Author's Profile Photo

WHY:ဘာကြောင့်လဲ

25/04/2024

ပုစဉ်းရင်ကွဲ အကြောင်းစပ်မိစပ်ရာ

1 min read
Health
Education
General Knowledge
ပုစဉ်းရင်ကွဲ အကြောင်းစပ်မိစပ်ရာ's photo

ပုစဉ်းရင်ကွဲ တွေကို အန္တာတိကနဲ့ အာတိတ်ဒေသက လွဲရင် ကမ္ဘာအနှံ့မှာ တွေရပါတယ်။ သူတို့ရဲ့ စူးရှကျယ်လောင်တဲ့ အော်သံကြောင့် မသိသူမရှိလောက်အောင် လူတိုင်းနဲ့ ရင်းနှီးတဲ့ အင်းဆက်မျိုးစိတ် တစ်ခုပါ။
မျိုးစိတ်ခွဲပေါင်း ၃၀၀၀ ကျော်ရှိတဲ့ ပုစဉ်းရင်ကွဲတွေမှာ အထီးတွေကဘဲ အသံထွက်နိုင်ကြပါတယ်။ ပုစဉ်းရင်ကွဲ အထီးကောင်တွေက သူတို့ရဲ့ အသံအိုး(tymbals) ကိုတုန်ခါပြီးတော့ အသံထုတ်လွှတ်ကြပါတယ်။ ဒါပေမယ့် အမကောင်တွေမှာကတော့ အသံအိုး(tymbals) ပါမလာပါဘူး။
ပုစဉ်းရင်ကွဲ အထီးတွေက -
(၁) ရာသီဥတုသာတယ် ဆိုတဲ့အကြောင်းကို တစ် ကောင်နဲ့ တစ်ကောင် ဆက်သွယ်ပြောဆိုဖို့၊
(၂) ပုစဉ်းရင်ကွဲအမတွေ နဲ့မိတ်လိုက်ဖို့အတွက် စွဲဆောင်ဖို့၊
(၃) အန္တရာယ် တစ်စုံတစ်ရာကျရောက် လာတဲ့အခါ အသိပေးဖို့ အတွက်အော်သံပေးကြပါတယ်။
သူတို့တွေ မိတ်လိုက်ပြီးတဲ့ အခါမှာ အမတွေက 'ဥ' တွေကို ‌သစ်ခေါက်တွေကြားထဲမှာ ဥချထားခဲ့ ပါတယ်။ အဲ့ဒီ 'ဥ' တွေက ၆ ပတ် ကနေ ၁၀ ပတ် အတွင်း သားလောင်း(nymph)လေးတွေ ပေါက်လာပါတယ်။ ပေါက်လာတဲ့ သားလောင်းလေးတွေကလည်း သစ်ပင်ကနေ မြေကြီးထဲကိုဝင်သွားပြီး မြေအောက်မှာဘဲ ၂နှစ်ကနေ ၁၇နှစ် လောက်အထိ နေထိုင်ကြီးထွားကြပါတယ်။ မြေအောက်မှာ နေထိုင်တဲ့အချိန်တွေကတော့ မျိုးစိတ်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။
မြေအောက်မှာ နေထိုင်နေစဉ်အတွင်း သူတို့က သစ်ပင်အမြစ်ရဲ့ အရည်တွေကို မှီဝဲစားသောက်ကြပါတယ်။ ဖွံ့ဖြိုးပြီး ပုစဉ်းရင်ကွဲတွေကလည်း အပင်အခေါက်‌တွေရဲ့ အရည်တွေကိုသာ စုပ်ယူစားသောက်ကြတာပါ။
မြေအောက်ထဲမှာ နေထိုင်ပြီးသွားလို့ ဖွံ့ဖြိုးဖို့ အသင့် ဖြစ်ပြီဆိုရင် သူတို့က မြေပြင်ပေါ်ကို တက်လာကြပြီးတော့ သစ်ပင်တွေပေါ်မှာ တွယ်ကပ်ကြပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ အပေါ်ယံအရေပြားကို ခွာချပြီး တောင်ပံတွေ မာကျောတဲ့ အထိစောင့်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ ပျံသန်းနိုင်တဲ့ ပုစဉ်းရင်ကွဲကောင်တွေဖြစ်သွားပါပြီ။ သူတို့က မျိုးပွားဖို့အတွက် ပတ်ဝန်းကျင်ထဲမှာ ၃၊၄ ပတ်လောက်အထိ အသက်ရှင်နေထိုင်ကြပြီး သေဆုံးသွားကြပါတယ်။ ဒါကတော့ ပုစဉ်းရင်ကွဲတွေရဲ့ ဘဝစက်ဝန်းပါ။
ပုစဉ်းရင်ကွဲမျိုးစိတ်ပေါင်း ၃၀၀၀ကျော် ရှိတယ်ဆိုပေမယ့် ယေဘုယျအားဖြင့်ကတော့ (၂)မျိုးခွဲခြားနိုင်ပါတယ်။
(၁) နှစ်တိုင်းထွက်တဲ့ ပုစဉ်းရင်ကွဲ(Annual cicadas)နဲ့
(၂) ကာလရှည်ကြာမှ ထွက်တဲ့ပုစဉ်းရင်ကွဲ (Periodical cicadas)

