အက္ခရာ - Haruki
အခုဆောင်းပါးလေးကိုတော့ အပြောင်းအလဲလေးဖြစ်သွားအောင် စကားပြေအရေးအသားဖြင့် ရေးသားတင်ဆက်လိုက်ရပါသည်။
မိဘများသည် မိမိသားသမီးများကို အလွန်ပညာထူးချွန်စေချင်သည်။ သို့သော် ထိုမိဘများပင် သားသမီးများကို ပညာမထူးချွန်အောင် ပြန်လုပ်သလို ဖြစ်နေတတ်သည်။
ပထမအမှားမှာ
အသက်ငါးနှစ်မပြည့်သေးဘဲ ကျောင်းအပ်ခြင်းဖြစ်သည်။ ငါးနှစ်အရွယ်မှ နားလည်နိုင်သောစာများကို လေးနှစ်ကျော် ကလေးက နားမလည်နိုင်တော့။ နားမလည်သောအခါ စိတ်မဝင်စားတော့။ စိတ်မဝင်စားသောအခါ ကျောင်းတက်ရတာကို ပျင်းရိလာတတ်သည်။
စိတ်ပညာ နားမလည်သော ဆရာအချို့က ဇွတ်ရိုက်နှက် သင်သောအခါ ပညာရေးကို ကြောက်သွားတတ်သည်။ ထို့ကြောင့် ငါးနှစ် အနည်းဆုံးပြည့်မှ ကျောင်းအပ်သင့်သည်။
ငါးနှစ်ကို လေးငါးလကျော်သွားလျှင်လည်း ဘာမျှမဖြစ်၊ ကလေးဦးနှောက်က ပိုမိုရင့်ကျက်သွားသောကြောင့် တခြားကလေးများထက် စာသင်ရ ပိုလွယ်သည်။ ကျွန်တော်၏သူငယ်ချင်းပြောကြားချက်အရ သူသည် ငါးနှစ်သားအရွယ်ထိ လမ်းမလျှောက်နိုင်သောကြောင့် ကျောင်းတက်ခွင့်မရခဲ့။ ငါးနှစ်နှင့် ရှစ်လကျော်လောက်မှ ကျောင်းစတက်ခွင့်ရသည်။
ကောင်းကျိုးကား ပုံမှန်စာတက်၊ စာကျက်ရုံဖြင့် အတန်းထဲ တွင် အမြဲတမ်း ပထမစွဲခြင်းပေတည်း။ ကျောင်းမှ ဆရာ ဆရာမ ၏ သားသမီးများသည် ကျောင်းထဲတွင် စာအတော်ဆုံး ဖြစ်ရ မည်ဟုခံယူထားဟန်တူသည်။ သူငယ်ချင်းကား ကစားချိန် ကစားသည်။ စာကျက်ချိန် စာကျက်သည်။ သို့သော် စာမေးပွဲယှဉ်ဖြေတိုင်း သူငယ်ချင်းကသာ ပထမရသည်။
အကြောင်းကား ထိုကလေးများသည် ငါးနှစ်မပြည့်ခင် ကျောင်းတက်ပြီး စာရေးသူကား ငါးနှစ်ကို ရှစ်လခန့်ကျော်မှ ကျောင်းတက်ရသောကြောင့်ပေတည်း။ ထို့ကြောင့် မိမိကလေးကို ချမ်းသာလွယ်ကူစွာဖြင့် ပညာထူးချွန်စေချင်လျှင် အနည်းဆုံး ငါးနှစ်တင်းတင်းပြည့်မှ ကျောင်းအပ်ပါ။
ငါးနှစ်ကို လအနည်းငယ် ကျော်သွားသော်လည်း ပညာရေးကိုမထိခိုက်သည့်အပြင် ပို၍ပင် အထောက်အကူဖြစ်ကြောင်း သိထားသင့်သည်။
မိဘများ၏ ဒုတိယအမှားမှာ
ဆယ်တန်းကို ဂုဏ်ထူးများ များနှင့်အောင်လျှင် ဆေးတက္ကသိုလ် ဇွတ်တက်ခိုင်းခြင်းပင် ဖြစ် ၏။ ကလေးက ဝါသနာမပါ။ မိဘက ဇွတ်တက်ခိုင်းသော ကြောင့်သာ တက်ရသည်။ ကြောက်တတ်သော ကျောင်းသားများကား အသုဘကောင် ခွဲစိတ်ခန်းရောက်သည်နှင့် စိတ္တဇ ရောဂါရပြီး ဘဝပျက်သွားကြသည်မှာ မနည်းပေ။
နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် ဆရာဝန်တစ်မျိုးသာ လိုအပ်သည်မဟုတ် ပေ။ ကျောင်းဆရာကောင်းများ၊ စစ်ဗိုလ်ကောင်းများအပြင်၊ အင်ဂျင်နီယာကောင်းများ၊ စာရေးဆရာကောင်းများ များစွာ ဘက်စုံလိုအပ်သည်။
