အက္ခရာ - Haruki
စာဖတ်သူလေးက ဟိုကလုပ်ရနိုးနိုး၊ ဒီဟာလုပ်ရနိုးနိုးနဲ့ ဘာမှမလုပ်ဖြစ်တဲ့ ယောင်ခြောက်ဆယ်တစ်ယောက်ဖြစ်နေပြီလား။ ဒါဆိုရင် စာဖတ်သူလေးကံကောင်းပါတယ်။ ဘာလို့ဆို ဒီဆောင်းပါးလေးဟာ စာဖတ်သူလေးအတွက် ဖြေဆေးတစ်ခွက်ဖြစ်နေလို့ပါပဲ။
ဒီဆောင်းပါးလေးထဲမှာ ယောင်ခြောက်ဆယ်ဖြစ်နေသူလေးတွေအတွက် လိုက်လုပ်လို့ရနိုင်တဲ့ အချက် ၁၀ ချက် ကို ပြောပြပေးထားပါတယ်။ ဒါကြောင့် လုပ်စရာတစ်ခုခုနဲ့ အကြံတစ်ခုခုတော့ ရလာဖို့အာမခံပါတယ်။ ဒီဆောင်းပါးပါအချက်တွေဟာ တချိန်က ကျွန်တော်ဖတ်ခွင့်ရလိုက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ထဲက အချက်တွေပါ။
(၁) အားတင်းပြီး ရင်ဆိုင်နေတာကို ရပ်လိုက်ပါ။
ပထမဆုံး လုပ်ရမယ့်အရာကတော့ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ဘာလုပ်ရမလဲတွေးမရဘူး၊ မဆုံးဖြတ်နိုင်တော့ဘူး၊ ဘာမှလုပ်ချင်စိတ်မရှိဘူးဆိုတဲ့ စိတ်တွေကို လက်ခံလိုက်ပါ။ ဘယ်သူသိသိ မသိသိ ဒါတွေကအရေးမကြီးပါဘူး။ ဒီလိုလက်ခံပြီးတဲ့အချိန်မှာ စိတ်သက်သာရာရပြီး နေလို့ပိုကောင်းသွားပါလိမ့်မယ်။
ဘာမှတွေးမရဘူး၊ လုပ်မရဘူးဆိုတာတွေ ဖြစ်လာရတယ်ဆိုတဲ့အကြောင်းဟာ ဦးနှောက်ကအနားယူဖို့ လိုနေတဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုလက်မခံဘဲ တစ်ခုခုတော့လုပ်မှဖြစ်မယ်ဆိုပြီး ဇွတ်လုပ်နေရင်တော့ အဲဒီနေ့က စာဖတ်သူလေးအတွက် ပျော်စရာကောင်းတဲ့နေ့ ဖြစ်လာမှာမဟုတ်သလို စိတ်ဖိစီးမှုတွေသာ ပိုတိုးလာမှာ သေချာပါတယ်။ နောက်ဆုံး ဘာမှလုပ်စရာမရှိလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင်တောင် စိတ်ပင်ပန်းခံပြီးတွေးမနေပါနဲ့။ အိပ်ရေးဝအောင်သာ အိပ်လိုက်ပါ။
(၂) လှုပ်ရှားပါ။
အပေါ်က အချက်ထဲမှာပါသလို မအိပ်ချင်ဘူးဆိုရင်တော့ လမ်းလျှောက်ပါ၊ ပြေးပါ၊ စက်ဘီးစီးပါ။ အဓိကကတော့ အပြင်ထွက်ပြီးလုပ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေလုပ်ပါ။ ဒါဆိုရင်တော့ သွေးလည်ပတ်မှုကောင်းကာ အန်ဒိုဖင်လို့ခေါ်တဲ့ဟော်မုန်းတွေထွက်လာပြီး လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်။
အပြင်ထွက်လိုက်တာကြောင့် မြင်ကွင်းပြောင်းသွားပြီး အလုပ်တွေနဲ့ ပြည့်နေတဲ့ ဦးနှောက်က ကြည်ရှင်း သွားတာ ဒါမှ မဟုတ် လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် အဆီတွေလောင်ကျွမ်းသွားပြီး ရုပ်ပိုင်းဆိုင်ရာအရ ခံစားမှုပိုကောင်းလာမှာပါ။ ဒါက လည်း ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ အကျိုးရှိတဲ့ အရာတစ်ခုခုကို လုပ်ဖြစ်လိုက် တာပါပဲ။
(၃) တစ်ခုခုကို လုပ်လိုက်ပါ။
