုတ်ဆက်သွားတဲ့ 'ဝေ' ရေ
ဗေဒါပန်းလေးတွေမြင်တိုင်း မင်းကို သတိရနေပီ မိန်းကလေးငယ်ရေ.....။
#ဆမ်မြူတာ(သွန်းဆက်ညို)
(22.9.2022)
Keep Reading