Sam Myu Ter
ကျွန်တော်တို့ဘဝမှာ လူသုံးဦးနဲ့ မေတ္တာမျှလေ့ရှိကြတယ်တဲ့။
ပထမဆုံးလူကတော့ ငယ်ချစ်ဦးပေါ့။
ပထမဆုံးအချစ်မို့ ကဗျာဆန်တယ် ရိုးရှင်းတယ်
အထိအရှမခံဘဲ အစွဲအလန်းလည်း ကြီးကြတယ်ပေါ့။
အသက်အရွယ်တစ်ခုမှ အကြောင်းကိစ္စမျိုးစုံကြောင့် စွန့်လွတ်ရတတ်တဲ့ ချစ်ခြင်းမျိုးပါပဲ။ တကယ်အချစ်စစ် ဖြစ်နေနိုင်တာမျိုးလည်း
ရှိကြမှာပေါ့။ အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးဆိုတဲ့ စကားက
အပိုစကားတော့ ဟုတ်မယ်မထင်ဘူး။ ခုချိန်ပြန်တွေ့ရင်တောင် ရင်ခုန်သံတွေ ငယ်မူပြန်တတ်တုန်းပေါ့ ..။
ဒုတိယအကြိမ် ချစ်မိတဲ့အခါမှာတော့
ကိုယ်ကချည်းနာကျင်ရမလား သူနဲ့ကိုယ် အပြန်အလှန်ပဲလား
ညှိရခက် နှိုင်းရခက် အခြေအနေမှာ တစ်ယောက်အဆင်ပြေရင်
တစ်ယောက်က မပြေပဲ တစ်ဖက်သတ် ပေးဆပ်ရတာမျိုး ပြောင်းလဲမှုတွေ ကြုံတွေ့ရတတ်တယ်။သင်ယူစရာတွေ အများကြီးရှိသေးတယ်ဆိုတာလည်း ဒီအချစ်မှာ တွေ့ခဲ့ရတယ် ။ အချစ်ကိုလည်း ကောင်းကောင်းကြီး သဘောပေါက်လာခဲ့တော့ ဒီအချစ်က အနာကျင်ရဆုံးနဲ့ သင်ခန်းစာအရဆုံး ပေါ့။
နာကျင်ရင်းနဲ့ စွန့်လွှတ်ခဲ့ကြတယ်..။
ကျွန်တော်တို့ နာကျင်ခဲ့ပြီးတဲ့အခါမှာတော့ အချစ်ကိုမရှာဖွေတော့ပါဘူး။ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းတယ် ။ ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ရှောင်နိုင်ချိန် ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ် အသေအချာအဆုံးအဖြတ် ချနိုင်လာတဲ့အချိန် အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ဆီ ကျွန်တော်တို့ကိုယ်တိုင်သတိမထားမိဘဲ လူသားတစ်ဦး ဝင်လာလိမ့်မယ်။ အဲ့ဒီလူက ကျွန်တော်တို့ရဲ့ တတိယအချစ် တနည်းအားဖြင့် နောက်ဆုံး အချစ် ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ဖြစ်တည်မှုကို တန်ဖိုးအထားတတ်ဆုံး ကျွန်တော်တို့ကိုနားလည်မှု အပေးနိုင်ဆုံး လူသားတစ်ဦး ပေါ့။
အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ဒီအချစ်တွေအပေါ်မှာ ပျော်စ ပြုလာပြီး နောက်ကျသွားလည်း ဒီလူကို ရလိုက်တာ ကံကောင်းလိုက်တာ ဆိုတဲ့ စိတ်ခံစားမှုမျိုးတွေ ရရှိလာခဲ့တဲ့အခါ
ဒီလူက ကျွန်တော်တို့ အလိုအပ်ဆုံးလူဖြစ်ပီး ကျွန်တော်တို့ကိုလည်း
အလိုအပ်ဆုံးဖြစ်နေပါလိမ့်မယ်။
ဒီလူနဲ့ပဲ အဆုံးသတ် လက်တွဲသွားရင်တော့ ကျွန်တော်တို့တွေ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရနေလောက်ပါပီ။ ထူးဆန်းစွာနဲ့ တစ်ခါတစ်လေမှာ နောက်ဆုံးလူက ပထမလူနဲ့ ဒုတိယလူ ထဲကလည်း ပြန်ဖြစ်ကောင်းဖြစ်နိုင်ကြပါတယ်တဲ့...။(Tiktok မှတွေ့သောစာသားအား ပြန်ချုံ့ ကိုကားရေးထားခြင်း ဖြစ်သည့်အတွက် မူရင်းပိုင်ရှင်အား လေးစားစွာ credit ပေးပါသည်)
ကို့ အတွက်တော့ ပထမလူနဲ့ ဒုတိယလူ နှစ်ဦးစလုံးဟာ
ပြန်မဖြစ်နိုင်တော့ပါဘူး ။ ပထမဆုံးလူကိုတော့ ပြန်မျှော်လင့်မိတာ လူတိုင်းရဲ့ ဆန္ဒ ထင်ပါရဲ့။
ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း စတဲ့
ဆင်းရဲဒုက္ခတွေရဲ့ အစ ဟာ အချစ်တဲ့...။
ပင်ပန်းလိုက်တာကွယ် ...
ဘယ်လောက်ထိ ချစ်တတ်သလဲမေးရင်တောင်
စွန့်လွှတ်နိုင်တဲ့အထိ ချစ်တတ်ပါတယ် လို့ပြန်ဖြေမိလိမ့်မယ် ။
ကိုယ့်ဘယ်ဘက်ပါးပြင်ပေါ် ရေးရေးလေးပေါက်နေတဲ့
မှဲ့နက်လေးတစ်လုံးရဲ့ အဓိပ္ပာယ်က အထီးကျန်ခြင်း ကို
ကိုယ်စားပြုသတဲ့ကွယ်...။
#ဆမ်မြူတာ (14.1.2024)
Photo from Pinterest
Keep Reading