Author's Profile Photo

Nicolette

23/04/2024

စာကြည့်တိုက်မှူးတစ်ယောက်ရဲ့ တာဝန်

2 mins read
Life Style
Education
General Knowledge
စာကြည့်တိုက်မှူးတစ်ယောက်ရဲ့ တာဝန်'s photo

စာအုပ်စာပေတွေကို ချစ်မြတ်နိုးသူတွေအတွက် စာကြည့်တိုက်မှူးဆိုတဲ့ အလုပ်အကိုင်ဟာ တကယ်ကို အားကျရတဲ့ အလုပ်အကိုင်တစ်ခုပါ။


စာအုပ်တွေနဲ့ အတူတူ တစ်နေကုန်ရှိနေရပြီး စာဖတ်နေရမယ့်အလုပ်မျိုးကို စာဖတ်ဝါသနာပါသူတွေ ဘယ်သူမဆို လိုချင်ကြပါပဲ။


စက္ကူရနံ့တွေ သင်းပျံနေတဲ့ စာအုပ်တန်းတွေကြား တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားနေရမယ့်အပြင် စာကြည့်တိုက်မှူးမှာ တခြားတာဝန်တွေလဲ အများကြီးရှိပါသေးတယ်။


စာကြည့်တိုက်မှူးတွေက စာအုပ်တွေကို စာရေးဆ ရာနာမည်အလိုက်၊ ဒါမှမဟုတ် စာအုပ်အမျိုးအစားအလိုက် စနစ်တကျစီစဉ် ထိန်းသိမ်းရပါတယ်။


စာဖတ်သူတစ်ယောက်ယောက်က တောင်းဆိုတဲ့ စာအုပ်တွေကို စာကြည့်တိုက်ထဲမှာ ရှာဖွေပေးရပါတယ်။


စာအုပ်ရှာရာမှာ လွယ်ကူစေဖို့ စာအုပ်စာရင်းတွေ ၊ catalog (ကက်တလောဒ့်)တွေနဲ့ စာဖတ်မှတ်တမ်းတွေကိုလဲ ရေးသားပြုစုရပါတယ်။


ခေတ်စားနေတဲ့ စာအုပ်တွေ၊ social media ပေါ်မှာ လတ်တလော လူစိတ်ဝင်စားမှု များပြားနေတဲ့ စာအုပ်တွေကိုလဲ ရှာဖွေ စုဆောင်းရပါတယ်။


စာကြည့်တိုက်ထဲမှာ နဂိုရှိနေပြီးသား စာအုပ်တွေကို ပိုးမွှားနဲ့ အခြားသောအရာတွေကြောင့် ထိခိုက်ခြင်းမရှိအောင် အထူးဂရုပြုရပါတယ်။


ပျက်ဆီးတဲ့စာအုပ်တွေရှိနေရင်လဲ ဒီလိုစာအုပ်တွေကို စာဖတ်သူတွေလက်ထဲ မရောက်သွားအောင် ဖယ်ထားပြီး ပြန်လည်ပြုပြင်မှုတွေ လုပ်ရပါတယ်။


နှစ်ပေါင်းများစွာကတည်းက တည်ရှိနေတဲ့ ရှေးဟောင်းစာကြည့်တိုက်တွေမှာဆိုရင် ရှေးကတည်းရှိတဲ့ အဖိုးတန် သမိုင်းဝင် စာအုပ်တွေ ရှိတာကြောင့် ဒီလိုစာအုပ်တွေကို အထူးနည်းလမ်းတွေနဲ့ တာဝန်ယူထိန်းသိမ်းရပါတယ်။


တချို့စာကြည့်တိုက်တွေမှာဆိုရင် စာအုပ်တွေအပြင် တိတ်ခွေတွေ၊ ဓာတ်ပြားတွေနဲ့ ကွန်ပျူတာတွေပါ ထားထားပေးတာကြောင့် စာကြည့်တိုက်လာသူတွေရဲ့ လက်ထဲမှာ ဒါတွေ မပျက်ဆီး မဆုံး ရှုံးရအောင်လဲ လိုက်ကြည့်ရပါသေးတယ်။


စာကြည့်တိုက်ကို ရောက်လာပြီး ဘာစာအုပ်ဖတ်ရမှန်း မသိတဲ့သူတွေအတွက် သူတို့နဲ့ ကိုက်ညီမယ့် စာအုပ်မျိုးကိုလဲ ညွှန်းပေးဖို့အတွက် လေ့လာထားရပါတယ်။


စာအုပ်ဖတ်ပြီး နားမလည်လို့ လာမေးရင်လဲ စာအုပ်ထဲက အကြောင်းအရာတွေကို ရှင်းပြတတ်ရပါဦးမယ်။


အခုခေတ်မှာတော့ စာကြည့်တိုက်မှုးတွေဟာ စာပေတတ်မြောက်ရေးနဲ့ လူငယ်တွေ စာအုပ်ဖတ်ဖို့ အရေးပါတဲ့ နေရာမှာ ပါဝင်နေတာကြောင့် ဒီတာဝန်တွေကိုလဲ ကျေပွန်ရပါမယ်။