ကာလရှည်ကြာမှ ထွက်တဲ့ပုစဉ်းရင်ကွဲ (Periodical cicadas) တွေက ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံ တစ်ခုတည်းမှာဘဲ ရှိတာပါ။ ဒီပုစဉ်းရင်ကွဲတွေက ၁၃နှစ် ဒါမှမဟုတ် ၁၇နှစ် နေမှတစ်ခါ ပေါ်တာပါ။ 'ဥ' ဥချတဲ့အချိန်၊ ‌သားလောင်းပေါက်တဲ့အချိန်၊ အတောင်ပေါက်တဲ့ အချိန်အားလုံးက မျိုးစိတ်အလိုက်အားလုံး အတူတူပါဘဲ။
ယခု ၂၀၂၄ခုနှစ်မှာ ဒီပုစဉ်းရင်ကွဲမျိုးစိတ်ထွက်ပေါ်လာမှာဘဲ ဖြစ်ပါတယ်။ ပုစဉ်းရင်ကွဲတွေရဲ့ အော်သံက စူးရှတယ်ဆိုပေမယ့်လည်း အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ တချို့မျိုးစိတ်တွေကတော့ စီးချက်ဝါးချက်နဲ့ သံပြိုင်အသံထွက်နိုင်ကြပါတယ်။ ကမ္ဘာ့အသံကျယ်ဆုံး ပုစဉ်းရင်ကွဲမျိုးစိတ်ကတော့ အာဖရိကပုစဉ်းမျိုးစိတ်ပါ။ သူ့အော်သံရဲ့အကျယ်က ၁၀၇ ဒယ်ဆီဘယ်(107 dB) ရှိပါတယ်။ ဒီပမာဏက လက်မ၂၀ အကွာကနေ တိုင်းထားတဲ့ ပမာဏပါ။ လက်ကိုင်သစ်ဖြတ်စက် တစ်ခုရဲ့အသံက ၁၁၀ ဒယ်ဆီဘယ်(110dB) ရှိတယ် ဆိုတဲ့အတွက်ကြောင့် သူ့အသံရဲ့ ပြင်းအားကို ခန့်မှန်းနိုင်ပါလိမ့်မယ်။
ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ပုစဉ်းရင်ကွဲတွေကို မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံ အများစုမှာ စားသုံးကြပါတယ်။ ပုစဉ်းရင်ကွဲတွေက အသက်မရှည်ဘူးလို့ထင်ရပေမယ့် 'ဥ'၊ သားလောင်းဘဝ၊ အရွယ်‌ရောက်ပြီးဘဝ စတာတွေကိုပါထည့်တွက်မယ်ဆိုရင်တော့ သူက အသက်အရှည်ဆုံး အင်းဆက်မျိုးစိတ်ထဲက တစ်ခုဘဲဖြစ်ပါတယ်။

-ဘာကြောင့်လဲ(why?)

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံProgrammer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)