Author's Profile Photo

Sam Myu Ter

29/04/2024

Dear my Grandmother

2 mins read
Art
18 Again
Dear my Grandmother's photo

ထိကရုံးပင်လေးတွေမြင်တော့ တစ်ခုသော သတိတရ
ရှိမိတာက "အမေကြီး" တဲ့။
တစ်ခုသော ညနေခင်းမှာ ရွာနောက်ပိုင်းက ပြန်လာတဲ့
မေကြီးက အိမ်မှာဘယ်သူမှမရှိလို့ စိတ်ကောက်နေတဲ့ ကိုယ့်ကိုလာချော့ခေါ်လေတယ်။ "မြေးလေးရေ လာ လာ အမေကြီးနဲ့ ရွာလည်ကန်ဘောင်သွားမယ် လိုက်ခဲ့" တဲ့။ ဘာမှန်းမသိ လိုက်သွားတဲ့ ကိုယ်ဟာ ကန်ဘောင်ဝန်းကျင်မှာ ပေါက်နေတဲ့ ထိကရုံးပင်လေးတွေ မြင်တော့ ဝမ်းသာအားရနဲ့ ခြေထောက်တွေနဲ့ ပြေးကန်တာ ။ ထိကရုံးပင်လေးတွေကို ထိလိုက်ရင် သူ့အရွက်လေးကို သိမ်းသိမ်းသွားတတ်တာကို သဘောကျတတ်တာကိုး။ အမေကြီးက မြေးလေးအာ့လိုမလုပ်နဲ့ မေကြီးလုပ်သလိုလိုက်လုပ် ဆိုပြီး ထိကရုံးပင်လေးကို
"သားတို့ သမီးတို့အိပ်ကြအိပ်ကြ"ဆိုပီး ချော့သိပ်ပြတယ်။
ဘယ်ပြောကောင်းမလဲနော့ အမေကြီးလုပ်သလို ထိကရုံးပင်‌လေးတွေကို ချော့သိပ်တော့တာပေါ့။
ပုဇွန်ဆီရောင် သန်းနေတဲ့ ညနေဆည်းဆာတစ်ခုမှာ ရွာလယ်ကန်ဘောင်ဘေး ထိကရုံးပင် ချော့သိပ်နေတဲ့ မြေးအဖွားနှစ်ယောက်ရယ် ၊အလေ့ကျပေါက်နေတဲ့ တောပန်းလေးတွေနဲ့အပြိုင် ချောင်းစပ်ဘေးကနေ ဖြတ်တိုက်လာတဲ့ လေပွေရိုင်းလေးတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ သိပ်ကို ကြည်နူးဖို့ ကောင်းခဲ့လေရဲ့..။