စာကြည့်တိုက်မှာ လူများများ စာအုပ်လာဖတ်ဖို့ ကြေငြာပေးရဦးမယ်။


ကျောင်း/တက္ကသိုလ်/ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စာကြည့်တိုက်မှူးဆိုရင်တော့ ကလေးတွေရဲ့ စာတန်းတွေအတွက် ကူညီပေးနိုင်တဲ့သူ၊ ပညာရေးအတွက် ဆွေးနွေးပေးနိုင်သူဖြစ်ရပါမယ်။


မြို့နယ် ဒါမှမဟုတ် ကုမ္ပဏီစာကြည့်တိုက်မှူးဆိုရင်တော့ အလုပ်အကိုင်နဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို အကျွမ်းတဝင်ရှိရပါဦးမယ်။


အလုပ်ရှာနေသူတွေအတွက် ကိုက်ညီမယ့်စာအုပ်တွေ ၊ အလုပ်ထဲက အခက်အခဲတွေအတွက် သင့်တော်မယ့် စာအုပ်တွေကို ညွှန်းပေးရမှာမို့လို့ပါ။


စာကြည့်တိုက်လာသူတွေကို အပြုံးလေးနဲ့ ဖော်ရွေရပါမယ်။ စာကြည့်တိုက်မှူးရဲ့ မျက်နှာပေးကို ကြောက်လို့ စာဖတ်သူတွေမလာတော့ရင် အဆင်မပြေနိုင်ပါဘူး။


စာအုပ်တွေကို စာကြည့်တိုက်မှာ ပြန်လာအပ်တဲ့အခါနဲ့ စာဖတ်သူတွေပြန်သွားတဲ့အခါမှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေကို သူ့နေရာသူ ပြန်ထားရမှာလဲ စာကြည့်တိုက်မှူးတွေပါပဲ။


စာကြည့်တိုက်ကြီးတစ်ခုလုံး လုံခြုံမှုရှိဖို့ ၊ စာဖတ်သူတွေ စာဖတ်နေရင်း ဘေးအန္တရာယ်တစ်ခုခုကြောင့် ထပြေးရတာမျိုးမဖြစ်အောင်လဲ စာကြည့်တိုက်မှူးက အတက်နိုင်ဆုံးကာကွယ်ပေးရပါတယ်။


စာကြည့်တိုက်ထဲကို စာအုပ်တွေ ထပ်ဖြည့်ဖို့နဲ့ တခြားငွေရေးကြေးရေး ကိစ္စရပ်တွေကိုလဲ စီမံရပါသေးတယ်။


ဒါတွေအားလုံးလုပ်လို့ လစာဘယ်လောက်ရလဲဆိုရင် စာကြည့်တိုက်မှူးခေါင်းဆောင်တစ်ယောက်ရဲ့ လစာက အမေရိကန်မှာကတော့ တစ်နှစ်ကို ပျှမ်းမျှ $62,000 ရပါတယ်။ (2024 အတွက် လစာပါ)


မက်လောက်စရာလစာပါပဲ။ တခြားခံစားခွင့်တွေကိုလဲ ကိုယ်အလုပ်လုပ်တဲ့ ပြည်နယ်၊ နေရာ၊ ကျောင်း အလိုက်ရပါသေးတယ်။ (ဉပမာ - အသက်အာမခံ၊ ပင်စင်၊ အိမ်ရာပိုင်ဆိုင်ခွင့်၊ ကားပိုင်ဆိုင်ခွင့်)


တိုးတက်ပြီးသား နိုင်ငံကြီးတွေမှာတော့ သံရုံးစာကြည့်တိုက်၊ ပြတိုက်စာကြည့်တိုက်၊ ကုမ္ပဏီစာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်/ကောလိပ် စာကြည့် တိုက်၊ ဆေးရုံစာကြည့်တိုက် စသည်ဖြင့် နေရာအနှံ့အပြားမှာ စာကြည့်တိုက်တွေရှိတာကြောင့် စာကြည့်တိုက်မှူးဆိုတာ ရှားပါးတဲ့အလုပ်အကိုင်တော့ မဟုတ်ပါဘူး။


ဒါ့အပြင် တစ်ဦးတစ်ယောက်ထဲ လုပ်ရတဲ့ အလုပ်မျိုးမဟုတ်ဘဲ စာကြည့်တိုက်မှူးခေါင်းဆောင်၊ စာကြည့်တိုက်မှူးအဖွဲ့၊ စာကြည့်တိုက်မှူးလက်ထောက် စသည်ဖြင့် စာကြည့်တိုက်ကြီးရင်ကြီးသလောက် အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။


ဒီလိုနိုင်ငံကြီးတွေမှာ များသောအားဖြင့်တော့ စာကြည့်တိုက်မှူးရာထူးတွေကို စာပေရေးရာမှာ နှံ့စပ်တဲ့ Library Science Degree ရရှိသူတွေကို အလုပ်ခန့်တာများပါတယ်။


စာကြည့်တိုက်တွေနဲ့ စာကြည့်တိုက်မှူးတွေဆိုတာ ယဉ်ကျေးမှု၊ စာပေတိုးတက်ရေး၊ စာတတ်မြောက်ရေးနဲ့ လူနေမှုအဆင့်အတန်းအတွက် အများကြီးအရေးပါပါတယ်။


မြန်မာနိုင်ငံမှာလဲ စာကြည့်တိုက်နဲ့ စာကြည့်တိုက်မှူးအလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမယ်လို့ မျှော်လင့်နေပါတယ်။ ??


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)