အက္ခရာ - Haruki
ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ လူငယ်တွေကိုလမ်းမှားရောက်အောင် တွန်းပို့ပေးသွားတဲ့ အရာတစ်ခုကိုဖတ်မိလိုက်ပါတယ်။ အဲ့တာကတော့ စေတနာပါပဲ။
ကျွန်တော်တို့ လူငယ်တွေမှာ အရာရာကို စမ်းသင့်ချင်ကျတဲ့ အကျင့်လေးတွေရှိပါတယ်။ ဒီအကျင့်က ကျွန်တော်တို့လူငယ်တွေအတွက် စိန်ခေါ်မှုတစ်ခုလို့ ဆိုရမယ်ထင်တယ်။
လူငယ်တွေလမ်းမှန်ရောက်ဖို့ဆိုရင်-
၁။ မိဘအရည်အသွေးပြည့်မီရမယ်။
၂။ ဆရာအရည်အသွေးပြည့်မီရမယ်။
၃။ ပတ်ဝန်းကျင်အရည်အသွေးပြည့်မီရမယ်။
တကယ်ကိုလူငယ်တွေအတွက် လမ်းမှန်ကိုရောက်ဖို့ဆိုတာ စိန်ခေါ်မှုပါ။ ဘာကြောင့်လဲဆိုတော့ လမ်းလွဲ၊ လမ်းမှားရောက်ဖို့က ပိုများနေလို့ပါ။ ကျွန်တော်တို့ လူငယ်ဘဝကိုဖြတ်သန်းရာမှာ အတောင်စုံတဲ့ငှက်ကလေးတွေပျံသန်းသလိုပဲ ပစ်ချမယ့် မုဆိုးတွေရဲ့ ထောင်ခြောက်က များနေတယ်။
အစာထဲကို အဆိပ်ခတ်တာမျိုး၊ မှိုင်းတိုက်တာမျိုး၊ လေးခွနဲ့ပစ်ခံရတာမျိုးတွေနဲ့ အင်မတန်မှ အန္တရယ်များလှပါတယ်။ ဒီအန္တရယ်ကနေ လွတ်မြောက်သွားတဲ့ အရေအတွက်ကလည်း လက်ချိုးရေလို့ရပါတယ်။
ကျွန်တော်တို့ လူငယ်တွေ
လမ်းကောင်းလမ်းမှန်ရောက်ဖို့ဆိုတဲ့နေရာမှာ အများအပြားပြောလေ့ပြောထရှိတဲ့ စေတနာဆိုတဲ့စကားရပ်က တစ်ခါတစ်ရံမှာ အနှောင့်အယှက်တော်တော်ဖြစ်ပါတယ်။ စေတနာနဲ့ပေးတာ၊ စေတနာနဲ့ကျွေးတာ၊ စေတနာနဲ့လုပ်တာ၊ စေတနာနဲ့သင်တာ၊ စေတနာနဲ့အကြံပေးတာ စသဖြင့် စေတနာဆိုတာကြီးကို ရှေ့ကခံထားတဲ့အတွက် တစ်ဖက်လူက ငြင်းရခက်သွားရပါတယ်။
မြန်မာစကားပုံတောင်ရှိလိုက်ပါသေးတယ်။ "စေတနာနဲ့ကျွေးတာပဲ သေဆေးတောင်စား"တဲ့။ စေတနာဆိုတာ စကားရပ်မဖြစ်သာ ထားသင့်ပါတယ်။ အဓိကကတော့ ပုဂ္ဂိုလ်ပါပဲ။
ပုဂ္ဂိုလ်က အရည်အသွေးပြည့်မီမှုမရှိဘဲ စေတနာလို့ပြောပြီး နည်းမှား၊ လမ်းမှားတွေကို ချပေးတယ်ဆိုရင် ကျွန်တော်တို့လူငယ်တွေအနေနဲ့ စေတနာကြောင့်ပဲ လမ်းလွဲရမှာပါ။
တချို့က စေတနာအမှားဆိုတာမျိုး ရှိလိုက်သေးတယ်။
အမှန်က လူသာလျှင်အဓိက၊ စေတနာဆိုတာ အဲ့ဒီလူကပြောတာပဲ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူက စေတနာနဲ့ပါဆိုပြီး မူးယစ်ဆေးဝါးစမ်းသုံးခိုင်းမယ်၊ မိန်းကလေးတွေဆိုရင် လက်ဆောင်ပစ္စည်းတွေ၊ ငွေတွေပေးပြီး ဆွဲဆောင်ဖြားယောင်းမယ်။
ဒါကို ကျွန်တော်တို့လူငယ်တွေက လက်ခံမိရင် လမ်းလွဲသွားပါပြီ။ ဒုက္ခရောက်ပါပြီခင်ဗျာ။ ဒါကြောင့် လူကြီးတွေကို စေတနာလေးတွေ မမှားစေလို၊ လူငယ်တွေကိုလည်း စေတနာအမှားတွေကို လက်မခံစေလိုပါ။
ᏂᏗᏒᏬᏦᎥ ( April 26, 2024 . 4:45 PM )
Keep Reading