ကျွန်တော်၏ အသိများထဲတွင် ဆရာဝန်ဖြစ်ပြီး အရောင်း အဝယ်လုပ်နေသူတွေ မနည်းပေ။ ကျွန်တော်သိသောဆရာဝန်တစ်ယောက်သည် စက်ပြင်ကိုသာ ဝါသနာပါသည်။ ဆေးကုရသည်ကို လုံးလုံး ဝါသနာမပါ။ သူ၏အခန်းတွင် ချိတ်ထားသည်က (စက်စုံပြင်သည်) ။ တကယ်လည်း စက်မျိုးစုံ ပြင်တတ်သည်။ ပိုက်ဆံ လည်း ပေးသလောက်သာ ယူသည်။ မပေးလည်းရသည်။
သို့သော်လူနာလာလျှင်တော့ သူ့လက်မှတ်ထိုးပြီး လှည်းကူး ဆေးရုံသို့သာ လွှဲလိုက်သည်။ ယခု ထိုဆရာဝန်ပြောင်းသွားသည် မှာ နှစ်အတော်ကြီး ကြာပေပြီ။
ဆရာဝန်ဖြစ်ပြီးမှ ဈေးရောင်းသူ၊ ဆရာဝန်ဖြစ်ပြီးမှ စက်ပြင်သူများသည် အရင်ကတည်းက သူတို့ ဝါသနာပါသော တက္ကသိုလ်များကိုတက်ပြီး ဆေးကျောင်းသား အတွက် ကုန်ကျစရိတ်များကို တကယ်ဝါသနာပါသော ကျောင်းသားများအတွက် ထောက်ပံ့ခဲ့မည်ဆိုလျှင် နိုင်ငံအတွက် မည်မျှအကျိုးရှိလိုက်လေမည်နည်း။
တချို့မိဘများကား စစ်ဗိုလ်ဖြစ်လျှင် နောင်တစ်ချိန် လူကြီး ဖြစ်မည် ဟူသော မျှော်လင့်ချက်ဖြင့် အိမ်မြှောင်အော်သံကိုပင် ကြက်သီးထတတ်သော သားအား စစ်တက္ကသိုလ်ကို ဇွတ်ပို့ကြ ပြန်သည်။
အပင်ပန်းဆုံး၊ အဆင်းရဲဆုံး၊ စီနီယာက ဂျူနီယာကို အနှိပ်စက်ဆုံးတက္ကသိုလ်မှာ စစ်တက္ကသိုလ်ပင်ဖြစ်သည်။ သူတို့ သည် လူသတ်ရမည့်အလုပ် သင်တန်းဖြစ်သောကြောင့် ကြမ်း တမ်းသောစိတ်ကို ငယ်ငယ်ကတည်းက အပြည့်ရိုက်သွင်းပေး ထားကြသည်။
တချို့စိတ်ဆင်းရဲပြီး သင်တန်းဆောင်ပေါ်မှ ခုန်ချသေသူများလည်း မနည်းလှ။ ဗိုလ်သင်တန်းသားတစ်ဦးဆိုလျှင် ခြေစုံရပ်တာ မသေသပ်သောကြောင့်ဟုဆိုကာ စီနီယာဗိုလ်လောင်း ကအရှိုက်ကိုထိုးလိုက်ရာ လူကအားနည်းပြီး စိတ်ဓာတ်ကျနေချိန် ဖြစ်သောကြောင့် အသက်ပါ ပါသွားခဲ့ရသည်။
ဝါသနာပါသူဆိုလျှင် ကိုယ်တိုင်သာ လိုက်အပ်ပေးလိုက်ပါ၊ ဘာမျှကိစ္စမရှိ၊ ဝါသနာပါသော အလုပ်ကိုလုပ်ရလျှင် ပျော်သည်။ ကျန်းမာသည်။ အသက်ရှည်သည်။ လုပ်ငန်းလည်း အောင်မြင်သည်။
ကျွန်တော်သိသောအဘိုးတစ်ယောက်သည် ငယ်ငယ်ကတည်းက စစ်တိုက် ဝါသနာပါသည်။ ဆယ်တန်းအောင်သည်နှင့် သူ့ဖာသာ ဗိုလ် သင်တန်း သွားလျှောက်သည်။ အိမ်က မည်သူမျှ အားမပေး။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များကိုစစ်သားများ ပစ်သတ်ခဲ့သောကြောင့် ပိုလို့တောင်အားမပေး။
သို့သော် သူသည် ဗိုလ်လောင်းသင်တန်းကို တစ်ပြားမှ မကုန်ဘဲ တက်ခွင့်ရသွားသည်။ သည်တော့ သူဗိုလ်ဖြစ်သွားလေပြီ။ ဗိုလ်သင်တန်း ပြီးဆုံးခါမှ ညည်းညူရှာသည်။ သူ မှားသွားပြီတဲ့။ သူ့ရင်ဘတ် တစ်ခုလုံး အညိုအမဲတွေ စွဲနေတော့သည်။
ᏂᏗᏒᏬᏦᎥ ( April 21, 2024 . 8:25 PM )
Keep Reading