ဆုံးဖြတ်ချက်တွေမချနိုင်ဘဲ ဘာမှ မယ်မယ်ရရ လုပ်လို့မရဘူးဆိုရင် စာဖတ်သူလေးရဲ့အလုပ်စားပွဲကို ရှင်းလိုက်ပါ ဒါမှမဟုတ် အိမ်သန့်ရှင်းရေးထလုပ်ပါ။ ဘာမှလုပ်စရာမရှိရင် အီးမေးလ်စစ်ပြီး မလိုအပ်တဲ့ ကြော်ငြာတွေကို ရှင်းထုတ်လိုက်ပါ။ ဒါဆိုရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ အလုပ်တွေမပြီးရင်တောင် တစ်ခုခုတော့ လုပ်လို့ အောင်မြင်ပြီးစီးသွားတာပဲ မဟုတ်လား။
(၄) လေ့လာမှုအသစ်တွေလုပ်ပါ။
အားနေတဲ့အချိန်တွေကို အသုံးချပြီး ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် လိုအပ်တဲ့လေ့လာမှုတွေကို စာအုပ်တွေကတစ်ဆင့်၊ အင်တာနက်ပေါ်ကတစ်ဆင့် လေ့လာပြီး အရည်အချင်းကို ဖြည့်ထားပါ။ လေ့လာတဲ့အခါမှာလည်း အခက်အခဲတွေ၊ နားမလည်တာတွေပါခဲ့ရင်တောင် စိတ်ရှုပ်စရာလို့ မသတ်မှတ်ဘဲ စိတ်ဖိစီးမှုကင်းကင်းနဲ့ ပုံမှန်အတိုင်းပဲ နားထောင်သွားပါ၊ လေ့ကျင့်သွားပါ။ နားရည်ဝလာရင် အဆင်ပြေသွားပါလိမ့်မယ်၊ အဓိကက အချိန်မှန်လုပ်ဖြစ်နေဖို့ပါပဲ။ သင်ယူလေ့လာနေရင်း ရောက်ချင်တဲ့ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းပွင့်သွားပြီး အဖြေတစ်ခုခုကိုတော့ သေချာပေါက်ရှာတွေ့လာမှာပဲဖြစ်ပါတယ်။
(၅) သူများဦးနှောက်ကို သုံးပါ။
လုပ်ငန်းခွင်မှာ ဒါမှမဟုတ် လုပ်စရာရှိတဲ့အလုပ်တစ်ခုဟာ တစ်ယောက်တည်းလုပ်ရုံနဲ့မပြီးဘဲ လုပ်ငန်းနဲ့ဆက်နွှယ်နေသူတွေရဲ့ အကူအညီကို လိုအပ်ကြောင်းပြောရတဲ့အခါ သူတို့အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှာ၊ စိတ်ဆိုးမှာကိုစိုးရိမ်ပြီး ဘာဆက်လုပ်ရမလဲမသိတော့တဲ့အခါ လေးစားရတဲ့လူတစ်ယောက်ဆီကနေ ဘာလုပ်သင့်တယ်ဆိုတာကို အကြံဉာဏ်တောင်းပါ။ တစ်ခါတလေမှာ ကိုယ်တိုင်ဆုံးဖြတ်ပြီး ပြောလိုက်တာထက် တခြားသူရဲ့ အကြံဉာဏ်က ပိုကောင်းနေနိုင်တယ်ဆိုတာကို သတိရပါ။
(၆) တရားထိုင်ကြည့်ပါ။
တရားထိုင်ခိုင်းရင် ဘုရားအလုပ်၊ တရားအလုပ်ဆိုပြီး စွဲနေတဲ့အစွဲတွေကို ချွတ်ပါ။ တရားထိုင်တယ်ဆိုတာ တစ်နည်းအားဖြင့်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာပါပဲ။ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်း၊ ရှူထုတ်လုပ်ကြည့်ပါ။ ဝင်လေ၊ ထွက်လေဖြစ်ပေါ်ရာ နှာသီးဝကို အာရုံစိုက်ထားပါ။ ဒီလိုလုပ်တာကြောင့် စိတ်ကြည်လင်သွားပြီး အာရုံစူးစိုက်မှု အားပိုကောင်းလာတာကို မြင်တွေ့ရပါလိမ့်မယ်။ အတွေးရှင်းရှင်းနဲ့ မြင်ကွင်းကြည်ပြီး ဘာလုပ်ရမလဲဆိုတဲ့ အဖြေအတွက် အကြံကောင်းရလာ နိုင်ပါတယ်။
(၇) အကူအညီပေးပါ။
