SarPhat Author
ဘောင်ခတ်ခြင်းဆိုတဲ့ ဝေါဟာရစကားလုံးကို အားလုံးပဲ ကြားဖူးကြမှာပါ။ ကျွန်မအတွက်တော့ ဘောင်ခတ်ခြင်းဆိုတဲ့ စကားလုံးလေးကို ကြားတာနဲ့ မျက်လုံးထဲ ပထမဦးဆုံး ပြေးမြင်မိတာဟာ ခြံစည်းရိုးပါပဲ။ ဒီတော့ ခြံစည်းရိုးဆိုတဲ့ အရာလေးနဲ့ပဲ နှိုင်းယှဉ်ပြီး ကြည့်ကြပါမယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ... ခြံစည်းရိုးခတ်တယ်ဆိုတာဟာ မိမိပိုင်နက်ဧရိယာတစ်ခု သတ်မှတ်ပြီး ဒီဧရိယာကို ကျော်မသွားအောင် အဟန့်အတားအနေနဲ့ ထားထားတဲ့ ဘောင်လေးတစ်ခုပါပဲ။ ကျွန်မကိုယ်တိုင်လည်း ဘောင်ဆိုတာ ရှိသင့်တဲ့အရာ တစ်ခုလို့ ယူဆမိပါတယ်...
ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေမှာ ဘောင်ခတ်ခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေ လည်း ရှိနေတတ်ပြန်တယ်။ လတ်တလော ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရဖန်များလာလို့ သတိပြုမိတဲ့ ဘောင်ခတ်ခြင်းတွေကတော့....
ကျွန်မရဲ့အသိထဲက တချို့မိခင်တွေက ကလေးတွေကို ကျောင်းစာတွေ ကျက်ဖို့ ဆုံးမတဲ့အခါ
“မောင်မောင်ကတော့ အမှတ် ၈၀ တောင် ရတယ်၊ မင်းက ၆၀ မှတ်ပဲ ရတယ်၊ မင်းဘာလို့ သူ့လောက် မတော်ရတာလဲ၊ မကြိုးစားရတာလဲ”
ဒါ့အပြင် တချို့သူငယ်ချင်းတွေရဲ့ သူတို့လုပ်ငန်းခွင်အကြောင်း ပြန်လည်ရင်ဖွင့်သံတွေမှာလည်း
“သူက ငါ့ထက် တစ်ဆင့်မြင့်တဲ့ရာထူးယူထားတာ သူတောင် ဒီလောက် level အထိပဲ လုပ်နိုင်တယ်ဆို ငါက သူ့လောက်တောင်မှ ရာထူးမရှိတာ ဒါတွေ မလုပ်တတ်လည်း ကိစ္စမရှိဘူးလေ... တန်သလောက်ပဲရမှာပေါ့... လစာနည်းနည်းပဲပေးထားတာ ဒါတွေကအစ အကုန်လုပ်တတ်နေရမှာလား” စသဖြင့်ပေါ့....
ကလေးကို ပညာရေးမှာ ထူးချွန်စေချင်လို့ ဆုံးမတဲ့ မိခင်မေတ္တာကို နားလည်ပေမယ့် ဆုံးမပုံလေး အနည်းငယ်လွဲနေတယ်လို့ ထင်မိပါတယ်... မောင်မောင်က အမှတ် ၈၀ ရလို့ မောင်မောင်နဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ မိမိကလေးကို အမှတ် ၈၀ ဆိုတာနဲ့ ဘောင်ခတ်လိုက်တာပါပဲ အမှတ် ၈၀ ဆိုတာ သူ့အတွက် အမြင့်ဆုံးဘောင်လိုမျိုးဖြစ်သွားပါတယ်အမှတ် ၁၀၀ အထိ ရအောင် ကြိုးစားဖို့ အခွင့်အရေးရှိပေမယ့် ဒီလိုနှိုင်းယှဉ်ပြီး ဘောင်ခတ်လိုက်တဲ့အခါ ဒီကလေးရဲ့ ဦးနှောက်ထဲမှာ
“မောင်မောင် မလုပ်နိုင်ရင် ငါလည်း မလုပ်နိုင်ဘူး...မောင်မောင်စာမေးပွဲကျရင် ငါလည်းကျလို့ရတယ်” ဆိုတာမျိုးအထိ အတွေးတွေပါ ဝင်သွားစေနိုင် တာမျိုးပါ။ လုပ်ငန်းခွင်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိကိုယ်ကို တခြားလူ တစ်ယောက်နဲ့ နှိုင်းယှဉ်ဘောင်ခတ်ပြီး ကိုယ့်အရည်အချင်းတွေ အောင်မြင်ချင်စိတ်တွေကို ဘောင်ခတ်လိုက်ခြင်းမျိုးတွေပေါ့။ ကိုယ့်ရဲ့ အောင်မြင်မှုတွေအတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ ကြိုးစားချင်စိတ်၊ အလုပ်လုပ်ချင်စိတ်တွေကို ဘောင်ခတ်မထားဖို့ လိုပါတယ်။
ဘောင်ခတ်ခြင်းမှာ ဆိုးကျိုးတွေရှိသလို ဘောင်မရှိလို့မဖြစ်တဲ့ အရာမျိုးတွေလည်း ရှိနေပြန်သေးပါတယ်။ ခြံစည်းရိုးလေးကအစ နေ့စဉ်လူနေမှု ပတ်ဝန်းကျင်မှာ စောင့်ထိန်းသင့်တဲ့ လူကျင့်ဝတ်တွေနဲ့ ဘောင်တွေကတော့ မရှိမဖြစ် ခတ်ထားသင့်တဲ့ ဘောင်တွေပါပဲ...
ဒီတော့ မှန်ကန်သော ဘောင်ခတ်ခြင်းများနဲ့အတူ အောင်မြင်မှုများဆီ ရောက်ရှိနိုင်ကြပါစေ။
Keep Reading