အမေကြီး မြေး တွေထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင်
ငါ့မြေးလေး အချစ်ဆုံးပါ အမြဲဖြေခဲ့တဲ့သူက မြေးတွေအားလုံးကို မေတ္တာတွေတစ်သားထဲ ပေးခဲ့လေတာ။ မောင်နှမ‌တစ်တွေရဲ့ ငယ်ဘဝအမှတ်တရများစွာမှာ အမေကြီးမေတ္တာနဲ့ နွေးထွေးမှုအပြည့်။
ကိုယ့်ကိုတော့ သူ့ယောက်ျားဝင်စားပါတယ်ဆိုပီး ပိုပိုကဲကဲ ဖြစ်ခဲ့တာတော့ ပီတိဖြာစေတဲ့ တစ်ခုပေါ့။ တစ်ခါတစ်လေ ကိုယ့်ကိုခေါ်တာ
"ယောက်ျားကြီး" တဲ့ ကိုယ်ကလည်း ပြန်ခေါ်တာ "မိန်းမကြီးရေ" လို့။
အမေကြီးအိမ်နဲ့ ကိုယ့်အိမ်က ချောင်းခြားတော့ ကျောင်းပိတ်ရက်တွေကျမှ သွားလည်ခဲ့ရတာ။ မြေး ရောက်ပီဆိုတာနဲ့ အနောက်ပိုင်းဈေးဆိုင် အပြေးသွား ဘာမီတွန် ငါးဆယ်ဖိုး (အဲ့ခေတ်က ငါးဆယ်ဖို့ အပြားနှစ်ဆယ်‌တောင်ရ) ဝယ်လာ ညဘက်ကိုယ်နားခေါင်းပိတ်ရင် ထတိုက်ဖို့ တစ်ခါထဲစီစဉ်ထားတာ။ ကိုယ်ခပ်ငယ်ငယ်က နေမကောင်းပီဆို ဖုန်းတောင်မပေါ်သေးတဲ့ခေတ်မှာ ဖုန်းမလိုခဲ့ဘူး ချက်ချင်းသိပီး
ရောက်ရောက်လာတာ။ အိမ်မက်ထဲမှာ သူ့ယောကျာ်း အဘကနေ နေမကောင်းဘူးဆိုပီး အိမ်မက်ပေးလို့ တဲ့။ တစ်ခါတစ်လေ ကိုယ်က စိတ်ကောက်လိုက် အရွဲ့တိုက်လိုက် ရွတ်လိုက်လုပ်ရင် အဆူခံရပီမှတ်တာ မဆူပဲ သူ့ယောက်ျားနဲ့ တူလို့ပါဆို ပိုပီးချစ်ပြသေးတာ။
တစ်ခါတစ်လေအိမ်ကိုဧည့်သည်လာလို့ရင် ကို့ကိုပစ်ထားပါတယ်ဆိုပီး စိတ်ကောက်ပီး နှုတ်ခမ်းကြီးဆူနေရင် ဧည့်သည်ပြန်တာနဲ့ ပြေးဖက်ပီး ငါ့ယောက်ျားကြီးနဲ့တူလိုက်တာဆိုပီး သဘောကျနေခဲ့တာ..။
ကိုယ် ၆ တန်းနှစ် ကျုရှင်နဲ့ ကျောင်းနဲ့ပဲ မအားနေချိန် အမေကြီးဆီမသွားဖြစ်တာကြာနေတဲ့ကာလတစ်ခုမှာပေါ့။ ကိုယ့်သူငယ်ချင်းအုပ်စုလိုက် ကျောင်းပြန်သွားတဲ့အချိန်မှာ အဲ့ဒီထဲကတစ်ယောက်ကို ငါ့မြေးလေးကိုလွမ်းနေတာဆိုပီး လူမှားပီး ပြေးဖက်ခဲ့တယ်တဲ့။ ပြန်ပြောကြတယ် သွန်းဆက်ညို နင့်မေကြီးက နင့်ကို တော်တော်ချစ်တာလားတဲ့။
အင်း တော်တော် ချစ်တာလို့ ...။

အမေကြီး က ကိုမှ သဲပြခဲ့တာမဟုတ်ပါဘူး ကိုတွေမောင်နှမအားလုံးအပေါ်ကို သဲခဲ့တာ။ ကို့ အကိုအမတွေက မိဘတွေက အလုပ်လုပ်နေတော့ သူတို့ကို မေကြီးနဲ့ထား ကျောင်းတက်ခိုင်းထားတာ။ဘွားအေနဲ့နေရလို့ မြေးတွေကို နှစ်ပီး စည်းကမ်းပျက်မယ် မထင်လိုက်နဲ့။ မနက်ဖက်နိုးတာနဲ့ ထမင်းအိုးတည်တဲ့သူတစ်ယောက်၊ သောက်ရေအိုးရေဖြည့် ခွက်တွေတိုက်‌ချွတ်ဆေးကြောပီး ပြောင်လက်နေအောင်ထားရတာ တစ်ယောက် သူ့အလုပ်သူ တာဝန်ကိုယ်စီနဲ့ ။
မောင်နှမတစ်တွေထမင်းစားရင် ဘေးမှာအမေကြီးက တုတ်တစ်ချောင်းနဲ့ ထိုင်စောင့် ၊ ထမင်းစားရင် စကားမပြောရဘူး ထမင်းတစ်စိအောက်မကျရဘူး၊ ထမင်းပန်းကန်ရဲ့ နှုတ်ခမ်းပန်းနား တွေ ထမင်းလုံးမတင်ရ သပ်စားရမယ် ဆိုပီး ဘေးကနေတောက်လျောက် ရေပန်းကရားလိုလွှတ်တာ။ ညဘက် အိပ်ချိန်ရောက်ရင် အိမ်ရှေ့ခန်းမှာ မိသားစုခြင်ထောင်ကြီး‌ကိုထောင် ကြီးစဉ်ငယ်လိုက် မောင်နှမ‌တစ်တွေစီပီး အိပ်ခဲ့ရတာ အမှတ်တရပေါ့ ။ မောင်နှမတစ်တွေရဲ့ ငယ်ဘဝမှာ "မိသားစုခြင်ထောင်"လို့ ပြောလိုက်ရင် သိပ်ကို နွေးထွေးခဲ့တဲ့အမှတ်တရ ၊"အမေကြီးရဲ့ မေတ္တာခြင်ထောင်"မှန်း ကိုမပြောလည်း ကျန်သူများ သိနိုင်မယ်ထင်ပါရဲ့။ ခုများတော့ မေတ္တာ ခြင်ထောင်ကြီးကို တစ်စုံတစ်ဦးက ထိန်းသိမ်းပီး သိမ်းထားလိုက်တယ် မဟုတ်လား..။