ဘာလုပ်ရမလဲမသိဖြစ်နေရင် အကူအညီလိုအပ်နေတဲ့ အိမ်နီးချင်း၊ မိတ်ဆွေသူငယ်ချင်းတွေကို သူတို့လိုအပ်တဲ့အကူအညီ ပေးလိုက်ပါ။ ငွေအားမတတ်နိုင်ရင်တောင် လူအားနဲ့ တတ်နိုင်တဲ့အရာတွေ လုပ်ပေးလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် အဆင်ပြေပြေနဲ့ အလွယ်တကူပြီးမြောက်သွားတယ်ဆိုတာ ကောင်းတဲ့အရာပဲ မဟုတ်လား။ သေးငယ်တဲ့အရာလေးပဲဖြစ်ပါစေ စာဖတ်သူလေးက သူတစ်ပါးအတွက် တစ်ထောင့် တစ်နေရာကနေ အားဖြစ်ပေးခဲ့တာပါပဲ။
(၈) ပထမဆုံးတွေးမိတဲ့ အကြံအတိုင်းလုပ်ပါ။
မရေရာမသေချာမှုတွေနဲ့ စိတ်ရှုပ်နေမယ့်အစား လုပ်ချင်တဲ့အရာကို စိတ်ကူးယဉ်ထားတဲ့ ပထမဆုံး တွေးမိတဲ့အကြံအတိုင်းလိုက်လုပ်တာက ပိုကောင်းပါတယ်။ တစ်ခုခုကိုလုပ်ချင်နေတယ်ဆိုရင် စာဖတ်သူလေးလုပ်ချင်ရတဲ့ အကြောင်းနဲ့ ဘယ်လိုလုပ်ရင်တော့ ဖြစ်နိုင်တယ်ဆိုပြီး တွေးမိလို့စခဲ့တာမဟုတ်လား။ အဲဒါကြောင့် စာဖတ်သူလေးလုပ်မယ်လို့ ပထမဆုံးတွေးမိတဲ့အကြံအတိုင်း လုပ်လိုက်ပါ။ အောင်မြင်သည်ဖြစ်စေ၊ အလုပ်မဖြစ်ခဲ့သည်ဖြစ်စေ ဒါတွေက အရေးမကြီးပါဘူး။ ဘဝဆိုတာ ရပ်တန့်နေတဲ့အရာမဟုတ်တော့ ဒီတစ် ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုဆီကို ဆက်သွားလိုက်ရုံပဲပေါ့။
(၉) စာရွက်ပေါ်မှာ ချရေးလိုက်ပါ။
စိတ်ထဲမှာ ဘာတွေပဲဖြစ်နေဖြစ်နေ၊ ဘာတွေပဲ ခံစားရ ခံစားရ စာရွက်ပေါ်သာချရေးလိုက်ပါ။ ဒီနည်းက စိတ်ရှင်းလင်းဖို့ နည်းလမ်းများစွာထဲက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စာဖတ်သူလေးရဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေနဲ့ လုပ်မယ့်အရာတွေကို ချရေးလိုက်မှသာ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်နဲ့ မြင်ကွင်းရှင်းပြီး ရှေ့ဆက်သွားလို့ရမှာပါ။ လုပ်စရာတွေကို ဒီနေ့ချက်ချင်းမစနိုင်သေးရင်တောင် ရေးထားတဲ့စာရွက်အတိုင်း နောက်နေ့တွေမှာ ဆက်လုပ်သွားလို့ရပါတယ်။ ဘာလုပ်ရမှန်းမသိသေးတဲ့အချိန်တွေမှာသာအလုပ်ကမပြီးတာပါ၊ လမ်းကြောင်းကိုမြင်သွားရင်တော့ မရပ်မနားဘဲ စိတ်ရှိတိုင်းပြေးလို့ရပါပြီ။
(၁ဝ) ရှာဖွေလေလေ တွေ့ရှိလေလေပါ။
စာဖတ်သူလေးက ကမ္ဘာဦးလူသားတစ်ယောက်မဟုတ်တဲ့အတွက် ကြုံလာတဲ့ကိစ္စတွေ ဒါမှမဟုတ် ပြဿနာတွေရဲ့ ဖြေရှင်းပုံနည်း တချို့ကို Google ကနေတစ်ဆင့် ရှာတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ လူရယ်လို့ဖြစ်လာကတည်းက လောကဓံအမျိုးမျိုးကို မတူတဲ့ ပုံစံတွေနဲ့ ရင်ဆိုင်နေရသူတွေချည်းပါပဲ။ ဒါကြောင့် ဘာတွေပဲဖြစ်ဖြစ် ကိုယ့်မှာမှ လာကြုံနေရတာမဟုတ်လို့ တစ်ပါးသူတွေရဲ့ အခက်အခဲတွေ၊ ရင်ဆိုင်ခဲ့ရပုံတွေကို လေ့လာမှတ်သားပြီး ကိုယ်ရဲ့ အခက်အခဲတွေကို ကျော်ဖြတ်လိုက်ပါ။
နွေဦးအက္ခရာ ( May 1, 2024 . 7:40 PM )
Keep Reading