ကိုယ်စီကိုယ်စီ ကျောင်းတက်ကြနဲ့ တဖြည်းဖြည်း ကြီးလာလိုက်တာဇရာထောင်းသွားတဲ့ အမေကြီး ကတော့ ကိုယ် ကိုးတန်းနှစ်မှာအားလုံးကို အပြီးအပိုင်နှုတ်ဆက်သွားခဲ့လေတယ်။နောက်ဆံတင်းစရာမရှိခဲ့လို့နဲ့တူပါရဲ့ သေတာတောင် မျက်နှာလေးက ပြုံးယောင်သန်းနေလေတယ်။ အမေကြီးရဲ့ အချစ်ဆုံးလေး ကိုယ် အမေကြီးသေတော့ မျက်ရည်တစ်စက်မကျခဲ့ပါဘူး။ ပြုံးယောင်သန်းနေတဲ့မျက်နှာလေးကို မြင်ပီး ငိုစရာမျက်ရည်မထွက်ဖြစ်ခဲ့တာ။
ဒါပေမယ့် တစ်ကြိမ်တစ်ခါမှာ သည်းသည်းထန်ထန်ငိုကြွေးခဲ့ပါတယ်။ရွာထဲကဆော့ပီး အိမ်ကိုပြန်လာတဲ့ ကိုယ်ဟာ ဘုရားကျောင်းဘေးက ကျုံးဘေးက ဖြတ်အပြန် ၊ ယောဂီထမီတွေ လှန်းထားတာမြင်ပီး အမေကြီး တကယ်မရှိတော့ပါလား တရားစခန်းဝင်နေကြ အမေကြီးဆီမသွားရတော့ပါလား ဆိုပီး အိမ်မက်ကလန့်နိုးသလို စိတ်ခံစားချက်နဲ့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့မိတာ။
ခုထက်ထိ နေမကောင်းဖြစ်ရင် အမေကြီးကို သတိရတုန်းပဲ ။
ဆယ်တန်းနှစ် ကျောင်းတက်တုန်းက ကျောင်းဆောင်မှာနေတဲ့ကိုယ်ကနေမကောင်းဖြစ်တော့ အဆောင်ထဲမှာ တစ်ယောက်ထဲခြင်ထောင်လေးထဲဝင် မှိန်းနေတဲ့အချိန် ကို့ဘေးမှာ အမေကြီးက ထိုင်ကြည့်နေခဲ့လေတယ်။ နဖူးပေါ်လက်လေးတင်ပီး ကိုယ်ပူစမ်းသွားတဲ့ ခံစားချက်လေးကို သတိတရရှိနေတုန်း ။
နေမကောင်းဖြစ်ရင် ပေခံပီး ခြင်ထောင်ထဲဝင် ကျိတ်ခံတဲ့ကိုယ်ကအမေကြီးရဲ့ ပြုစုယုယမှုတွေကို သိပ်လိုချင် တုန်းပါပဲလို့...။


" သိပ်ကို လွမ်းမိပါတယ် မိန်းမကြီးရယ်
ကောင်းရာဘုံဘဝမှာ ရောက်‌ရှိနေပါစေလို့ အမြဲဆုတောင်းလျက်"

တစ်ချိန်က မင်းရဲ့ ယောက်ျားကြီး....။??

#ဆမ်မြူတာ (25.2.2024)

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်